နယ်ခြားစောင့်တပ်စခန်းတွေကို စစ်ကောင်စီ မကူညီနိုင်တော့ကြောင်း သုံးသပ်
2024.12.14

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် နောက်ဆုံးကျန်နေတဲ့ မောင်တောမြို့နယ် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ - ၅) ကို ဒီဇင်ဘာ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်ပြီး စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်းအများအပြားကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီနယ်ခြားစောင့်တပ်စခန်း ကျသွားတာဟာ မြန်မာစစ်တပ်ကနေ နယ်ခြားစောင့်တပ်တွေ ဆက်လက်ရပ်တည်နိုင်ဖို့ မထောက်ပံ့နိုင်တော့တာကို ပြသနေတယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန် အမျိုးသားစစ်တက္ကသိုလ်က မြန်မာအရေး လေ့လာသုံးသပ်သူ ဇက်ခါရီ အဘူဇာ (Zachary Abuza) က သုံးသပ်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြန်မာစစ်တပ်ရဲ့ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်စခန်းကို အနိုင်ရလိုက်တာဟာ အာရက္ခတပ်တော် (AA) အတွက် အလွန်အရေးကြီးတဲ့ အောင်ပွဲဖြစ်ပါတယ်။ မြန်မာနိုင်ငံအနှံ့မှာ အလားတူ နယ်ခြားစောင့်တပ်စခန်းတွေ ထောင်နဲ့ချီပြီး ရှိပါတယ်။ မြန်မာစစ်တပ်ဟာ ဒီလိုတပ်စခန်းတွေကနေတဆင့် တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက တပ်စခန်းတွေက တပ်သားတွေအတွက် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်း၊ ဒဏ်ရာရ စစ်သည်တွေအတွက် ဆေးဝါးကုသမှုနဲ့ သောက်သုံးရေကအစ အားလုံးကို ပို့ပေးနေရတာဖြစ်ပါတယ်။ အခုတော့ မြန်မာစစ်တပ်ဟာ ဒီလို တပ်စခန်းတွေကို စစ်ကူပို့ဖို့နဲ့ ဆက်ပြီး ရပ်တည်နိုင်အောင် ထောက်ပံ့နိုင်တဲ့ အခြေအနေ မရှိတော့တာ ညွှန်ပြနေပါတယ်။ အဆိုးဆုံးကတော့ တပ်သားတွေ တပ်စခန်းထဲမှာ လနဲ့ချီပြီး ပိတ်မိနေပြီး၊ စစ်ကူနဲ့ ရိက္ခာတွေ ရောက်မလာလို့ ဒုက္ခရောက်နေကြတဲ့ ဗီဒီယိုတွေ ပေါ်ထွက်လာတာဟာ တပ်သားအားလုံးကို စိတ်ဓာတ်ရေးရာ ထိခိုက်စေပါတယ်။ ဌာနချုပ်က စစ်ခေါင်းဆောင်တွေ သူတို့ကို ပစ်ပယ်လိုက်ပြီဆိုတာ ထင်ရှားသွားတဲ့အတွက် ငါတို့ ဘာအတွက် စစ်ဆက်တိုက်နေမှာလဲဆိုတဲ့ သံသယဝင်လာစေပါတယ်”
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က အမှတ် (၅) နယ်ခြားစောင့်တပ် စခန်းမှာ စစ်သည်အင်အား ၇၀၀ လောက်ရှိပြီး အဲဒီအထဲက ၄၅၀ လောက်ကျဆုံးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒီလို တပ်သားအမြောက်အများ ကျဆုံးပြီး အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် တပ်သားအမြောက်အများ သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရတဲ့ အကျိုးဆက်က ရခိုင်ပြည်နယ် အခြားဒေသတွေက တိုက်ပွဲတွေအတွက် ရွှေ့ပြောင်းအသုံးချဖို့ လူအင်အားမရှိတော့တဲ့အပြင် စစ်မှုထမ်းဥပဒေနဲ့ အလျင်စလို သင်တန်းပေးပြီး စစ်မြေပြင်ကို ပို့လိုက်တဲ့ တပ်သားသစ်တွေကိုလည်း အားကိုးလို့ မရနိုင်တာ ပြသနေတယ်လို့ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့တော့ ပြည်နယ်မြို့တော် စစ်တွေနဲ့ တရုတ်စီမံကိန်းတွေ တည်ရှိတဲ့ ကျောက်ဖြူမြို့ကို ဝင်ရောက်သိမ်းပိုက်တာမျိုး မလုပ်ဘဲ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ အခြေစိုက်ပြီး အင်အားပိုတောင့်တင်းလာအောင် ကြိုးစားနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
“AA အနေနဲ့တော့ ရခိုင်ပြည်နယ်တွင်းမှာ အင်အားပိုကောင်းလာအောင် စုစည်းဖို့ အရေးကြီးနေပါတယ်။ သူတို့ရဲ့ နိုင်ငံရေးနဲ့ အရပ်ဘက်လုပ်ငန်းတွေကို အားစိုက်ဖို့ လိုနေပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လူဦးရေ တော်တော်များများက လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပါတယ်။ အကူအညီပေးရေးအဖွဲ့တွေကို ဝင်ခွင့်မပေးတဲ့အတွက် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံလာရနိုင်ပါတယ်။ ဒီကိစ္စအတွက် ဘယ်လို ဆုံးဖြတ်မလဲဆိုတာ AA အတွက် ဦးစားပေး ဖြစ်လာမှာပါ။ AA ဟာ တရုတ်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းရှိတဲ့ ကျောက်ဖြူကို သိမ်းပိုက်မှာ မဟုတ်ပါဘူး။ တရုတ်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကြေးစားတပ်တွေ ချထားဖို့ ပြောနေတာ ရှိပါတယ်။ နောက်ပြီး AA ဟာ စစ်တွေကို သိမ်းပိုက်ဖို့လည်း ဖြစ်နိုင်ခြေနည်းပါတယ်။ AA ဟာ စစ်တွေကို သိမ်းနိုင်ဖို့ ရပ်ကွက်တစ်ခုချင်း Street-to-Street တိုက်ပွဲမျိုး တိုက်ဖို့ လိုလားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ AA ဟာ စစ်တွေကို ဝိုင်းထားပြီး လူအဝင်အထွက်နဲ့ ကုန်ပစ္စည်းပို့တဲ့ လမ်းတွေကို ဖြတ်တောက်ဖို့ ဆက်လုပ်နိုင်ပါတယ်”
ဆက်နွှယ်သောသတင်းများ
မောင်တောကို AA သိမ်းပိုက်ပြီးနောက် စစ်ခေါင်းဆောင်ကို တပ်ထောက်ခံသူတွေ ဝေဖန်
ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးထား
မောင်တော အမှတ် (၅ ) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကို AA သိမ်းပိုက်
ရှေ့ဆက်ပြီး ရခိုင်ပြည်နယ်မှာ AA တပ်တွေ အင်အားစုစည်းနိုင်ရင် မြန်မာနိုင်ငံအရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ်ဒေသလိုပဲ မြန်မာပြည်မက တော်လှန်ရေးအင်အားစုတွေကို လက်ခံပြီး စစ်ရေးလေ့ကျင့်သင်ကြားပေးတဲ့ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာနိုင်တယ်လို့ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။
စစ်ကောင်စီအနေနဲ့ကတော့ လက်ရှိအချိန်မှာ စစ်မျက်နှာ အနည်းဆုံး ခြောက်ခုလောက်အထိ ဖွင့်ပြီး တိုက်နေရတဲ့အတွက် တိုင်းရင်းသားဒေသ အားလုံးကို လက်လွှတ်ထားရကြောင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းက ကာကွယ်ရေးအဖွဲ့တွေကို နှိမ်နှင်းနိုင်ဖို့ ဦစားပေးနေတဲ့ကြောင်း၊ နောင်တစ်ချိန် အင်အားပြန်ကောင်းလာတဲ့ အချိန်ရောက်မှာ လက်လွှတ်လိုက်ရတဲ့ တိုင်းရင်းသားဒေသတွေကို ပြန်လည်သိမ်းယူဖို့ ကြိုးစားနိုင်ခြေရှိတယ်လို့ ပါမောက္ခ ဇက်ခါရီ အဘူဇာက သုံးသပ်ပါတယ်။