ကယားပြည်နယ်မှာ လူဦးရေထက်ဝက်နီးပါး တိုက်ပွဲကြောင့်ထွက်ပြေးနေရ
2023.01.03

စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတဲ့ ကယားပြည်နယ်မှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၂၃ လအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်းရှစ်သောင်းကျော်အထိ တိုးလာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။
"ခုနစ်မြို့နယ်လုံးမှာ ပြန့်ကြဲနေတဲ့ IDP နဲ့ ပေါင်းလိုက်ရင် တစ်သိန်းရှစ်သောင်း အထက်တော့ ရှိတာပါပဲ”
စစ်ဘေးဒုက္ခသည်တွေဟာ ကယားပြည်နယ်အပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ နယ်စပ်ဒေသနဲ့ မြို့ကြီးတွေအထိ ပြန့်ကြဲနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“အချက်အလက်အရက အနီးစပ်ဆုံး ရှမ်းပြည်နယ်ထဲမှာလည်း ကျနော်တို့ ကောက်တာတွေရှိတယ်။ မြို့ပေါ် IDP (စစ်ဘေးဒုက္ခသည်) ကလည်း ရှိသေးတယ်။ နောက်ပြီး တော်တော်ကိုဝေးတဲ့ ဗမာပြည်အထိ ဆင်းသွားတဲ့သူတွေလည်းရှိတယ်။ နောက်ပြီး ပြည်နယ်ထဲမှာ ပြန့်ကြဲနေတဲ့၊ ခုနစ်မြို့နယ်လုံးမှာ ပြန့်ကြဲနေတဲ့ IDP နဲ့ ပေါင်းလိုက်ရင် တစ်သိန်းရှစ်သောင်း အထက်တော့ ရှိတာပါပဲ”
၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ ကယားပြည်နယ်တစ်ခုလုံးမှာ လူဦးရေ လေးသိန်းနီးပါး (၃၉၀,၂၁၀) နေထိုင်ပြီး အဲဒီလူဦးရေထက်ဝက်နီးပါးဖြစ်တဲ့ ၄၆.၁% ရာခိုင်နှုန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာပါ။
ဒါပေမဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို လုံလောက်တဲ့အထိ မရနိုင်တာ ကြောင့် တစ်နေ့ကို ထမင်းနှစ်နှပ်သာ စားနေရတယ်လို့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“တစ်နေ့ကို နှစ်နှပ်လောက် စားသုံးနိုင်ဖို့အတွက် အရင်ကတည်းကတော့ ရိက္ခာချွေတာစားရတယ်။ ရိက္ခာပြတ်လပ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ကတော့ စိတ်ပူနေရတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်တဲ့သူတွေ အများကြီးပေါ့။ ဒီကာလမှာက အရမ်းအေးတဲ့ကာလ ရောက်လာတဲ့အတွက်၊ ပွင့်လင်းရာသီဖြစ်တဲ့အတွက် စစ်ရေးကိုလည်း စိုးရိမ်နေရတဲ့ အခြေအနေဖြစ်တယ်။ ဝေဟင်ပေါ့နော် ဝေဟင်တိုက်ခိုက်မှုတွေကိုလည်း စိုးရိမ်နေရတယ်။ အဲဒီလို အနေအထားတော့ရှိတယ်”
INGO နဲ့ ပြည်တွင်းက NGO တွေရဲ့အကူအညီတွေဟာ စစ်ဘေးဒုက္ခသည်တွေရှိရာ ဒေသထက် စစ်ကောင်စီ ထိန်းချုပ်ရာ မြို့ပေါ်မှာသာ အများဆုံးရောက်ရှိလေ့ရှိတယ်လို့ သူက ပြောပါတယ်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည် ခြောက်ထောင်ခန့်ရှိပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဒီးမော့ဆိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နောက်ထပ် စစ်ဘေးဒုက္ခသည် ၁၅၀ ကျော် တိုးလာတယ်လို့လည်း သူက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေအများစုဟာ တော၊ တောင်တွေထဲမှာ ဆောက်လုပ်ထားတဲ့ ယာယီတဲအိမ်တွေ၊ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ရတာဖြစ်တဲ့အတွက် ဆေးဝါးနဲ့ ရိက္ခာအပြင် အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ ဒီးမော့ဆိုမြို့နယ်က စစ်ဘေး ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“ကျမတို့နေတဲ့ဘက်မှာကျတော့ နှစ်ရွာ တစ်ခါတုန်းက၊ ဟိုတစ်ရက်က ပြန်ဖြစ် (ရိက္ခာပြတ်) သေးတယ်။ ဟိုဘက်အောက်ကဆို သုံးရွာပေါင်းပဲပေါ့နော်။ ဟိုးတောထဲမှာ အရင်နှစ်တွေကဆို အဲဒီလိုမျိုး တောထဲမှာတွေဘာတွေ မအိပ်ဖူးတော့လေနော် အေးမှန်းမသိဘူး။ အခုကျတော့ စောင်တွေမလုံလောက်တာဖြစ်တယ်။ အလှူရှင် ကတော့ ပုံမှန်ဆိုရှိပါတယ်။ ဒါပေမဲ့ အခုတလော မတွေ့မိဘူး”
အခုလို ကယားပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေဟာ စစ်ကောင်စီက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ပိတ်ဆို့ထားတာကြောင့်ဖြစ်တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
“စစ်တပ်က ကယားပြည်နယ်ထဲမှာ ဝင်လာတဲ့ လိုင်းကားတွေဆိုရင် ဖမ်းတယ်ပေါ့။ ဥပမာ ကုန်ပစ္စည်းတွေ ဖြတ်တယ်ပေါ့။ အထူးသဖြင့် ဆေးဝါးတွေ အရမ်းကန့်သတ် တယ်ပေါ့။ တချို့ဆေးဝါးတွေဆိုရင် ဖမ်းတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့၊ လူရော၊ ဆေးရော။ နောက်တစ်ခုက အလှူရှင်တွေရဲ့ ကူညီထောက်ပံ့ပေးမှုပေါ့။ ကြာလာတော့လည်း တစ်နိုင်ငံလုံးဖြစ်တာဆိုတော့ နည်းလာတာလည်း ပါတာပေါ့။ နောက်ပြီး INGO တို့ NGO တို့ကလည်း တကယ့်မြေပြင်မှာ ထိထိရောက်ရောက် ကူညီနိုင်တဲ့အနေအထားလည်း တွေ့နေတယ်ပေါ့။ အဲဒီအချက်တွေကြောင့်ပါပဲ ကျနော်တို့ တွေ့နေရတာတော့”
ဒီအခြေအနေတွေကြောင့် စစ်ဘေးဒုက္ခသည်တွေထဲမှာ ဒီဇင်ဘာလအတွင်း အဆုံးစီရင် သွားသူ သုံးဦးရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ကယားပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကတော့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတယ်လို့ ပြောပါတယ်။
"ကိုယ့်ဒီဘက်က စစ်ရှောင်အကုန်လုံးကိုတော့ အားလုံးအဆင်ပြေအောင် စီစဉ်ပေးနေတယ်၊ ထောက်ပံ့ပေးနေတယ်နော်။ အကုန်လုံးက စစ်ရှောင်ဆိုပေမယ့် အခုပြန်ပြီးတော့ ပြန်လည်ထူထောင်ရေးနဲ့ နေထိုင်ရေး ပြန်နေရာချထားရေးတွေက အကုန်လုံးလုပ်ပေးနေတော့ (စစ်ဘေးဒုက္ခသည် အရေအတွက်) အကုန်လုံးက နည်းပြီးလျော့ပါးလာပါတယ်"
သူတို့အနေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ဆန်၊ ဆီ၊ ဆားနဲ့ ပဲတွေ ထောက်ပံ့ပေးနေသလို နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း ကူညီနိုင်ဖို့ ခွင့်ပြုထားတယ်လို့ ဦးအောင်ဝင်းဦးက ပြောပါတယ်။
ကယားပြည်နယ်အတွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးခဲ့ရတဲ့ အရပ်သား အရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ၂၉ ဦးခန့်သာရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ ၉၇ ဦးအထိ သုံးဆကျော် တိုးလာတယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းက ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ ဘားမားအက်ဥပဒေပါဝင်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အတည်ပြုထားပါတယ်။
နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေဟာ စစ်ဘေးဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်လာစေနိုင်ဖို့ မျှော်လင့်ထားတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။