စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်မှု ပိုများလာ

RFA Burmese
2024.03.21
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကန့်ကွက်မှု ပိုများလာ စစ်မှုထမ်းဥပဒေ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ ကျောင်းသားလူငယ်များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့စဉ်။
Yangon Revolution Force - YRF

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းမှာ မတ်လ ၁၂ ရက်နေ့ကစလို့ စစ်သားစုဆောင်းတဲ့ ကိစ္စကို လက်တွေ့လုပ်ဆောင်လာချိန်မှာပဲ ဒီလုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်မှု၊ တိုက်ခိုက်မှုတွေ အခုရက်ပိုင်း အတွင်း ပိုများလာပါတယ်။

လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့မှာ မတ်လ ၁၇ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ Yangon Revolution Force – YRF ၊ ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဝင် လူငယ်တွေပေါင်းပြီး စစ်မှုထမ်းစာရင်းကောက်ယူမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ် ကျေးရွာတွေမှာလည်း ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လာပါတယ်။

မန္တလေးနဲ့ မကွေးတိုင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တွေကလည်း ပြည်သူတွေကို စစ်မှုထမ်းခိုင်းဖို့ အဓမ္မလုပ်ဆောင်နေသူအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်အရေးယူသွားမယ့် အကြောင်း မတ်လ ၁၇ ရက်၊ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ဆက်တိုက်ထုတ်ပြန်သတိပေးလာပါတယ်။

"ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ ပြန်အသုံးချဖို့ဆိုတာကြီးက ကျွန်တော်တို့ လက်ခံနိုင်စရာ မရှိဘူး။ ငြိမ်ခံနေစရာ အကြောင်းမရှိဘူး”

ရှမ်းပြည်နယ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နယ်မြေမှာလည်း စစ်ကောင်စီအတွက် အဓမ္မ တပ်သားစုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူသွားမယ်လို့ TNLA က မတ်လ ၁၉ ရက်နေ့ က ထုတ်ပြန်သတိပေးခဲ့ပါတယ်။

စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေ အသက်ဝင်အောင် အပြင်းအထန် ကြိုးစားနေတဲ့ စစ်ကောင်စီထောက်တိုင်တွေကို အဓိကရည်ရွယ် သတိပေးတာလို့ မန္တလေးအခြေစိုက် အောင်စည်တော်စစ်ဆင်ရေး (AST-MDY) အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အဓိကရည်ရွယ်ချက်ကတော့ စစ်ကောင်စီအလိုကျ စစ်မှုထမ်းဥပဒေအသက်ဝင်အောင် အပြင်းအထန်ကြိုးစားနေတဲ့ စစ်ကောင်စီထောက်တိုင်တွေ၊ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီ နာမည်ကို လက်တစ်လုံးခြားလုပ်ပြီး ပြည်သူတွေအပေါ် အမြတ်ထုတ်နေတဲ့လူတစ်စုကို အဓိက ရည်ရွယ်ပါတယ်”

မတ်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာတော့ မကွေးတိုင်း စလင်းမြို့နယ်၊ ပုခက်တိုင်ရွာက စစ်မှုထမ်းကိစ္စ လက်တွေ့လုပ်ဆောင်နေတဲ့ အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထူးနဲ့ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာက အုပ်ချုပ်ရေးမှူး ဦးမောင်ပု တို့ ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးကို ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တာလို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၂၀ ရက်နေ့မှာလည်း မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာက အသက် ၅၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းခိုင်နဲ့ အသက် ၄၀ အရွယ် ရပ်ကျေးစာရေး ဦးစန်းနိုင် တို့ ရေနံ ချောင်းမြို့ကို စစ်မှုထမ်းစာရင်းသွားပို့ပြီးအပြန်မှာ ပစ်သတ်ခံလိုက်ရပါတယ်။

အဓမ္မစစ်မှုထမ်းခိုင်းတဲ့ ကိစ္စဟာ ပြည်သူအချင်းချင်း ပြန်သတ်ခိုင်းတာဖြစ်လို့ လက်မခံနိုင်ဘူးလို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူ က ပြောပါတယ်။

“မတရားစစ်မှုထမ်းခိုင်းတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်တာကိုက ကျွန်တော်တို့ ပြည်သူအချင်းချင်း ပြန်သတ်ဖြတ်စေဖို့ရယ်၊ ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေမှာ ပြန်အသုံးချဖို့ဆိုတာကြီးက ဒါကျွန်တော်တို့ လက်ခံနိုင်စရာ မရှိဘူး။ ငြိမ်ခံနေစရာ အကြောင်းမရှိဘူး”

စစ်မှုထမ်းဥပဒေဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အားကောင်းအောင် ဆက်လုပ်မှာဖြစ်သလို စစ်မှုမထမ်းလိုတဲ့ လူငယ်တွေအတွက် ဥပဒေကိုရှောင်တိမ်းနိုင်မယ့် နည်းလမ်းပေါင်းစုံကိုလည်း ရှာဖွေကူညီသွားမယ်လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့မှာတော့ မတ်လ ၁၇ ရက်နေ့ နေလယ်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ စစ်မှုထမ်းဥပဒေအရ စစ်သားသစ်စုဆောင်းဖို့ အစည်းအဝေးလုပ်နေစဉ် ကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့ပါတယ်။ သေဆုံးထိခိုက်အရေအတွက်ကိုတော့ အတိအကျ မသိရဘူးလို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ရေဦးမြို့က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့နဲ့ ရွာတွေကနေ မြို့ပေါ်တက် ဈေးရောင်း ဈေးဝယ်လုပ်ကြတဲ့ လူငယ်တွေကို ခေါ်ယူစုဆောင်းပြီး စစ်မှုထမ်းခိုင်းမယ့်ကိစ္စတွေ ဆွေးနွေးနေခဲ့တာလို့ ရေဦးဒေသခံတစ်ဦးက မတ်လ ၂၀ ရက်နေ့က က RFA ကို ပြောပါတယ်။

“အစည်းအဝေးမှာ မြို့ပေါ်ရပ်ကွက်တွေက တစ်ရပ်ကွက်ကို ၁၁ ယောက် စစ်သားစုဆောင်းပေးရမယ်။ ပြီးတော့ ရပ်ကွက်တွေထဲမှာ လှည့်ပြီးတော့ အိမ်ထောင်စုစာရင်းတွေ ရှိတယ်လေ၊ အဲဒီအိမ်ထောင်စုစာရင်းတွေထဲက အသက်အရွယ်မီတဲ့ ပုဂ္ဂိုလ်တွေကို ဘယ်မှာနေနေ ပြန်ခေါ်ပါပေါ့။ စစ်မှုထမ်းရမယ်ဆိုပြီးတော့ အိမ်မှာရှိတဲ့ မိဘတွေကို လက်မှတ်ထိုးခိုင်းတာပေါ့”

ရေဦးမြို့နယ်မှာ မြို့ပေါ်အုပ်ချုပ်ရေးမှာပဲ စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှု ရှိနေတာကြောင့် မြို့ခံလူထုထံကနေ အသက်ပြည့်တဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ အတင်းအကျပ် လုပ်ဆောင်နေတာလို့လည်း သူက ဆိုပါတယ်။

စစ်တပ်က လူငယ်တွေကိုအသုံးချပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်ဖို့ ကြိုးစားလာတာကို လက်မခံနိုင်ဘူး လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတင်းနဲ့ပြန်ကြားရေးကော်မတီဝင် မခင်နီ က RFA ကို ပြောပါတယ်။

“ဒီလိုမျိုးလူငယ်တွေကို စစ်ကျွန်ပြုဖို့အတွက် သူတို့က အနုနည်းနဲ့ ဝါဒဖြန့်ပြီးစည်းရုံးလိုက်၊ အကြောက်တရား ရိုက်သွင်းလိုက်နဲ့ အင်တိုက်အားတိုက် လုပ်နေကြတယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ အခုလိုမျိုး စစ်ကျွန် စုဆောင်းလာတဲ့ဟာမျိုးကို လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး”

ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ စစ်သားစုဆောင်းမှုကို လက်မခံဘဲ ရရာနည်းနဲ့ တွန်းလှန်ဖို့၊ လွတ်မြောက်ရာ နည်းလမ်းတွေကို ကြိုးစားရှာဖွေကြဖို့လည်း ရန်ကုန်မြို့က ဆန္ဒပြခဲ့တဲ့အဖွဲ့အစည်းတွေက တိုက်ထွန်းထားပါတယ်။

ဒီအခြေအနေအတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းမှုကို လက်မခံနိုင်လို့ တိမ်းရှောင်တာ၊ ပြည်ပကို ထွက်ခွာတာ စတဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်တာတွေရှိလာပြီး အာဏာပိုင်တွေဘက်ကလည်း ကျန်ရှိတဲ့ မိဘတွေကို ဖိအားပေးတာတွေ လုပ်ဆောင်လာတယ်လို့ ကိုယ်တွေ့ကြုံခဲ့သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မဲနှိုက်ရွေးချယ်ခံရသူတချို့ စစ်မှုမထမ်းချင်တာကြောင့် တိမ်းရှောင်နေတဲ့အပေါ် မိသားစုကို ဖမ်းဆီးအရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာတော့ စစ်မှုထမ်းရမယ့်သူစာရင်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုခိုင်းနေတာကြောင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၂၁ ဦး မတ်လ ၁၈ ရက်နေ့က နုတ်ထွက်စာတင်ခဲ့ကြပါတယ်။

ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ် ရေတွင်းချောင်ရွာက လူငယ်တစ်ဦးကတော့ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုထမ်းဥပဒေကို ရှောင်လွှဲနိုင်တဲ့ နည်းလမ်းပေါင်းစုံရှိတာကြောင့် ကိုယ့်အသက်ကို အဆုံးရှုံးခံတာဟာ မှန်ကန်တဲ့နည်းလမ်းဟုတ်ဘဲ တခြားနည်းလမ်းတွေကိုသာ ရွေးချယ်စဉ်းစားသင့်တယ်လို့ နိုင်ငံရေး အကဲခတ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်မှုထမ်းဥပဒေကို ပြည်သူလူထုက နည်းမျိုးစုံနဲ့ တုံ့ပြန်မှာဖြစ်သလို ဖိနှိပ်မှုတွေကလည်း ဆက်ရှိနေမှာကြောင့် ထိခိုက်နစ်နာမှုတွေ ပိုများလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က ပြောပါ တယ်။

“ဒီကာလမျိုးမှာ တုံ့ပြန်မှုကပိုပြီးတော့ ပြင်းထန်နိုင်တယ်။ နဂိုကတည်းကလည်း ငြိမ်သက်နေတဲ့ကာလ မဟုတ်ဘူး၊ ဆန့်ကျင်နေတဲ့ကာလဖြစ်တဲ့အတွက် မျှော်မှန်းထားလို့မရနိုင်တဲ့ ပုံစံမျိုးတွေနဲ့ တုံ့ပြန်မှုတွေ ထွက်လာလိမ့်မယ်။ ထွက်လာတဲ့အချိန်မှာ တစ်ဖက်ကလည်း ပြန်ဖိနှိပ်တဲ့ဟာမျိုးကလည်း ပုံစံမျိုးစုံနဲ့ ရောက်လာမှာ အဲဒီသဘောရှိတယ်။ အဲဒီတော့ ဒီဟာကနေ ဘယ်လောက်ထိဖြစ်လာနိုင်လဲဆိုတော့ အဆိုးဆုံးထိ ဖြစ်သွားနိုင်တယ်။ ထိခိုက်နစ်နာမှုကလည်း များလိမ့်မယ်”

ပြည်သူလူထုဆန္ဒမပါပဲ နိုင်ငံရေးအရအကျိုးအမြတ်ရဖို့ ဆောင်ရွက်ခဲ့တဲ့ ဒီစစ်မှုထမ်းဥပဒေကြောင့် နောက်ဆက်တွဲ ကိစ္စတွေက ကောင်းမွန်နိုင်စရာ မရှိဘူးလို့ သူက ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်တွင် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းနှင့် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ "မတရား စစ်မှုထမ်း ဥပဒေ ဆန့်ကျင်ကန့်ကွက်ပွဲ" ကို ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ)
ဆားလင်းကြီးမြို့နယ်တွင် တော်လှန်ပုန်ကန်ဒေါင်းတို့အားမာန် သပိတ်စစ်ကြောင်းနှင့် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ "မတရား စစ်မှုထမ်း ဥပဒေ ဆန့်ကျင်ကန့်ကွက်ပွဲ" ကို ၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ - ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီ)

ပြည်သူ့စစ်မှုထမ်းဥပဒေကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့အပေါ် စစ်ကောင်စီရဲ့ သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။ မြဝတီနဲ့ MRTV အပါအဝင် စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး ပြည်ပမီဒီယာတွေက သတင်းတု၊ သတင်းအမှားတွေ ထုတ်လွှင့်နေကြောင်း နေ့စဉ်နီးပါး ဖော်ပြနေပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ လာမယ့် ဧပြီလကစပြီး လူငါးထောင် တစ်သုတ်နှုန်းနဲ့ လစဉ်ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သတိပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ကတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်ရေး လက်မှတ်ထိုး လူထုလှုပ်ရှားမှု လုပ်မယ့်အကြောင်း မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီလက်မှတ်တွေကို နိုင်ငံတကာအစိုးရ၊ အာဆီယံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေထံကို ပေးပို့ပြီး စစ်ကောင်စီကို ဖိအားပေး၊ အရေးယူနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။