စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ မတ်လ ၆ ရက်နေ့အထိ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မြို့ပေါ်ရပ်ကွက်တွေ၊ ကျေးရွာတွေထဲကို ပစ်ခတ်နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးတဲ့ ဒေသခံတွေများသလို ကျန်ခဲ့သူတွေကလည်း လက်နက်ကြီးရန်ကိုကြောက်လို့ နေအိမ်အပြင် သိပ်မထွက်ကြတော့ဘူးလို့ ပြောကြပါတယ်။
"ရှောင်တဲ့ လူဦးရေကတော့ အနည်းဆုံး နှစ်သောင်းကနေ နှစ်သောင်းခွဲအထိရှိမယ်"
စစ်ကောင်စီတပ်သားတွေက ရပ်ကွက်ထဲလှည့်ပတ်ပြီး သေနတ်ပစ်ဖောက်နေတာကြောင့် ကျည်ထိမှန်မှာ စိုးရိမ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဓိကတော့ မြို့ထဲမှာ စစ်သားတွေက ပတ်ပြီးတော့မှ သေနတ်တွေ ဖောက်တယ်။ ပကဖ အဖွဲ့ ကနေပြီးတော့ တိုက်ပွဲဖြစ်မှာမို့လို့ ရှောင်ကြပါဆို စာထုတ်တယ်ဆိုတော့လေ။ တိတ်ဆိတ်ခြောက်ကပ်သွားပါတယ်။ ဥပမာ ပုံမှန်အချိန် ဆယ်ယောက်သွားတဲ့အချိန်မှာ အခုက သုံးယောက်၊ လေးယောက်လောက်ပဲ အများဆုံးသွားတော့တာ”
ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ မြို့အတွင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးအရှိန်အဟုန် မြှင့်မှာဖြစ်လို့ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ ဒေသခံတွေကို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ကလေးမြို့ အနောက်တောင်ဘက် တာဟန်း၊ မွန်းလိုင်၊ ကြို့သုံး၊ လှိုင်သာယာ၊ စက်မှုဇုန်၊ တာယာကုန်း၊ ကိုးမိုင် စတဲ့ ရပ်ကွက်နဲ့ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့က ဒေသခံတွေဟာ ချင်းပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေမှာလည်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ထွက်ပြေးနေရတဲ့ ဒုက္ခသည် စုစုပေါင်း နှစ်သောင်းကျော်ရှိနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ခန့်မှန်းပါတယ်။
“တာဟန်း ရပ်ကွက်ရဲ့ အထက်ပိုင်းမှာတော့ ၁၀ ပုံမှာ ၈ ပုံလောက်က ရှောင်ကြတယ်။ တချို့ကလည်း ချင်းတောင်ဘက် ရှောင်တဲ့သူလည်းရှိတယ်။ မြို့ထဲရပ်ကွက်တွေကလည်း ပြေးစရာမြေမရှိဘူး ဆိုပြီးတော့ နေနေကြတယ်ပေါ့။ စစ်တပ်ကလည်း မြို့ဝင်မြို့ထွက်တွေမှာ စောင့်ထားတယ်။ အထွက်ကို လက်မခံတာ ပြန်ဝင်တာရတယ်ပေါ့။ ရှောင်တဲ့ လူဦးရေကတော့ အနည်းဆုံး နှစ်သောင်းကနေ နှစ်သောင်းခွဲအထိရှိမယ်”
ဒေသခံတွေဟာ ကလေးမြို့ကနေ ချင်းတောင်ကို တောလမ်းတွေကနေ ခက်ခက်ခဲခဲ တိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာ နေထိုင်ရေး၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ချင်းပြည်နယ်က တောတောင်တွေထဲမှာ ခိုလှုံနေရသူတွေလည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးကျမှာစိုးလို့ ကျွန်တော်တို့ စိုးရိမ်လို့ ကျွန်တော်တို့ တောထဲထွက်နေကြတာ၊ ဟုတ်တယ်။ လူတော့ တော်တော်ပါးတယ်ဗျ။ ဒါပေမဲ့ အိုးအိမ်တွေကို သူခိုးများ ခိုးမလားစိုးရိမ်လို့၊ အိမ်ထောင်ဦးစီးတွေကအစ နေ့လယ်မှာ အိမ်ပြန်ပြီးတော့ သွားရှိတဲ့သူတွေတော့ရှိတယ်”
ဖေဖော်ဝါရီ ၂၉ ရက်နေ့က ကလေးမြို့ကနေ စစ်ဘေးတိမ်းရှောင်ရင်း မိုင်းနင်းမိလို့ အသက် နှစ်နှစ်အရွယ် မိန်းကလေးငယ် သေဆုံးခဲ့ပြီး မိဘတွေလည်း ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး မတ်လ ၅ ရက်နေ့အထိ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက် နှစ်ဆယ်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ရဖို့ စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီ ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ လူဦးရေ ၂ ဒသမ ၇ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။