စစ်ကြောင်းထိုးလို့ ကန့်ဘလူမြို့နယ်က ဒေသခံ သုံးထောင်ကျော် ထွက်ပြေး

RFA Burmese
2023.01.22
စစ်ကြောင်းထိုးလို့ ကန့်ဘလူမြို့နယ်က ဒေသခံ သုံးထောင်ကျော် ထွက်ပြေး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အင်းလည်ကြီးကျေးရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
ကန့်ဘလူ စွန်ရဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်နေပြီး ဇန်နဝါရီလ ၂၁ ရက်မှာ အင်းမရွာကို ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းမရွာ အပါအဝင် အနီးပတ်ဝန်းကျင်က ပင့်သာ၊ ဖလားရ၊ ချောင်းကြားနဲ့ ရှမ်းကုန်းရွာ တွေက ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

"တချို့ကလည်း မီးလောင်ပြီးတော့ တဲတန်းလေးတွေ ထိုးထားတာရှိတယ်"

အင်းမရွာက မီးရှို့ခံရတဲ့ အိမ်ခြေစာရင်းကို ကောက်ယူနေဆဲဖြစ်ပြီး ရွာကလူနေထိုင်လို့ မရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“အရင်တစ်ခါလည်း ဝင်ထားတာဆိုတော့ ကျနော်တို့ကတော့ ရွာထဲက ရှိတဲ့အိမ်လေး တွေကလည်း ရှိ၊ မရှိတဲ့ အိမ်တွေကလည်း တဲတန်းလေးတွေထိုးပြီး ဘေးရှောင်နေရတာ ပေါ့ဗျာ။ (အခက်အခဲတွေက) စားရေးသောက်တာကအစ၊ နေတာထိုင်တာကအစ၊ တချို့က တဲတန်းမထိုးရဘူးလေ။ တဲတွေပါ မီးရှို့တာဆိုတော့။ လောလောဆယ် အနေအထားက လူနေထိုင်ဖို့ အဆင်မပြေတော့ဘူးဗျ။ တချို့ကလည်း မီးလောင်ပြီး တော့ တဲတန်းလေးတွေ ထိုးထားတာရှိတယ်။ တော်တော်များများကတော့ တောထဲမှာပဲ နေကြတာများတာ”

အင်းမရွာမှာ အိမ်ခြေ ၂၄၀ နီးပါးရှိပါတယ်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှာလည်း အင်းမရွာက နေအိမ် ၈၅ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

လောလောဆယ်မှာ အင်းမရွာက အရပ်သားတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေ တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၄ ရက်တုန်းကလည်း အိမ်ခြေ ၁၉၀ နီးပါးရှိတဲ့ ညောင်ကုန်းရွာကို ဒုတိယအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၅၁ လုံး ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစလို့ နယ်မြေ ရှင်းလင်းရေး လုပ်နေတာလို့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီတစ်ကြောင်းကတော့ ကြာပြီ။ ဘယ်ကစဝင်လာလဲဆို ထန်းပင်ကုန်း၊ မြောက်ဘက်ကို တက်သွားတယ်။ မြောက်ဘက်ကနေ ချပ်ကြီးပျုရွာကိုဝင်တယ်။ ညောင်ကုန်းရွာကို ထိုးတယ်။ ကျွန်းလှအနောက်ဘက် အလယ်လှ ပျုရွာကို ဝင်ပြီးတော့ အဲဒီကနေမှ တစ်ခေါက်ပြန်ပြီး တစ်ကျော့ပြန်တက်ရှို့တာပေါ့နော်။ မနေ့က အင်းမကိုပေါ့နော်။ အင်းမမှာတော့ မနေ့က ဒေသကာကွယ်ရေးအဖွဲ့အစည်းတွေ လက်လုပ်တွေနဲ့ သွားပစ်ကြတယ်”

စစ်ကြောင်းထိုးနေတဲ့ကာလအတွင်း ကန့်ဘလူမြို့နယ် ရွာကိုးရွာ မီးရှို့ခံခဲ့ရသလို ပြည်သူ ၁၁ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

kanbalu-refugees.jpg
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကန့်ဘလူ စွန်ရဲ)

စစ်ကောင်စီက ကန့်ဘလူမြို့နယ်ထဲက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ရွာတွေကို ပစ်မှတ်ထားပြီး နှိပ်ကွပ်နေတာလို့ ကန့်ဘလူစွန်ရဲ့အဖွဲ့ရဲ့ တာဝန်ခံ ကိုစွန်ရဲက ပြောပါတယ်။

“ကျနော်တို့ အမြင်ပေါ့နော် နှစ်ကြိမ်၊ သုံးကြိမ်ဝင်ရှို့တယ်ဆိုတော့ ကန့်ဘလူမှာက ပျုအရမ်းများတယ်လေ။ ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့ ပြည်သူကလည်း နည်းပါတယ်ပေါ့ ကန့်ဘလူမှာကလေ။ အဲဒီတော့ သူတို့က ကျနော်တို့ဘက်ကို ရပ်တည်ပေးတဲ့ရွာတွေကို ပထမတစ်ကြိမ် သူတို့ မီးရှို့လိုက်မယ်ဗျာ။ ငြိမ်သွားလား မငြိမ်သွားဘူး၊ ထပ်ပြီးကြွလာတယ်ဆိုရင်တော့ သူတို့ကတော့ ပြည်သူ့ဘက် ရပ်တည်တဲ့ရွာ နည်းတာကိုးဗျ။ နည်းတော့ အဲဒီရွာတွေကို စကစက ဖိအားပေးတယ် လို့ပဲမြင်တယ်”

ကန့်ဘလူမြို့နယ်ထဲ နယ်မြေရှင်းလင်းရေးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ ဦးအေးလှိုင်ကို RFA က ဒီနေ့နေ့လယ် ၁ နာရီအထိ ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေ အရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒီအပြင် နေအိမ်မီးလောင်ပျက်စီးမှုတွေကို စာရင်းပြုစုနေတဲ့ သုတေသနအဖွဲ့ Data For Myanmar အဖွဲ့ကလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကန့်ဘလူမြို့နယ်က နေအိမ် ၂၆၂၂ လုံး အပါအဝင် စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၃၆၆၇၇ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဇန်နဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။