ကချင်တိုက်ပွဲ ကိုးလရှိလာပြီး လက်ရှိအထိ တိုက်ပွဲဆက်ပြင်းထန်နေ

RFA Burmese
2024.09.27
ကချင်တိုက်ပွဲ ကိုးလရှိလာပြီး လက်ရှိအထိ တိုက်ပွဲဆက်ပြင်းထန်နေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ‌ရှေ့တန်းတစ်နေရာတွင် တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် နှစ်စကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာ ကိုးလရှိလာပြီ ဖြစ်ပါတယ်။

RFA ကပြုစုထားတဲ့စာရင်းအရ တိုက်ပွဲကိုးလအတွင်း ကချင်ပြည်နယ်ထဲက မြို့ခုနစ်မြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁၂၄ ဦး သေဆုံးခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း KIA ကလည်း မြို့ရှစ်မြို့နဲ့ စစ်ကောင်စီ တပ်စခန်းပေါင်း ၂၂၀ ကျော်ကို သိမ်းယူထားပါတယ်။

“မိုးမောက်မြို့ကိုလည်း စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် နေရပ် ပြန်မရသေးပါဘူး”

ဒီနေ့အထိလည်း မိုးမောက်နဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး ချီဖွေမြို့နယ်မှာလည်း စစ်ရေး တင်းမာနေတယ်လို့ KIA နဲ့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၇ ရက်နေ့ကနေ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲ စစ်ကောင်စီက လေကြောင်းတွေနဲ့ ပစ်နေတုန်းပဲ။ လက်နက်ကြီးတွေ ပစ်နေတုန်းပဲပေါ့နော်။ အဲဒီလို အခြေအနေရှိတယ်။ ပြီးရင် ဒီပတ်ပတ်လည်က စခန်းတွေက ဒီ KIA/PDF အဖွဲ့က သိမ်းပိုက်ထားပြီပေါ့နော်။ ဖားကန့် အဝင်အထွက်လမ်းတွေလည်း အကုန် ထိန်းချုပ်ထားပြီဆိုတော့ စစ်ကောင်စီ ထောက်ပို့ဆိုလို့ရှိရင် လေကြောင်းတစ်ခုပဲ ထောက်ပို့လုပ်နိုင်တာပေါ့နော်။ မြို့ထဲမှာလည်း စစ်ကြောင်းထိုးတာတွေ မလုပ်ရဲတော့ဘူးပေါ့။ ဖားကန့်အနီးတစ်ဝိုက်က KIA/PDF တွေစခန်းသိမ်းတော့ အဲဒီအနီးတစ်ဝိုက်ကနေ ထွက်ပြေးလာတဲ့ ဒီတပ်မကုန်းမှာ စုနေတာပေါ့။ အဲဒီတပ်မကုန်းမှာစုနေတဲ့ စစ်ကောင်စီတွေကို စစ်ကြောင်းထိုးခိုင်းတာပေါ့။ စစ်ကြောင်းထိုးတော့ စစ်ပွဲပြန်ဖြစ်တာပေါ့နော်”

ဖားကန့်မြို့ ဆိုင်းတောင် (ဆိပ်မူ) ရွာက Lucky Man ဟိုတယ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ တစ်ဘက်ကမ်း ယူမာရွာက ကျောက်စိမ်းရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ PDF တွေ တိုက်နေတာလို့ ဆိုပါတယ်။

Lucky Man ဟိုတယ်ရှေ့က တိုက်အမြင့် အဆောက်အအုံတွေမှာ စစ်ကောင်စီတပ်က နေရာယူထားတာတာကြောင့် စခန်းသိမ်းနိုင်ဖို့ ခက်ခဲနေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖားကန့်က ကျောက်စိမ်း လုပ်ကွက်တချို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှာ စိုးရိမ်တာကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းထားကြတယ်လို့ ဆိုပါတယ်။

“သယံဇာတဝင်ငွေ ရရှိနေတဲ့ဒေသတွေမှာ တိုက်ပွဲပိုဖြစ်နေတာ တွေ့ရပြီး တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်ပါတယ်”

တိုက်ပွဲအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဖားကန့်ဒေသခံ သုံးဆယ်ကျော် သေဆုံးခဲ့ပြီး ဖားကန့်မြို့ပေါ်နဲ့ ကျေးရွာတွေက ပြည်သူ ငါးသောင်းကျော်လည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးမောက်မြို့ကိုလည်း စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် နေရပ် ပြန်မရသေးဘူးလို့ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ မိုးမောက်မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“စားဖို့ သောက်ဖို့ နေဖို့တွေ တချို့ဆိုရင် ဆေးဖိုးဝါးခ အရမ်း အဆင်မပြေတဲ့ဟာတွေ တော်တော်များများ ရှိလာပြီ။ အခု အခြေအနေတိုင်းဆိုရင်တော့ ပြန်လာနေလို့လည်း မရသေးဘူး။ ဘာလို့လဲဆို စစ်ရဲ့ဦးတည်ရာကလည်း အဲဒီဘက်ပဲ ရှိနေတယ်ဆိုတော့ နေ့စဥ်နဲ့အမျှလည်း တိုက်နေတာဆိုတော့ ကျွန်မတို့က လုံးဝ လာလို့မရသေးဘူးပေါ့။ တစ်ယောက် နှစ်ယောက်ပဲ သွားလို့ရှိရင်တောင် ဒရုန်းတွေ ဘာတွေ ကြောက်ရသေးတယ်။ စစ်မြေပြင်လို့ ပြောလို့ရသေးတာပေါ့ မိုးမောက်က”

မိုးမောက် မြို့သိမ်းတိုက်ပွဲအတွင်း ဒေသခံအချို့သေဆုံးခဲ့ပြီး နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးခဲ့သလို မြို့ပေါ်နဲ့ အနီးအနားရွာတွေက ဒေသခံငါးထောင်ခန့်လည်း ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

မိုးမောက်မြို့ဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကိုသွားဖို့ အရေးပါတဲ့မြို့ဖြစ်ပြီး မြေရှားသတ္တု ထွက်တဲ့ဒေသလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

ဖားကန့်ကို စစ်ကောင်စီ အပြင်းအထန် ခုခံကာကွယ်နေ

ဖားကန့်ကျောက်စိမ်းမှော် နေရာအများအပြား KIA ထိန်းချုပ်

မှန်ကန်တဲ့ ဆွေးနွေးရေးလမ်းကြောင်းရှိလာရင် တွေ့ဆုံဆွေးနွေးမယ်လို့ KIO ဥက္ကဋ္ဌပြော


ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း မိုးမောက်နဲ့ ဖားကန့်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ RFA ကို ပြောပါတယ်။

“မိုးမောက်နဲ့ ဗန်းမော်ကြားမှာကတော့ တိုက်ပွဲက နေ့တိုင်းဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်နေ့ကစပြီး နေ့တိုင်း ဖြစ်ပါတယ်။ လေကြောင်းနဲ့ပစ်တာ၊ နောက်မြေပြင်ကနေလည်း ထိုးတယ်။ သံချပ်ကာ ကားတွေနဲ့လည်း ထိုးတာ။ ခမရ (၄၃၇) ကျသွားတဲ့နောက် သုံးရက်ပဲနားပြီး ပြန်တိုက်တာဆိုတော့ အဲဒီကိုပြန်ရအောင်တော့ ကြိုးစားတဲ့သဘောတော့ရှိတယ်။ ဖားကန့်ဘက်မှာလည်း တိုက်ပွဲက ဆက်ရှိပါတယ်။ အဓိက ကတော့ အဲဒီဆိုင်းတောင် Lucky Man ဟိုတယ်မှာရှိနေတဲ့ စစ်ကြောင်းတွေက မထွက်ဘူးနော်။ သူတို့မထွက်မချင်းတော့ တိုက်ပွဲကတော့ ဆက်ရှိမှာပါ”

KIA အနေနဲ့ စီးပွားရေး နယ်မြေဖြစ်တဲ့ ဖားကန့်မြို့မှာ သွားလာလို့ ရတဲ့နယ်မြေတွေ ပိုပြီးကျယ်လာပြီလို့လည်း ဆိုပါတယ်။

ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေရှိတဲ့ ချီဖွေမြို့နယ် ပန်ဝါမြို့မှာလည်း လူသစ် စုဆောင်းမှုတွေရှိနေပြီး တပ်စခန်းတွေ ခိုင်လုံမှုရှိအောင် ပြင်ဆင်နေသလို KIA တပ်စခန်းတွေဘက်ကိုလည်း လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် စစ်ရေး တင်းမာနေတယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောတစ်စင်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Kachin News Group Photo)
KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောတစ်စင်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Kachin News Group Photo)

မန္တလေးကနေ ဗန်းမော်ဘက်ကို စစ်အင်အား၊ ရိက္ခာနဲ့ လက်နက်တွေ သယ်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ခုနစ်စင်းကိုလည်း စက်တင်ဘာ ဒုတိယအပတ်အတွင်း ရွှေကူမြို့နယ် ဇင်းဘုံရွာနဲ့ ဗန်းမော်မြို့နယ် မြလယ်ရွာမှာ KIA ဘက်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပြီး သင်္ဘောတစ်စင်းသာ ဗန်းမော်ကို ရောက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်ပြည်နယ် တိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်ကတော့ သယံဇာတဝင်ငွေ ရရှိနေတဲ့ဒေသတွေမှာ တိုက်ပွဲပိုဖြစ်နေတာ တွေ့ရပြီး တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကချင်ပြည်နယ်ရဲ့ စစ်ပွဲအခြေအနေတွေက ပိုပိုပြီးတော့ ပြင်းထန်လာတာ ရှိတယ်။ အထူးသဖြင့် ဖားကန့် ဗန်းမော်ဝန်းကျင်နဲ့ ချီဖွေဘက်မှာ ရှိတာပေါ့နော်။ အဓိကအားဖြင့်တော့ ဒီဟာတွေကို ပြန်ကြည့်လိုက်လို့ရှိရင် ကျွန်တော်တို့ သယံဇာတဝင်ငွေ ရတဲ့နေရာတွေကို အများဆုံး ပိုဖြစ်နေတာ တွေ့ရတာပေါ့လေ။ ဒီဗန်းမော်တို့ ချီဖွေတို့ဆိုလည်း မြေရှားသတ္တု တူးတာတွေ အများကြီးရှိနေတယ်ဆိုတော့ ဒီနေရာတွေမှာ စစ်ပွဲ အများဆုံးဖြစ်နေတာ။ နောက်တစ်ခုက ဖားကန့်ပေါ့။ ဖားကန့်လည်း အလားတူပဲ။ ဆိုတော့ အထူးသဖြင့် သံယဇာတ ဝင်ငွေရလမ်းကို အချင်းချင်း ပိတ်ဆို့တိုက်ခိုက်တဲ့ အနေအထားမျိုးကို ရောက်တယ်လို့ မြင်ရပါတယ်”

စစ်ကောင်စီတပ်က လက်လွှတ်ထားရတဲ့ မိုးမောက်နဲ့ ဆွမ်ပရာဘွမ်မြို့တွေကို ပြန်လည်သိမ်းနိုင်ဖို့ ကြိုးစားနေသလို KIA ကလည်း ထိန်းချုပ်နယ်မြေတွေ ပိုကျယ်ပြန့်အောင် လုပ်နေတဲ့အတွက် မြို့ပြနဲ့နီးတဲ့ နေရာတွေအထိ တိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ အခုနှစ် ဇူလိုင် ၂၁ ရက်နေ့ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းအားလုံးလည်း ပြတ်တောက်နေပါတယ်။

အခုနှစ်စပိုင်းကနေ စက်တင်ဘာ ၂၆ ရက်နေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့မြို့ရှစ်မြို့နဲ့ စစ်တပ်စခန်းပေါင်း (၂၂၀) ခန့်ကို KIA နဲ့ ပူပေါင်းအဖွဲ့က ထိန်းချုပ်ထားပါတယ်။

၂၀၁၁ ခုနှစ်ကစဖြစ်တဲ့ ကချင်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း သုံးသောင်းကျော်ရှိခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်သိန်းခွဲခန့် ထပ်တိုးလာတာကြောင့် လက်ရှိ စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။