စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပါတယ်။
တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ တိုးလာနေပြီး မတ်လ ၁၆ ရက်နေ့ တစ်ရက်တည်းမှာပဲ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ကလေးငယ်ငါးဦးအပါအဝင် အရပ်သား ၁၄ ဦးသေဆုံးခဲ့ပါတယ်။ နောက်ထပ် အယောက် သုံးဆယ်ဝန်းကျင်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသအခေါ် ပျူစောထီး ပူးပေါင်းတပ်တွေရှိတဲ့ ကျောင်းတိုက်နဲ့ ဆည်တော်ဦးရွာကို မတ်လ ၁၆ ရက်မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းတိုက်ရွာက အရပ်သား ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကျောင်းတိုက်ရွာခံတစ်ဦးက ပြောပါတယ်။
“ဒီအထဲမှာ လက်နက်ကြီးထိလို့ သေဆုံးတဲ့သူရှိသလို လေယာဥ်နဲ့ပစ်လို့ သေဆုံးတဲ့သူရှိတယ်။ ဒါပေမဲ့ သေဆုံးသူကတော့ အများကြီးပဲဗျ။ Mi-35 ကတော့ နေ့လယ်တစ်နာရီ၊ နှစ်နာရီလောက်မှာ လာတယ်ပေါ့။ ဒါပေမဲ့ အလောင်းတွေ တွေ့တာတော့ မနေ့က ညနေဝန်းကျင်ဖြစ်မယ်ပေါ့နော်။ အိမ်ကတော့ ဆယ်အိမ်ဝန်းကျင်လောက်ရှိမှာ။ သူတို့(စစ်ကောင်စီတပ်) ညတုန်းက မီးကျည်နဲ့လည်း လာပစ်ပါတယ်။ မီးကျည်နဲ့ လာပစ်တဲ့အချိန်မှာလည်း မီးလောင်သွားတဲ့အိမ်တွေပေါ့နော်။ လက်နက်ကြီးကြောင့် လောင်တဲ့အိမ်တွေရှိသလို သူတို့ မီးကျည်နဲ့ လေယာဥ်နဲ့လာပစ်လို့ လောင်တဲ့အိမ်လည်းရှိတယ်ဗျ”
သေဆုံးသူတွေဟာ ခြောက်လအရွယ် ကလေးတစ်ဦးနဲ့ သူ့ရဲ့မိခင် အသက် ၂၈ နှစ်အရွယ် ဒေါ်မိစုဝေ၊ အသက် ၃၇ နှစ်အရွယ် ဒေါ်နွယ်နှင်းစိုးနဲ့ သူ့ရဲ့သမီးတွေဖြစ်တဲ့ အသက်ကိုးနှစ်အရွယ် မရွှေကြုတ်၊ ၁၃ နှစ်အရွယ် မသျှီသျှား၊ ဒေါ်မဝင်းနဲ့ သူ့ရဲ့ ဆယ်နှစ်သမီးတစ်ဦး၊ အသက်လေးဆယ်အရွယ် ဒေါ်မဝိုင်း၊ ဦးမောင်နိုင်၊ ဦးထွန်းဝေနဲ့ အသက် ခုနစ်ဆယ်အရွယ် ဦးမည်းတို့ဖြစ်ပါတယ်။
"တိုက်ပွဲကြောင့် ပျဥ်းခုံလေးနဲ့ နတ်ကြီးကုန်းရွာအပါအဝင် အနီးအနားက အရပ်သား တစ်သောင်းကျော် ထွက်ပြေးနေပါတယ်"
မတ်လ ၁၇ ရက် မွန်းလွဲပိုင်းအထိ ရုပ်အလောင်းတွေကို မကောက်ယူနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအပြင် ဒဏ်ရာရသူ သုံးဆယ်နီးပါးရှိနေပြီး လက်ရှိမှာတော့ ကျောင်းတိုက်နဲ့ ဆည်တော်ဦးရွာကို PDF တွေက ထိန်းချုပ်ထားပြီလို့ ဆိုပါတယ်။
ကလေးမြို့မြောက်ပိုင်းက ပျဥ်းခုံလေးရွာကိုလည်း မတ်လ ၁၆ ရက်က စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အသက် ဆယ်နှစ်အရွယ် မအိန်ဂျယ်ဗန်ရမ်ပွေး (Angel Vanrempuii)၊ အသက် ၆၂ နှစ်အရွယ် ဒေါ်လာလ်ဖာန်ကီမီ (Pi Lalfamkimi) နဲ့ အသက် ၃၂ နှစ်အရွယ် ဒေါ်ဧဒင်ထာရ်ရီ (Nu Edenthari) တို့ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို စစ်ကောင်စီကပြုလုပ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“အသက် ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၆၂ နှစ်အရွယ် အဖွားအိုတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ မနက် လေးနာရီကစပြီးတော့ နှစ်ဖက်ထိတွေ့မှုဖြစ်တယ်။ အထူးသဖြင့် ကလေးမြောက်ပိုင်းကို စကစဘက်ကနေပြီးတော့ မနက်ဝေလီဝေလင်းအချိန်ကနေ စပြီးတော့ လက်နက်ကြီးတွေသုံးတယ်။ ပြီးတော့ ကလေးမြို့မှာ အထိုင်ချထားတဲ့ Mi-35 နဲ့ပစ်တယ်။ တစ်နေကုန် Mi- 35 က တက်လိုက် ဆင်းလိုက် လုပ်နေတယ်။ နောက်ပြီးတော့ Mi-35 နားတဲ့အချိန်မှာ လေယာဥ်နဲ့ ဝဲတယ်”
တိုက်ပွဲကြောင့် ပျဥ်းခုံလေးနဲ့ နတ်ကြီးကုန်းရွာအပါအဝင် အနီးအနားက အရပ်သား တစ်သောင်းကျော် ထွက်ပြေးနေပါတယ်။
ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ကလေးမြို့ကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီနဲ့ PDF တွေ အပြန်အလှန် ကြိုးစားတာကနေ ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာပါ။
စစ်ရေးအခြေအနေကို လုံခြုံရေးကြောင့် မဖြေဆိုနိုင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကိုပြောပါတယ်။
စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကလည်း လက်တလော တိုက်ပွဲတွေနဲ့ပတ်သက်ပြီး သူ မသိသေးဘူးလို့ RFA ကိုပြောပါတယ်။

ကလေးမြို့နယ် စစ်ဘေးဒုက္ခသည် အရေးကူညီနေသူတစ်ဦးကတော့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းကျော်ရှိလာပြီး ရိက္ခာနဲ့ဆေးဝါး အခက်အခဲရှိတယ်လို့ ပြောပါတယ်။
“ရိက္ခာပိုင်းက တော်တော်လေး စိန်ခေါ်မှုများတယ်။ နေရာထိုင်ခင်းကျတော့ ကျွန်တော်တို့ လွတ်မြောက်ဒေသက တော်တော်များများပေါ့။ ကျွန်တော်တို့ လုံခြုံစိတ်ချရတဲ့နေရာတွေမှာ စစ်ဘေးရှောင်တွေကို ထားပေးထားတယ်ခင်ဗျ။ စားဝတ်နေရေးပေါ့နော်။ ရိက္ခာပိုင်းကျတော့ တော်တော်လေး ခက်ခဲတယ်ဗျ။ အဓိက,ကတော့ ဆန်၊ ဆီပေါ့နော်။ ဟင်းချက်စရာတွေ တော်တော်လေးခက်ခဲတယ်ဗျ။ ဆေးဝါးအကူအညီကျတော့ ကျွန်တော်တို့ဘက်က မြောက်များစွာသော ပြည်သူတွေပေါ့နော်။ နေ့ရက်တိုင်းမှာ နာမကျန်းမှုတွေ ကြုံတွေ့နေရတော့ သက်ကြီးရွယ်ပိုင်းတွေဆိုရင်လည်း လက်နက်ကြီးတွေကျလို့ လေကြောင်းကျလို့ပေါ့နော်။ တော်တော်လေး အခက်အခဲရောက်တယ်ဗျ”
ကလေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ မြို့အတွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးအရှိန်အဟုန်မြှင့်မှာဖြစ်လို့ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ ဒေသခံတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ နှစ် ဒသမ ခုနစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။