ကချင်ဒေသ စစ်ပွဲ ကိုးနှစ်ပြည့်အလွန်မှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်မလား

အဲလိဇဘက်ဂျန်မာ
2020-06-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ကိုးနှစ်ပြည့်တော့မှာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကလည်း အမြန်ဆုံး နေရပ်ပြန်ခွင့်ရဖို့ကို မျှော်လင့်နေကြပါတယ်။

ကချင်ဒေသမှာ တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့တာ မနက်ဖြန် ဇွန်လ ၉ ရက်နေ့ဆိုရင် ကိုးနှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စက တိကျသေချာမှု မရှိသေးဘဲ ဝေဝါးနေဆဲအခြေအနေပါ။

စစ်ဘေးဒုက္ခသည်တွေက မူလနေရပ်တွေကို ကိုးနှစ်အလွန်ကာလမှာ အမြန်ဆုံး ပြန်နိုင်တော့မလားဆိုတဲ့ မျှော်လင့်ချက်တွေရှိနေသလို တစ်ဖက်မှာလည်း ဒေသတွေကို ပြန်ရောက်တဲ့အခါ လုံခြုံပါ့မလားဆိုပြီး စိုးရိမ်နေကြတာပါ။

"ဒီမှာနေရတာ အရမ်းတင်းကြပ်တယ်။ ဒါကြောင့် ကိုယ့်ဒေသကိုပြန်ချင်တာ။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ မျှော်လင့်လို့ မရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ မိုင်းတွေ သေချာရှင်းပြီးမှပြန်မယ်။  ပြန်နေမယ်လို့ ပါးစပ်ကသာ ပြောတာ၊  ဒါပေမဲ့ စိုးရိမ်တယ်"

ရွှေစက် စစ်ဘေးဒုက္ခသည်စခန်းက ဒေါ်ဖောင်ရမ်လု ပြောသွားတာပါ။

ကချင်တစ်ကျော့ပြန်စစ်ပွဲဟာ ကိုးနှစ်ပြည့်ပြီဆိုပေမယ့် အစိုးရနဲ့ KIA တို့ နှစ်ဖက်ကြား စစ်ဘေးဒုက္ခသည် နေရပ်ပြန်နိုင်ရေးအတွက် တိကျတဲ့ သဘောတူညီချက် မရှိသေးတာကြောင့် နေရပ်မပြန်သင့်သေးကြောင်း စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သုတေသနလုပ်နေတဲ့ အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။

နေရပ်ရင်းပြန်ရေးအစီအစဉ်ဟာ အဘက်ဘက်မှာ ပြည့်စုံမှု မရှိသေးဘူးလို့  မြစ်ကြီးနားအခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ Humanity Institute အဖွဲ့ရဲ့ ဒါရိုက်တာ ဦးဖရန်ဆစ်ဇော်တူးက သုံးသပ်ပါတယ်။

“မြေပြင်အခြေအနေအရ ကျွန်တော်တို့ ပြန်နိုင်ဖို့က အဆင့်သင့်တော့ မဖြစ်သေးဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းရှင်းလင်းရေးတွေကလည်း စနစ်တကျတည်ဆောက်တဲ့ အနေအထားတွေကို မတွေ့ရသေးဘူး။ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ တပ်မတော်နဲ့ KIA ဘက်ကလည်း စစ်ရှောင်နေရပ်ပြန် နိုင်ရေးအတွက် ဒီကဏ္ဍတွေကို တိတိကျကျ စနစ်တကျနဲ့ သဘောတူညီပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်တဲ့ အနေအထား မရှိသေးတော့ ပြန်ရင်လည်း စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ၊ လုံခြုံရေးအရရော မသေချာ မရေရာဖြစ်နေတာပေါ့"


မူလနေရပ်ကိုပြန်ပြီး လုပ်ကိုင်စားသောက်နေသူတွေရှိသလို့ တချို့ကတော့ စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် အာမခံချက်ရှိတဲ့ အခြေအနေမှ နေရပ်ပြန်ဖို့ ဆုံးဖြတ်ထားကြတာပါ။

နေရပ်ပြန်ကြသူတို့အတွက် စားနပ်ရိက္ခာအခက်အခဲတွေ၊  မိုင်းအန္တရာယ်ကြောင့် အသွားအလာ ကန့်သတ်မှုတွေက ရှိနေဆဲဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်၊ အင်ဂျန်းယန်၊ နောင်းပုန် စတဲ့ဒေသတွေက စစ်ဘေးဒုက္ခသည်တချို့က မိမိနေရပ်ပြန်ပြီး နေထိုင်နေကြပြီ ဖြစ်ပါတယ်။

စစ်ပြေးရတဲ့ကာလ ကြာရှည်ခဲ့ပြီးနောက် ဘဝကို ပြန်လည်ထူထောင်ကြရတဲ့အခါ လိုအပ်ချက် အများအပြားနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း ဘာသာရေး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ နမ်ဆန်ယန် ကျောင်းထိုင်ဘုန်းကြီး ဖာသာဂျိုးဇက်ယုန်ဝါက မိန့်ပါတယ်။

"သူတို့ရဲ့အဓိက ပြဿနာကတော့ စားဝတ်နေရေးပေါ့။ အခုလောလောဆယ်တော့ လမ်းတော့ မဆိုးပါဘူး။ ရေ၊ ရေတွင်း ငါးတွင်းတူးပေးခဲ့ပါတယ် မနှစ်က။ သို့သော်လည်း မလောက်ဘူး၊ အထူးသဖြင့် ဖာသာတို့ ကျောင်းဝန်းမှာဆို လူများတယ်၊ အခုကျောင်းပြန်ဖွင့်ပြီဆိုရင် ရေပြဿနာ လာတော့မယ်။ နောက် မီး၊  မနှစ်ကတော့ ဆိုလာ သေးသေးလေးတွေနဲ့ သုံးကြပါတယ်၊ ကူညီပေးနိုင်တဲ့ အစိုးရ အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်ကပဲဖြစ်ဖြစ် လျှပ်စစ်မီးမရနိုင်သေးရင်လည်း ဆိုလာပြားလေး လှူပေးနိုင်ရင်တော့ ကောင်းတာပေါ့"

ဒုက္ခသည်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ကူညီခဲ့ပေမယ့် အခုနောက်ပိုင်း တချို့ထောက်ပံ့မှုတွေကတော့ အစိုးရဆီက ခွင့်ပြုချက် မရသေးလို့ ဖြတ်တောက်ခံထားရပါတယ်။

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ အထောက်အပံ့ ရရှိရေးအတွက် အစိုးရ၊ KIA နဲ့ ကချင် လူသားချင်းစာနာမှု ထောက်ထားမှု ကော်မတီ (KHCC) တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

KHCC ဒုတိယ အတွင်းရေးမှူး (၃) ဦးခါးလီ ပြောတာက

"နှစ်ပိုင်းရှိပါတယ်။ တစ်ပိုင်းကတော့ နိုင်ငံတော်အဆင့်မှာ တကယ်တာဝန်ရှိတဲ့ KIA/KIO နဲ့ အစိုးရ တပ်ဖက်ပိုင်းဆိုင်ရာ သူတို့တွေ လက်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။ လက်မှတ်ရေးထိုးမှပဲ တစ်ကယ်ပြန် ရင်တော့ လုံလုံခြုံခြုံနဲ့ စိတ်ချလက်ချပြန်နိုင်မယ့် အနေအထား ရှိပါတယ်။ ဒုတိယအပိုင်းမှာတော့ လက်မှတ်မထိုးခင်မှာလည်း IDP တွေ တကယ်ပြန်ချင်တယ်၊ သူတို့ ဘယ်ရလဒ်ကိုမှ မစောင့်တော့ဘူး၊ ပြန်တော့မယ်လို့ တင်ပြလာတဲ့ IDP တွေ အများကြီးရှိပါတယ်။ အဲဒီပေါ်မှာလည်း ကျွန်တော်တို့ လစ်လျူမရှုထားဘဲနဲ့ အကောင်အထည် ဖော်ပေးနိုင်အောင်လို့ ဆောင်ရွက်ပေးနေပါတယ်"

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တစ်ကျော့ပြန် တိုက်ပွဲပြန်ဖြစ်ခဲ့တာတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး စစ်ဘေးဒုက္ခသည် တစ်သိန်းလောက် ရှိနေတာပါ။

၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ကျဲလာပေမယ့် စစ်ဘေးဒုက္ခသည်အများစုက အခုချိန်ထိ နေရပ်ကို မပြန်နိုင်ကြသေးပါဘူး။

ဒါကြောင့် နေရပ်ပြန်နိုင်ဖို့ဟာ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေအတွက် အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်။

အခုနောက်ပိုင်း တိုက်ပွဲဖြစ်ပွားတာတွေ သိသိသာသာ လျော့နည်းသွားတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် တိုက်ဖျက်ရေးအတွက်ဆိုပြီး တပ်မတော်နဲ့ KIA ကြားမှာ ကူညီထောက်ပံ့မှု တချို့ရှိခဲ့တာတွေက ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အားတက်စရာအခြေအနေတွေပါ။

ဒါပေမဲ့ မူဆယ်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA တို့ ဇွန်လ ၆ ရက်နေ့က ပစ်ခတ်မှုရှိခဲ့တာကနေ ပြင်းထန်တဲ့ တိုက်ပွဲမျိုးတွေ ပြန်ဖြစ်လာမှာကို  ဒုက္ခသည်တွေကြားမှာ စိုးရိမ်မှုတွေရှိနေဆဲ ဖြစ်ပါတယ်။

အစိုးရနဲ့ KIA ကြားမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ညှိနှိုင်းဆွေးနွေးနေပေမယ့် လက်ရှိအချိန်ထိ သဘောတူညီမှု မရှိသေးပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့