စစ်ကောင်စီတပ်ကြောင့် မေလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၂၉ ဦး သေဆုံး

RFA Burmese
2023.06.07
စစ်ကောင်စီတပ်ကြောင့် မေလအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီး ၂၉ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

၂၀၂၃ ခုနှစ်၊ မေလ တစ်လတည်းမှာ စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၂၉ ဦး သေဆုံးခဲ့တယ်လို့ Burmese Women's Union မြန်မာ့အမျိုးသမီးများသမဂ္ဂက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ စစ်ကိုင်း၊ ပဲခူး၊ မန္တလေးတိုင်းတွေနဲ့ ကယားပြည်နယ်က ဖြစ်ပါတယ်။ သူတို့ထဲမှာ အဖမ်းခံရပြီးတော့မှ သတ်ဖြတ်ခံရတဲ့သူတွေပါသလို၊ လေကြောင်းကနေ တိုက်တဲ့အချိန်နဲ့ လက်နက်ကြီးစတွေ မှန်ပြီး သေဆုံးရတာလို့ ဖော်ပြပါတယ်။

တော်လှန်ရေးမှာပါနေတဲ့ အမျိုးသမီးတွေကို ပိုပြီး ဖိနှိပ်၊ ဖမ်းဆီးတာမျိုးတွေ လုပ်လာတယ်လို့ BWU ရဲ့ တွဲဖက်အတွင်းရေးမှူး(၁) မဇူးပဒုမ္မာက RFA ကို ပြောပါတယ်။

“ဒီ ၂၉ ဦးဆိုတာက ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးလို့သော်လည်းကောင်း၊ ဝင်ရောက်စီးနင်းလို့ သော်လည်းကောင်း ဒီမေလအတွင်းမှာ သေဆုံးသွားတဲ့အမျိုးသမီးဦးရေဖြစ်ပါတယ်။ စစ်ကောင်စီရဲ့လုပ်ရပ် ကတော့ အမျိုးသမီး၊ အမျိုးသားဆိုပြီးတော့မခွဲခြားဘဲ အခု နောက်ပိုင်းမှာ ကျွန်မတို့သတိထားမိလာတာက အမျိုးသမီးတွေပိုပြီး ပစ်မှတ်ထားလာ တာ တွေ့ရတယ်။ အရင်ကတော့ အမျိုးသမီးတွေက အားနွဲ့တယ်။ ဘာဖြစ်တယ်ဆိုပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွှယ်တာမျိုး မလုပ် လောက်ဘူးဆိုတဲ့ အတွေးမျိုး ရှိခဲ့တယ်။ အခုနောက်ပိုင်းမှာတော့ ထောက်ပို့သော် လည်းကောင်း၊ ရှေ့တန်းမြေပြင်တိုက်ပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက တစ်စိတ် တစ်ဒေသအဖြစ် အများကြီးပါဝင်လာတဲ့အခါ အမျိုးသမီးတွေကို ပိုပြီးပစ်မှတ်ထားလာ တာရှိတယ်”

ဒီလိုနှိပ်စက်သတ်ဖြတ်ခံရတာတွေအတွက် အမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး လုပ်ဆောင်နေတယ်လို့ပြောပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသမီး ၂၉ ဦးထဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘယ်လောက်ပါလဲလို့  RFA က စာရင်း တောင်းတဲ့အခါ လုံခြုံရေးအရ ပြောဖို့ခက်သေးတယ်လို့ ဆိုပါတယ်။

၂၉ ဦးအထဲ ၁၄ ဦးက မီးရှို့အသတ်ခံရပြီး၊ ၈ ဦးက လေကြောင်းကနေ တိုက်ခိုက်ခံရ လို့သေဆုံးရသလို၊ ၆ ဦးက ပစ်သတ်ခံခဲ့ရတာနဲ့ တစ်ဦးကတော့ လက်နက်ကြီးစထိလို့ သေဆုံးခဲ့ရတာလို့ BWU က ဆိုပါတယ်။

"ရှေ့တန်းမြေပြင်တိုက်ပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုက တစ်စိတ်တစ်ဒေသအဖြစ် အများကြီးပါဝင်လာတဲ့အခါ အမျိုးသမီးတွေကို ပိုပြီးပစ်မှတ်ထားလာတာရှိတယ်”

မေလ ၂ ရက်နေ့က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က ကျွဲလမ်းရွာမှာနေတဲ့ အသက် ၂၂ နှစ် အရွယ် မစုလှိုင်အေးဟာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ သေဆုံးရတဲ့ အကြောင်း လုံခြုံရေးအရ အမည်မပြောလိုတဲ့ သူ့မိတ်ဆွေတစ်ဦးက ပြန်ပြောပြပါတယ်။

“သူ့အိမ်နောက်ဖေးမီးဖိုချောင်မှာ သနပ်ခါးလိမ်းနေတာ။ သူ့အမေကို သူကပြောနေတာ။ ဒီလေယာဉ် တွေက မိုင်းကျဲတဲ့ လေယာဉ်တွေဆိုပြီး အဲလိုပြောနေတဲ့အချိန်မှာပဲ လေယာဉ်က ဗုံးကြဲချတော့ အိမ်နောက်ဘက်ကို ကျပြီးကွဲတော့ အစမှန်သွားတာ၊ အစမှန်သွားတော့ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သေသွားတယ်”

မေလ ၂၆ ရက်ကလည်း မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက မိဖုရားရွာ မှာနေတဲ့ အသက် ၃၅ နှစ် အရွယ် မခင်အေးပိုဟာ ရွာထဲဝင်လာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။

သူ့အိမ်နားမှာပဲ လက်နက်ကြီးကျခဲ့လို့ ဦးခေါင်းကိုထိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မပြောလိုတဲ့ ဆွေမျိုးတစ်ဦးက RFA ကို ပြောပါတယ်။

“အနောက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်လိုက်တာဗျ။ လျှပ်တစ်ပြက်ဆိုတော့ အထုပ်အပိုးလေးတွေနဲ့ ထွက်ပြေးအလာမှာ သူ့ရဲ့ ခုနစ်ပေအကွာမှာလာကျတာ။ လာကျတဲ့အချိန်မှာ သူ့ရဲ့နားအစပ်ကနေ နဖူးအထိ မှန်သွားတယ်ဗျ။ မျက်စိတစ်မှိတ် အတွင်း စကားပြောချိန်တောင် မရလိုက်ပါဘူး။ သူ့အိမ် အထွက် ပေတစ်ရာလောက်ပဲ ရှိဦး မယ်။ သူ့ရဲ့သားသမီးလေးတွေကို စောင့်ရှောက်ပေးနေရတယ်။ သားသမီးက မောင်နှမနှစ်ယောက်ရှိတယ်။ အငယ်ဆုံးလေးက ခြောက်လနဲ့ ဆယ့်ငါးရက်၊ အကြီးဆုံးလေးက လေးနှစ်နဲ့ ရှစ်လရှိပြီဗျ”

မခင်အေးပိုဟာ မိသားစုအားထားရတဲ့သူဖြစ်တာကြောင့် သူ သေဆုံးရတဲ့အတွက် မိသားစုစားဝတ်နေရေး ခက်သွားတယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် Danger Force LPDF စခန်းတွင် အမျိုးသမီးတစ်ဦးအသတ်ခံရပြီး စခန်းနှင့်အတူ မီးရှို့ခံရသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Danger Force LPDF)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် Danger Force LPDF စခန်းတွင် အမျိုးသမီးတစ်ဦးအသတ်ခံရပြီး စခန်းနှင့်အတူ မီးရှို့ခံရသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Danger Force LPDF)

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး မနန်းမို့မို့ကတော့ စစ်ကောင်စီ တပ်ရဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုအရေးယူဖို့ နိုင်ငံတကာအဖွဲ့အစည်း တွေက လျစ်လျူရှုနေတယ်လို့ ထောက်ပြပါတယ်။

“Justice and Accountability ပေါ့နော်။ နိုင်ငံတကာရဲ့ တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ယန္တရားတွေနဲ့ ထိရောက်စွာအပြစ်ပေး အရေးယူလို့ရတယ်။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံမှာ ဒီနေ့ဒီအချိန် အထိ နိုင်ငံတကာအနေနဲ့ ဒီလိုမျိုးစစ်ရာဇဝတ်မှုတွေ၊ လူသားပြစ်မှုတွေကို ကျူးလွန်နေတဲ့စစ်တပ်ကို ထိရောက်တဲ့အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်နေတာ မတွေ့ရသေးဘူး”

မြန်မာနိုင်ငံက အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေဟာ စစ်ပွဲအတွင်း သတ်ဖြတ်ခံနေရတာကြောင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အမျိုးသမီးနဲ့ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိသေး ပါဘူး။

အမျိုးသမီးတွေအပေါ် စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ သတ်ဖြတ်မှုတွေကို စနစ်တကျ မှတ်တမ်း ကောက်ယူပြီး ကုလသမဂ္ဂကနေ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးက RFA ကို ၂၀၂၃ ခုနှစ်၊ မတ်လ အတွင်းက ပြောပါတယ်။

အမျိုးသမီးတွေသေဆုံးရတာနဲ့ ပတ်သက်လို့ အရင်စစ်အစိုးရခေတ်တွေကတည်းက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆို မယ့်သူမရှိခဲ့ပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်မေလအထိ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် အတွင်းမှာ အမျိုးသမီး ၅၄၂ ဦးသေဆုံးခဲ့ပြီး ၃၅၁၇ ဦးအဖမ်းခံရသလို၊ ထောင်ဒဏ်ချမှတ်ခံရတဲ့သူ ၈၅၉ ဦးအထိရှိလာပြီလို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ မေလအတွင်းမှာပဲ နိုင်ငံတစ်ဝန်းဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၄၄ ဦးအထိရှိပြီး သူတို့ဟာ စစ်ကောင်စီ တပ်ရဲ့ သံသယကြောင့် ဖမ်းဆီးခံရတာရှိသလို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ အရေး အသားတွေကြောင့်လည်း ဖမ်းဆီး ခံခဲ့ရတာလို့ BWU က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။