ကချင်ပြည်နယ် ကျေးလက်ဒေသတွေမှာ လူထုကျန်းမာရေး ပိုခက်ခဲလာ

RFA Burmese
2024.02.29
ကချင်ပြည်နယ် ကျေးလက်ဒေသတွေမှာ လူထုကျန်းမာရေး ပိုခက်ခဲလာ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက ဆေးကုသမှုခံယူရန် သယ်ဆောင်ခဲ့ကြစဉ်။
Citizen Journalist

ကချင်ပြည်နယ်က ပူတာအို၊ မချမ်းဘော့၊ အင်ဂျန်းရမ်၊ တနိုင်းဘက်က ပြည်သူလူထုအတွက် ကျန်းမာရေးကဏ္ဍမှာ ပိုပြီးခက်ခဲနေပြီလို့ ဒေသခံတွေနဲ့ နယ်လှည့်ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

“အဏာသိမ်းပြီးတဲ့နောက်မှာဆို ကျန်းမာရေးဝန်ဆောင်မှုတွေ အခက်အခဲရှိလာတာပေါ့နော်။ ဆေးရုံတော့ရှိတယ် ဒါပေမဲ့ ဆေးမရှိဘူး"

အရင်က လမ်းမပေါက်တဲ့ဒေသတွေမှာ ခက်ခဲခဲ့ပေမယ့်၊ စစ်တပ်အာဏာ သိမ်းပြီးနောက်မှာတော့ မြို့နဲ့နီးပြီး လမ်းပမ်းဆက်သွယ်ရေး မခက်တဲ့ဒေသတွေမှာပါ ဆေးဝါးရှားနေပြီလို့ Kachin Backpack Health Worker Team ဆိုတဲ့ ကချင်နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ခေါင်းဆောင် Mr. Zet က ပြောပါတယ်။

“ဆေးဝါးတွေ သယ်ယူရတာတွေ ခက်ခဲတာကအစ၊ ဆေးရုံဆေးခန်းတွေအကုန်လုံး မလည်ပတ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ ဆိုးဆိုးရွားရွားဖြစ်နေတာကို တွေ့ရတယ်ပေါ့နော်။ အဓိကတွေ့ရတာကတော့ ကလေးငယ်တွေ ကာကွယ်ဆေးမရတဲ့အပေါ်မှာ ရောဂါတွေအစုလိုက်အပြုံလိုက် ဖြစ်ပွားလာတာပေါ့နော်။ ဖြစ်ပွားလာတဲ့အပေါ်မှာ ကုသဖို့ဆေးဝါးတွေ မလုံလောက်ဘူး။ ဆေးတွေမရှိဘူးဆိုတဲ့ အခြေအနေမျိုးတွေ ဖြစ်တဲ့အခါကျတော့ ယခင်ကထက်စာရင် ပိုပြီးတော့ အခြေအနေကဆိုးတယ်လို့ မြင်ရတာပေါ့နော်”

သူတို့အဖွဲ့မှာ စေတနာ့ဝန်ထမ်းအနေနဲ့ အဖွဲ့ဝင် ၅၀ လောက်ရှိပြီး သွားလာရေးခက်ခဲလွန်းတဲ့ဒေသတွေမှာ ဆေးကုပေးနေတာ အခုဆိုရင် ၁၄ နှစ်ရှိပါပြီ။ သူတို့အဖွဲ့တွေ ရောက်သွားတဲ့တချို့ရွာတွေမှာဆို ဝန်ထမ်းတွေမရှိတော့လို့ ဆေးခန်းတွေပိတ်ထားရတာတွေ များလာတယ်လို့ ပြောပါတယ်။

ပူတာအိုခရိုင် မချမ်းဘောမြို့နယ်က ဒိန်ချက်ရွာ၊ တနိုင်းမြို့နယ်ထဲက တရုံ၊ တခက်၊ လဂျားဘွမ်တို့ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေ ကြားမှာရှိတဲ့ ရွာတွေဖြစ်ပါတယ်။

အဲဒီဒေသတွေမှာ မြေမြှုပ်မိုင်းထိတဲ့သူတွေလည်း အချိန်မီဆေးမကုနိုင်လို့ အသက်ဆုံးရှုံးရတဲ့သူတွေလည်း ရှိတယ်လို့ပြောပါတယ်။

ဆေးရုံဆေးခန်းတွေမရှိတော့ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အခက်အခဲရှိနေတယ်လို့ မချမ်းဘော့မြို့နယ် နမ်ဘူယမ်ရွာက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“ကျွန်မတို့ နမ်ဘူယမ်ကျေးရွာဆို ဆေးခန်းလည်း မရှိဘူး။ တာဝန်ခံသူနာပြုလည်း မရှိဘူး။ သားဖွား ဆရာ၊ ဆရာမတွေလည်း မရှိဘူးဆိုတော့ ဒီလက်သည်တွေနဲ့ပဲ ဖွားတာပေါ့နော်။ သားဖွားတွေလည်း လက်သယ်တွေနဲ့ ဖွားတယ်။ ပြီးတော့ ဒီအာဏာသိမ်းပြီးနောက်ပိုင်းဆိုတော့ ကလေးတွေလည်း ကာကွယ်ဆေးလည်း မထိုးရဘူး။ ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပုံမှန်ပေါ့နော် B1 တို့ ကိုယ်ဝန်ဆောင်မိခင်တွေ သောက်ရမယ့်ဆေးတွေလည်း အဲလိုမျိုး မရတာပေါ့”

ပူတာအိုဆေးရုံကြီးမှာလည်း ဝန်ထမ်းတွေ CDM လုပ်သွားကြတာများပြီး ဝန်ထမ်းမလုံလောက်တာ၊ ရှိတဲ့ဝန်ထမ်းတွေကလည်း မကျွမ်းကျင်တာကြောင့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာတယ်လို့ ပြောပါတယ်။ ငှက်ဖျားဖြတ်ဆေးနဲ့ ငှက်ဖျားပိုးစစ်တဲ့ပစ္စည်းတွေဆိုလည်း စျေးတွေတက်နေသလို၊ ဝယ်ဖို့လည်း ခက်ခဲနေပါတယ်။

အင်ဂျန်းယန်မြို့နယ်မှာလည်း မသေသင့်ဘဲ သေဆုံးရတဲ့သူတွေရှိတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“အဏာသိမ်းပြီးတဲ့နောက်မှာဆို ကျန်းမာရေးဝန်ဆောင်မှုတွေ အခက်အခဲရှိလာတာပေါ့နော်။ ဆေးရုံတော့ရှိတယ် ဒါပေမဲ့ ဆေးမရှိဘူး။ ကျန်းမာရေးလုပ်သားတွေ မရှိဘူး။ ဆရာဆရာမတွေ မရှိဘူး။ အဲလိုမျိုး အခက်အခဲတွေတော့ရှိတယ်။ ဆေးရုံဆေးခန်းသွားဖို့ကျတော့ အနီးတစ်ဝိုက်မှာ မရှိဘူးလေ”

အခုနှစ်တွေမှာ ကိုယ်ဝန်သည်မိခင်တွေနဲ့ ကလေးတွေလည်း မြစ်ကြီးနားအထိ ကာကွယ်ဆေးတွေ သွားထိုးနေရပါတယ်။ ဒါကြောင့် တချို့ဆို ကာကွယ်ဆေးမထိုးနိုင်တော့တဲ့ အခြေအနေတွေဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ကချင်နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့မှ ဆေးကုသနေမှုအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)
ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် ကချင်နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့မှ ဆေးကုသနေမှုအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ (Photo: Citizen Journalist)

တနိုင်းမြို့နယ်မှာလည်း အရင်ကလို ဆေးဝါးတွေအလုံအလောက်မရှိဘူးလို့ ရှင်ဗွေယန်ဒေသခံ တစ်ယောက်က ပြောပါတယ်။

“ပြည်သူတွေက ဆေးဝါးဒီမှာ အလုံအလောက်မရရှိတဲ့အခါကျတော့ သူတို့ ဆေးဝါးကုသဖို့အရေးကို မြစ်ကြီးနားတို့၊ တနိုင်းတို့ အဲလို ပြန်ဆင်းရတယ်ဗျ။ အရေးပေါ်ဆိုရင်တော့ ဒီမှာနည်းနည်းဆေးနဲ့ထိန်းလို့ ရနိုင်သလောက်ထိန်းပြီးမှ တနိုင်းဘက်ကို ပြန်ပို့ကြတယ်။ ဆရာမတွေကအစ အားနည်းချက်တွေရှိတယ်။ တချို့ရွာတွေဆိုရင် ဆေးခန်းတော့ရှိတယ် ဒါပေမဲ့ ဆရာမတွေကလည်း လူနာတွေလာရင် ဂရုစိုက်တာလည်း သိပ်မရှိဘူး ပြီးရင် ဆေးတွေကလည်း အလုံအလောက် သူတို့ မလုပ်ပေးနိုင်ဘူး”

ဒါကြောင့် အကူအညီပေးတဲ့အဖွဲ့တွေအနေနဲ့ ကျေးလက်ပြည်သူတွေကို ဦးစားပေးဖို့ Mr. Zet က တိုက်တွန်းပါတယ်။

“လူထုခြေပြုသွားနေတဲ့အဖွဲ့အစည်းတွေ အသင်းတော်အခြေစိုက် သွားနေတဲ့အဖွဲ့အစည်းတွေ ဒီလိုမျိုး အဖွဲ့အစည်းအတွေနဲ့သွားလို့ရှိရင် ဝန်ဆောင်မှုက ပိုပြီးတော့ ထိရောက်တဲ့အပိုင်းတွေရှိနေတယ်။ ရှိနေတယ်ဆိုတော့ ဒီဘက် အလှူရှင်လို့ ပြောလို့ရတဲ့ (donor) အဖွဲ့ နိုင်ငံတကာအကူအညီတွေ ပေးနေတဲ့အဖွဲ့တွေကိုလည်း ဒါက လက်ရှိမြို့ပေါ်မှာထက်စာရင် ကျေးလက်ဒေသတွေ အဲလိုမျိုး ဒေသတွေ ပိုပြီးမှခက်ခဲတဲ့ဒေသတွေကို ဦးစားပေးစေချင်တာဖြစ်တယ်”

၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်မှာ လူဦးရေ တစ်သန်းခွဲကျော်ရှိပြီး ၃၆ ရာခိုင်နှုန်းပဲ မြို့ပြမှာ နေထိုင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။