ခါမ်းပါတ်မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ခန့်ရှိလာ
2023.07.27
စစ်ကိုင်းတိုင်း၊ တမူးခရိုင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းပေါ်မှာရှိတဲ့ ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂၅ ရက်နဲ့ ၂၆ ရက်နှစ်ရက်ဆက်တိုက် လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်ပြင်းထန် နေတာကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်ထောင်ခန့်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ခါမ်းပါတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဇူလိုင်လ ၂၁ ရက်ကနေ ဇူလိုင် ၂၇ ရက် ဒီနေ့အထိ တိုက်ပွဲဖြစ်နေတာကြောင့် ခါမ်းပါတ်မြို့ ဒေသခံတစ်ထောင် ကျော် က ကလေးမြို့ဘက်၊ ခါမ်းပါတ်မြို့အနီးမှာရှိတဲ့ ကနန်နဲ့ ကမ္မကြီးရွာက ဒေသခံ ခုနစ်ရာကျော်က အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးနေရတာပါ။
တစ်ဖက်မှာလည်း အိန္ဒိယဘက်ထွက်ပြေးသွားတဲ့ မြန်မာဒုက္ခသည်ခုနစ်ရာကျော်ကို နေရပ်ပြန်ပို့ဖို့ မဏိပူရ် အစိုးရက အိန္ဒိယနယ်ခြားစောင့်တပ်ကို ညွှန်ကြားထားလို့ အခက်အခဲဖြစ်နေပြီး တချို့လည်း တောတောင်တွေထဲမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
"စစ်ဘေးရှောင်လာတဲ့သူက သုံးလေးနေရာလောက်မှာရှိပြီးမှ လူဦးရေက ပျမ်းမျှ တစ်ထောင်အထက်မှာတော့ အသာလေး ရှိမယ်။ ခါမ်းပါတ်တစ်မြို့လုံးနီးပါးပါပဲပေါ့လေ"
ကလေးမြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ခါမ်းပါတ်မြို့က စစ်ဘေးဒုက္ခသည်တစ်ဦးက တော့ အခုလို စစ်ရှောင်လာရတာ အစစအရာရာအခက်အခဲကြုံတွေ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ စစ်ရှောင်ဖြစ်တဲ့အခါကျတော့ အခက်အခဲကတော့ရှိပါတယ် ခင်ဗျ။ အဓိကကတော့ ဒီမှာ နာမကျန်းဖြစ်နေတဲ့သူတွေရှိတယ်။ တချို့လည်း ခါးဝတ်ခါးစားနဲ့ ပြေးလာရတဲ့သူတွေရှိတဲ့ အခါကျတော့ အဲဒါမျိုးတွေလည်းရှိတာပေါ့။ ပြီးလို့ရှိရင် နေရာ ထိုင်ခင်းကတော့ သူတို့ရဲ့ ဇရပ်တစ်ခုထဲမှာ အကုန်လုံးဝိုင်းစုပြီး နေရတာကျတော့ အိမ်မှာလိုတော့ ဘယ်ကသာကောင်းပါ့မလဲ”
ခါမ်းပါတ်မြို့မှာ ဇူလိုင်လ ၂၀ ရက်နေ့က ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးမိရာက တိုက်ပွဲစတင်ခဲ့တာလို့ သူက ပြောပါတယ်။
အဲဒီနောက် ခါမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက်ထဲမှာ တွဲလျက်အခြေစိုက်ထားတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း တို့ကို ဇူလိုင် ၂၂ ရက်နေ့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေက ဝိုင်းပြီး အပြန်အလှန်ပစ်ခတ်ကြ ရာကနေ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံတွေ စတင်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
အိမ်ခြေနှစ်ထောင်ဝန်းကျင်ရှိတဲ့ ခါမ်းပါတ်မြို့က အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) ရပ်ကွက် ငါးခုက ဒေသခံ တစ်ထောင်ကျော်ဟာ ကလေးမြို့က ခရစ်ယာန် ဘာသာရေးအသင်းတော် ဘုရားကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေး နေသူ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ ဒီဘာသာရေးအသင်းတော်ဘုရားကျောင်းတွေကို အကြောင်းပြုပြီးမှ စစ်ဘေးရှောင်လာတဲ့သူက သုံးလေးနေရာလောက်မှာရှိပြီးမှ လူဦးရေက ပျမ်းမျှ တစ်ထောင်အထက်မှာတော့ အသာလေး ရှိမယ်။ ခါမ်းပါတ်တစ်မြို့လုံးနီးပါးပါပဲပေါ့လေ။ ပြေးလာကြတယ်”
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲကိုထွက်ပြေးကြတဲ့ ကနန်နဲ့ ကမ္မကြီးရွာက ဒေသခံတွေက တော့ အိန္ဒိယ နယ်ခြားစောင့်တပ်ရဲ့ မောင်းထုတ်မှုကို ကြုံတွေ့နေရကြောင်း ဖုန်းလိုင်း အဆက်အသွယ် မပြတ်တောက် ခင် ဒေသခံတွေက ပြောတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်တည်းမှာတင် ကလေးသုံးရာကျော်နဲ့ အမျိုးသမီး နှစ်ရာကျော် အပါအဝင် ဒုက္ခသည် ၇၁၈ ယောက် အိန္ဒိယဘက်ကို ထွက်ပြေးလာတယ်လို့ မဏိပူရ်အစိုးရက ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံအခြေစိုက် ဒီမိုကရေစီအရေးလှုပ်ရှားမှုအဖွဲ့ India for Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခွါ ကတော့ အိန္ဒိယဘက်မှာ ခိုလှုံဖို့ လုံခြုံရေးအရ စိန်ခေါ်မှု ရှိသလို လက်ရှိမှာ မြန်မာနိုင်ငံသားမှန်း သိရင် ပြန်မောင်းထုတ်တာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။
“ချင်းမှာတော့ မဏိပူရ် ပဋိပက္ခကြောင့် အိန္ဒိယဘက်ခြမ်းကို အဝင်မခံဘူးလို့ ကျွန်တော် တို့ သိထားရပါတယ်။ ပြီးတော့ ဒီမဏိပူရ်ကနေတောင်မှ မြန်မာနိုင်ငံသားမှန်းသိရင် တော့ ပြန်မောင်းထုတ်တဲ့ဟာတွေ ရှိတယ်။ ဒါ ရာဂဏန်းကျော်ကျော် ပြန်ပို့တဲ့ဟာလည်း ရှိတယ်။ နောက်တစ်ခုက လက်ရှိအခြေအနေအရ မဏိပူရ်မှာ ပဋိပက္ခဖြစ်တဲ့ နယ်မြေမှာ ဆိုရင် အင်တာနက်လိုင်း ဖြတ်တောက်ထားတာဖြစ်တယ်။ နောက်ပြီးတော့မှ ဖုန်းလိုင်း လည်း ပုံမှန်မရတဲ့အနေအထားဖြစ်တာမို့လို့ ဒီသတင်းအချက်အလက်ကိုတော့ တိတိကျကျ နေ့စဉ် မပြတ်တော့ ကျွန်တော်တို့ မရရှိနိုင်ပါဘူး”
ကနန်နဲ့ ကမ္မကြီးရွာမှာ မပြေးနိုင်မလွှားနိုင်တဲ့ မိသားစုတွေကတော့ တိုက်ပွဲတွေကြားမှာ အရဲစွန့်ပြီး ဆက်နေထိုင်ကြသလို အိန္ဒိယနယ်ခြားစောင့်တပ်က မောင်းထုတ်လို့ တောထဲမှာပဲ ခိုလှုံနေရသူတွေလည်း ရှိနေတယ်လို့ ကနန်ရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
ခါမ်းပါတ်မြို့မှာရှိတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ဇူလိုင် ၂၇ ရက် ဒီနေ့ အထိ ခါမ်းပါတ်မြို့မှာ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲပဲလို့ RFA ကို ပြောပါ တယ်။
“စစ်ရေးအခြေအနေကတော့ ကျွန်တော် သုံးသပ်ရသလောက်တော့ ဟိုဘက်ဒီဘက် တင်းနေကြတုန်းပါပဲ။ အခု လောလောဆယ် အခြေအနေကပေါ့နော်။ ဒီကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က လည်း နောက်ဆုတ်ဖို့ အစီအစဉ်မရှိဘူးပေါ့နော်။ ဟိုဘက်ကလည်း လက်မလွှတ်ချင်ဘူးဆိုတဲ့ သဘောမျိုး။ နှစ်ခုစလုံး ဟိုဘက်ဒီဘက် တင်းနေတုန်းပါဗျာ”
ဇူလိုင် ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ ခါမ်းပါတ်မြို့ထဲကို နှစ်ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေ ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါ ပါဝင်တိုက်ခိုက်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် တပ်ပိုင်းဆိုင်ရာကွပ်ကဲမှု အလှမ်းဝေးတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။
“တမူးဘက်မှာတော့ ကျွန်တော်တို့ လှုပ်ရှားနယ်မြေတော့ မဟုတ်ဘူးခင်ဗျ။ အဲဒါ ကြောင့် အဲမှာ ကျွန်တော်တို့ KIO တပ်စခန်းတွေ ချထားတယ်ဆိုတာကတော့ ကျွန်တော်ကတော့ မကြားမိဘူးခင်ဗျ။ တိုက်ပွဲမှာတော့ ပါတယ်လို့လည်း မပြောနိုင်ဘူး။ မပါဘူးလို့လည်း ကျွန်တော်က အတည်ပြုပြောလို့မရဘူး အဲဘက်ကတော့။ နည်းနည်း ဝေးတယ် ကျွန်တော်တို့နဲ့။ တပ်ပိုင်းဆိုင်ရာတွေ ကွပ်ကဲတဲ့နေရာနဲ့ နည်းနည်းဝေး လို့လေ။ အတည်ပြုပေးလို့မရဘူး အဲဘက်ကတော့”
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ဆက်စပ်နေပြီး စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြတာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈,၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။