ကချင်စစ်ဘေးဒုက္ခသည် နှစ်သောင်း သုံးထောင်ကျော် ဆန္ဒမဲပေးနိုင်အောင် စီစဉ်ထား

ကချင်ပြည်နယ်က ဒုက္ခသည်စခန်း ၈၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းသုံးထောင်ကျော် လာမယ့်ရွေးကောက်မှာ မဲပေးပိုင်ခွင့်ရအောင်ဆောင်ရွက်ထားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

မဲပေးခွင့်ရမယ်ဆိုပေမယ့် စစ်ဘေးဒုက္ခသည်တွေထဲမှာ ဆန္ဒမဲပေးမယ့်သူတွေရှိသလို ရွေးကောက်ပွဲကို စိတ်မဝင်စားသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ နိုင်ငံရေးပါတီတွေ ပြောဆိုစည်းရုံးခဲ့သလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးဖို့ ဒုက္ခသည်တွေက မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ အခုချိန်ထိ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်သွားတယ်လို့ ပူတာအိုမြို့ လုံစွတ်ဒုက္ခသည်စခန်း ကြီးကြပ်ရေးမှူး ဦးထိန်နန်ဆိုင်းက ပြောပါတယ်။

''ဒီတခေါက်တော့ စိတ်မဝင်စားကြဘူး၊ ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်နေကြတယ်ဆိုတော့၊ သူတို့လူကြီးတွေ အရင်ရွေးကောက်ပွဲတုန်းက မဲဆွယ်ကြတယ်ဆိုတော့ အားကိုးတကြီးနဲ့တော့ မျှော်လင့်ခဲ့တာပေါ့ လက်ရှိမှာ ဖြစ်မလာတော့ ''


ဗန်းမော် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကလည်း အစိုးရအဆင့်ဆင့် ပြောင်းလဲခဲ့ပေမယ် အခုချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့အတွက် လာမယ့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိကြဘူးလို့ စခန်းတာဝန်ခံ ဦးတန်ဂွန်းက ပြောပါတယ်။

''ရွေးကောက်ပွဲက မဲထည့်လည်းမထူးဘူး၊ မထည့်လည်းမထူးဘူးလေ စိတ်ဝင်စားမှုကနည်းတယ်၊ စစ်ရှောင် ဘဝက ကူညီပေးမယ့်သူကိုပဲလိုချင်တယ်၊ ခေတ်အဆက်ဆက်ရှိလာပြီ ဘယ်အစိုးရကမှ ဘယ်အဖွဲ့အစည်းကမှ နေရပ်ပြန်ခွင့်မရဘူး''

လာမယ့်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပဖို့ အစိုးရကထုတ်ပြန်ထားသလို လက်ရှိမှာလည်း မဲစာရင်းပြုစုတာတွေ ရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်နေပြီဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်တွေ မဲပေးနိုင်ဖို့ကိုလည်း မဲစာရင်းပြုစုတာ အမှားပြင်ဆင်တာတွေကို ဆောင်ရွက်ပေးနေတယ် လို့ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှုး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။

''IDP စခန်းတွေမှာ မဲပေးနိုင်ဖို့ တခါတည်းစာရင်းကောက်ထားပြီးသား၊ သူတို့နဲ့ဆိုင်တဲ့မဲရုံမှာ မဲပေးလို့ရမယ်၊ အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းမှာမပါရင်လည်း ပုံစံတွေဖြည့်ပြီး တောင်းဆိုလို့ရပါတယ်၊ သူတို့နေရပ်ကို ပြန်မယ်ဆိုရင်တော့ သူတို့ဟိုမှာပြန်လျှောက်ရမယ်''

ကချင်ပြည်နယ်က ဒုက္ခသည်စခန်း ၈၅ ခုမှာခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းသုံးထောင်ကျော် လာမယ့်ရွေးကောက်မှာ မဲပေးပိုင်ခွင့်ရအောင်ဆောင်ရွက်ထားတယ်လို့လည်း ဦးထွန်းအောင်ခိုင်က ပြောပါ တယ်။

ရွေးကောက်ပွဲကို စိတ်မဝင်စားတဲ့သူတွေရှိသလို တချို့ ဒုက္ခသည်တွေကတော့ လာမယ့်ရွေးကောက်ပွဲအပြီး မှာ အစိုးရအပြောင်းအလဲနဲ့ နေရပ်ကိုပြန်နိုင်ဖို့ မျှော်လင့်နေကြသူတွေလည်းရှိပါတယ်။

ဝိုင်းမော်မြို့နယ် မိုင်းနားစိန်ဂျိုးဇက် ဒုက္ခသည်စခန်းက ဒေါ်မရန်ဆိုင်းရာကတော့ ရွေးကောက်ပွဲပြီးရင် ကိုယ့်နေရပ်ကိုပြန်နိုင်ဖို့ မျှော်လင့်ထားတဲ့အတွက် မဲပေးမယ်လို့ ပြောပါတယ်။

''ကျွန်မတို့က ဒီရွေးကောက်ပွဲပြီးလို့ရှိရင် မျှော်လင့်ထားတာကတော့ ကျွန်မတို့ကိုယ့်နေရပ်ဒေသကို အေးအေးဆေးဆေးပြန်နေချင်ပြီပေါ့နော် ပြီးလို့ရှိရင် ကျွန်မတို့ဆုံးရှုံးသွားတဲ့ဟာတွေကိုလည်း ပြန်ပြီးမှ သူတို့ဘက်က ထောက်ပံ့ပေးမယ်လို့ မျှော်လင့်ပါတယ်။''

၂၀၁၁ ခုနှစ်က ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ပေါင်းတစ်သိန်းလောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

ကချင်ပြည်နယ် အစိုးရနဲ့ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC တို့ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေး ဆောင်ရွက်နေတာရှိပေမယ့် အများစုကတော့ ဒုက္ခသည်စခန်းတွေမှာ ဆက်လက် မှီခိုနေရဆဲဖြစ်ပါတယ်။