ရှမ်းရောက် ကယားဒုက္ခသည်တွေ အကူအညီလိုအပ်နေ

2022.02.02
ရှမ်းရောက် ကယားဒုက္ခသည်တွေ အကူအညီလိုအပ်နေ ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့နယ်ကိုရောက်နေတဲ့ ကယားစစ်ဘေးဒုက္ခသည်တွေကို ၂၀၂၂ ဇန်နဝါရီလ ၃၀ ရက်နေ့က တွေ့ရစဥ်
Photo: Khu San Oo

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါနဲ့ အနီးနားကျေးရွာတွေက ဒေသခံခုနစ်သောင်းကျော် ဟာ ဒီနေ့အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီ ပေးသူတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်ဘက်ကို သုံးသောင်းဝန်းကျင်နဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဆိုက်ခေါင်၊ ပင်လောင်း၊ နောင်တရား၊ ညောင်ရွှေ၊ အင်းလေး၊ ပင်းတယ၊ အောင်ပန်း၊ ကလော၊ တောင် ကြီး စတဲ့မြို့နယ်တွေကို လူဦးရေ လေးသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ပြောပါတယ်။

အဲဒီအထဲမှာ ဆီဆိုင်မြို့နယ်တစ်ခုတည်းမှာ လူဦးရေ တစ်သောင်းခွဲကျော်ရှိတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညား က ပြောပါတယ်။

“အခုက ဆီဆိုင်မြို့နယ်ထဲမှာတော့ သူတို့က တစ်သောင်းခွဲကတော့ ကွန်ဖန်းပေး လာတယ်ပေါ့နော်။ ဒါက ဆီဆိုင်မြို့မှာရောက်နေတဲ့ ကျွန်တော်တို့ စစ်ဘေးရှောင်ရဲ့ စာရင်းပေါ့။ ဒါပေမဲ့ အခုက ဆီဆိုင်ကော တောင်ကြီး ပင်လောင်ဘက်တွေလည်း ကျွန်တော်တို့က လိုက်ချိတ်နေတယ်။ အဲဒီမှာ ကျား၊ မ စာရင်းတို့၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုစာရင်းတို့ အဲဒါတွေက အခုချိန်ထိမရသေးဖြစ်နေတယ်”

နေရာအနှံ့မှာပြန့်ကျဲနေတဲ့ ဒုက္ခသည်အရေအတွက်ကို အသေးစိတ်အတည်ပြုနိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စာရင်းကောက်ယူနေတယ်လို့လည်းဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက ဒုက္ခသည်အရေးကူညီသူတွေကတော့  ညောင်ရွှေနဲ့ အင်းလေး ဒေသမှာ လူခြောက်ထောင့်ငါးရာကျော်၊ ပင်လောင်းနဲ့ နောင်တရားမြို့နယ်မှာ ငါးထောင် ကျော်၊ ပင်းတယ၊ အောင်ပန်း၊ ရပ်စောက် စတဲ့မြို့တွေမှာ ထောင့်ငါးရာခန့်ရှိနေတယ်လို့ ပြောပါတယ်။

ပင်းတယမြို့နယ်ကိုရောက်လာတဲ့ ဒုက္ခသည် ခုနှစ်ရာကျော်ကိုတော့ ဘုန်းကြီးကျောင်း ခုနစ်ကျောင်းမှာ ယာယီနေရာချထားပေးတယ်လို့ ပင်းတယဒေသခံ ကိုနေဦး က ပြောပါတယ်။

“အယောက် ခုနစ်ရာလောက်တော့ရှိတယ်။ ကျွန်တော်တို့ ဘာမှလုပ်မပေးနိုင်သေးဘူး ဖြစ်နေတယ်ဗျ။ သူတို့က လူအင်အားလည်းများတယ်။ သူများလှူထားတဲ့ အဝတ် စားလောက်ပဲ ပေးနိုင်တယ်။ အဓိက သူတို့က အစားအသောက်နဲ့ သူတို့တချို့ဆိုရင် ခင်တဲ့အမျိုးအိမ်မှာနေတဲ့သူတွေကျတော့ စောင်တွေလိုတာပေါ့နော်။ ဘုန်းကြီးကျောင်း မှာ နေတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းက စောင်တွေပေးထာတော့ စောင်မလိုဘူး ပေါ့နော်။ ဒါပေမဲ့ အစားအသောက်လိုတယ်ဗျ ပြီးတော့ ဆေးဝါးပေါ့”

လူဦးရေ ခြောက်ထောင့်ငါးရာကျော်ရှိတဲ့ ညောင်ရွှေမြို့နယ်နဲ့ အင်းလေးဒေသမှာတော့ စစ်ဘေးဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ ညောင်ရွှေမြို့က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူ ကိုသူရအောင်က ပြောပါတယ်။

“ဒီအခက်အခဲကတော့ နဲနဲကြီးတယ်။ ကျွန်တော်တို့ညောင်ရွှေမှာက ကိုယ်ဝန်ဆောင် တွေ ပါလာတယ်ဗျ။ ကိုယ်ဝန်ဆောင် ခြောက်ယောက်မှာ တစ်ယောက်က အရေးပေါ် အပြင် ဆေးရုံမှာ တက်လိုက်ရတော့ ငွေကြေးအခက်ခဲဖြစ်သွားလို့ အလှူခံပြီး ဝိုင်းဝန်း ဖြေရှင်းပေးလိုက်ရတာရှိတယ်။ ဒါပေမဲ့ ဒီမှာနောက်ထပ် ငါးယောက်ရှိသေးတယ်ဗျာ နေ့စေ့လစေ့ဖြစ်နေတာလေ။ ဒီအတွက်လည်း အလှူရှင်က မရှိသေးလို့ သူတို့ကို တာဝန်ယူပေးမယ့် အလှူရှင်လေးလည်း လိုအပ်နေသေးတယ်ပေါ့”

နောင်တရားမှာတော့ မြို့ပေါ်ရပ်ကွက်သုံးခုမှာ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ရှိ နေတာပါ။ နောက်ထပ်လည်း ထွက်ပြေးလာသူတွေရှိနေတာကြောင့် ယာယီစခန်းသစ် တစ်ခု တိုးချဲ့ဖို့ ပြင်ဆင်နေတယ်လို့ ဒုက္ခသည်အရေးကူညီသူ ခွန်ဆွေဦးက ပြောပါတယ်။

“ကျနော့်နားမှာ ခုနစ်ရာငါးဆယ်လောက်ရှိတယ် ဒါပေမဲ့ ကျွန်တော်တို့ ဒီရပ်ကွက် တစ် နှစ် သုံးမှာလည်း အိမ်တွေမှာ ပြန့်ကျဲနေထိုင်တာတို့  တချို့လွတ်နေတဲ့နေရာတို့ ဥပမာ ဘော်ဒါဆောင်တို့ စိုက်ပျိုးရေးစခန်းတို့လို လွတ်နေတဲ့နေရာမှာနေတဲ့ ပြည်သူတွေ ကလည်း သုံးရာငါးဆယ်လောက်ရှိမယ်။ အဲဒီပုဂ္ဂိုလ်တွေကိုလည်း ကျနော့်နားမှာ သူများလှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆားတွေကို ကျွန်တော်က တစ်ခါပြန်ပြီးတော့ မျှဝေပေးတာပေါ့ဗျာ။  ကျနော့် စခန်းသုံးခုကိုတော့ ထပ်လက်မခံတော့ဘူး ခုနစ်ရာ့ ငါးဆယ်လောက်နဲ့ ရပ်ထားလိုက်ပြီးတော့ ကျွန်တော် နောက်ထပ်တစ်နေရာပေါ့ လွယ်ရိုးဘုးရားဆိုတဲ့နေရာလေးကို ကျွန်တော်ကြည့်ပြီးပြီး မနက်ဆိုပြင်ဆင်မယ်ပေါ့ဗျ”

လက်ရှိမှာ စားသောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် ဒီအတိုင်းဆက်သွားမယ်ဆိုရင် ရေရှည်မှာ ဒုက္ခသည်တွေအတွက် ပိုခက်ခဲလာနိုင်တယ်လို့လည်း ပြောပါတယ်။

"မပြန်ရဲဘူးလေ နယ်မြေရှင်းလင်းရေးတွေဘာတွေ ဖြစ်လာမလားပေါ့နော်၊ အဲလိုဖြစ်လာရင် ကြောက်ကြတာပေါ့၊ ဘယ်သူမှမပြန်ရဲကြဘူး"

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်သလို စစ်ဘေးဒုက္ခသည်တွေအတွက် မူဝါဒအတိုင်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။

“လွိုင်ကော်မှာတော့ စံပြ ၆ မိုင်နားမှာ နည်းနည်းတိုက်ပွဲဖြစ်တာရှိတယ်။ ကျန်တဲ့ဟာ တော့ အခြေအနေက ငြိမ်သက်နေပြီဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည်တွေကတော့ အကုန်လုံးပြန်ပြီး မဝင်ရောက်နိုင်သေးဘူး။ ကျွန်တော်တို့လည်း IDP တွေအပေါ်မှာ ထားတဲ့မူဝါဒကတော့ နေရပ်စွန့်ခွာသူများသည် သူ့ဒေသကို အေးချမ်းစွာနဲ့ ပြန် လာနိုင်ရေး ဆောင်ရွက်ပေးပါမယ်။ ဆောင်လည်းဆောင်ရွက်နေပါတယ်။ လွိုင်ကော်နဲ့ အနီးတဝိုက်ကိုလည်း လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်လျှက်ရှိပါတယ်”

 လွိုင်ကော်မှာ အခြေအနေတွေ တည်ငြိမ်နေပြီဖြစ်လို့ ဒေသခံတွေ နေရပ်ပြန်လာသူတွေ ရှိနေပြီလို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

(ကယားစစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်က တွေ့ရစဉ်) Photo: Khu San Oo
(ကယားစစ်ဘေးဒုက္ခသည်တွေကို ရှမ်းပြည်တောင်ပိုင်း နောင်တရားမြို့နယ်မှာ ဇန်နဝါရီလ ၃၀ ရက်က တွေ့ရစဉ်) Photo: Khu San Oo

ဒါပေမဲ့  ဒုက္ခသည်အများစုကတော့ လွိုင်ကော် အပါအဝင် ကယားပြည်နယ်မှာ စစ်ပွဲတွေ ထပ်ဖြစ်လာနိုင်သေးတာကြောင့် နေရပ်မပြန်ကြသေးဘူးလို့ လွိုင်ကော်မြို့ခံ စိုင်းနော်ခမ်း က ပြောပါတယ်။

 “ပြန်တယ်ဆိုတာလည်း ပစ္စည်းသယ်ဖို့လောက် ပြန်တာပဲ ခပ်များများဖြစ်နေတယ်။ ပြန်တယ်ဆိုတာလည်း အိမ်လေး တစ်ချက် သွားရှိုးမယ်ပေါ့ အဲပုံစံနဲ့ ပြန်ကြတယ်။ ရတဲ့ပစ္စည်းသယ်လာမယ်ဆိုတဲ့ စိတ်နဲ့ပြန်တယ်။ ဆိုင်ပေါင်း တစ်ထောင်မှာ တစ်ဆယ် တောင် ကောင်းကောင်းမဖွင့်ဘူးလေ။ အဲဒါလည်း မနက်ပိုင်းလူနည်းနည်းစည်တဲ့ အချိန် ဖွင့်တယ် ပြီးရင်ပြန်ပိတ်သွားတာပဲ။ မြို့ထဲမှာတော့ တိုက်ပွဲတွေ ဆက်မဖြစ်တော့ဘူး တော့ထင်တာပဲ။ မပြန်ရဲဘူးလေ နယ်မြေရှင်းလင်းရေးတွေဘာတွေ ဖြစ်လာမလားပေါ့ နော်၊ အဲလိုဖြစ်လာရင် ကြောက်ကြတာပေါ့၊ ဘယ်သူမှမပြန်ရဲကြဘူး”

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (UNOCHA)ကတော့ ကယား ပြည်နယ်မှာ တိုက်ပွဲတွေ ကြောင့် လူဦးရေ ကိုးသောင်ကျော်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ လူဦးရေလေးသောင်းနှစ်ထောင်ကျော် နေရပ်စွန့်ခွာ နေရတယ်လို့ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒုက္ခသည်တွေကို အကူအညီပေးရေးဆောင်ရွက်ချက်တွေမှာ သွားလာမှုကန့်သတ်ချက် တွေရှိနေပြီး အဲဒီကန့်သတ်ချက်တွေကို ဖြေလျော့ပေးဖို့လိုအပ်တယ်လို့လည်း ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။