စစ်ကောင်စီတပ်နဲ့ KIA ကွတ်ခိုင်မှာ တိုက်ပွဲပြင်းထန်နေ
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၆)၊ တပ်ရင်း (၉) တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက စစ်ကောင်စီက ကြည်းကြောင်းရော၊ လေကြောင်းနဲ့ပါ အပြင်းအထန်ထိုးစစ်ဆင်နေတယ်လို့ KIA တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့လယ်ပိုင်းကစလို့ KIA တပ်ရင်း (၉) နယ်မြေကို စစ်ကြောင်းသုံးခုခွဲပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့တာပါ။
တိုက်ပွဲအတွင်းမှာ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနဲ့ မူဆယ် ၁၀၅ မိုင်မှာရှိတဲ့ စစ်ကောင်စီ တပ်တွေကနေ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကွတ်ခိုင်မြို့နယ်ထဲက ဒေသခံတစ်ဦးက ပြောပါတယ်။
"ပြည်သူတွေကျတော့ (ကြီးကြီးမားမား) ထိခိုက်တာမရှိဘူး။ ဒါပေမဲ့လည်း စစချင်း ဖြစ်တဲ့ (ဖေဖော်ဝါရီလ) ၁၂ ရက်မှာ ထင်တယ်၊ နမ့်ဖတ်ကာဘက်မှာ စစ်ကောင်စီ ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးက နမ့်ဖတ်ကာကျေးရွာမှာ သွားကျပြီး အဲဒီမှာ အမျိုးသမီး အသက် ၄၀ ခန့်လောက် ရှိမယ်ထင်တယ်။ မစိုးရိမ်ရ၊ လည်ပင်းမှာ နည်းနည်းထိတယ်ပေါ့နော်။ အဲဒီနောက် နမ့်*** ဆိုတာ ရှိတယ်။ အဲဒီ နမ့် -- က တပ်ရင်းကနေ လက်နက်ကြီးပစ်လိုက်တာ နမ့်ဖလွန်းကျေးရွာက အဖိုးအိုတစ်ဦး အသက် ၉၀ ရှိပြီ၊ သူ့ကိုကျတော့ ကျောကုန်းမှာထိတယ်။ ဒါပေမဲ့လည်း အသက်အန္တရာယ်တော့ မရှိဘူးပေါ့နော်"
တိုက်ပွဲက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ အနည်းငယ်ဝေးတာကြောင့် ထွက်ပြေးတိမ်းရှောင်ရတာမျိုးမရှိဘူးလို့ သူကပြောပါတယ်။
စစ်ကောင်စီအတွက် ဝါဒဖြန့်နေတဲ့ တယ်လီဂရန်ချန်နယ်တချို့မှာတော့ KIA တပ်ရင်း (၉) ဌာနချုပ်ကို ဖေဖော်ဝါရီလ ၁၇ ရက်မှာ သိမ်းယူလိုက်တယ်လို့ ရေးသားဖော်ပြ နေကြပါတယ်။
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့တော့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုပါတယ်။
"အဲဒီဟာကတော့ မှန်ကန်မှုမရှိဘူး။ အဲဒါက မဟုတ်ဘူး။ အရင်က ကျနော်တို့ စခန်းဟောင်းတွေဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျနော်တို့တောင် မနေတဲ့နေရာပါ။ အခုထိတော့ စစ်ရေးက တင်းမာတဲ့အနေအထားမှာပဲ ရှိနေပါတယ်"
စစ်ကောင်စီဘက်က ဝါဒဖြန့်နေတာဟာ KIA ရဲ့ စခန်းဟောင်းတစ်ခုဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဝန်ခံပေမယ့် အသေးစိတ်အခြေအနေကိုတော့ ထုတ်မပြောပါဘူး။
အခုထိတော့ စစ်ရေးက တင်းမာတဲ့အနေအထားမှာပဲ ရှိနေပါတယ်
KIA တပ်ရင်း(၉) ရဲ့ သတင်းအရင်းအမြစ်တစ်ဦးကတော့ ဒီတိုက်ပွဲမှာ KIA ဘက်က လေးဦးသေဆုံးပြီး နှစ်ဦး မိုင်းထိတယ်လို့ ပြောပါတယ်။ အလားတူ စစ်ကောင်စီဘက်က စစ်သား ၄၀ ဝန်းကျင် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ်-မန္တလေးကားလမ်းရဲ့ မြောက်ဘက်ကနေ ကချင်ပြည်နယ်အထိ ဒေသတစ်လျှောက်ဟာ KIA ထိန်းချုပ်နယ်မြေဖြစ်ပြီး ဒီစခန်းကတော့ သီးခြားဖြစ်နေတာကြောင့် စစ်ကောင်စီက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"တပ်ရင်း (၉) ကတော့ ကားလမ်းရဲ့တောင်ဘက်၊ အရင်တုန်းက မထုနော် (ကချင်ကာကွယ်ရေးတပ်မတော်-KDA ေခါင်းဆောင်) တို့ လှုပ်ရှားခဲ့တဲ့နေရာမှာ ဆက်လှုပ်ရှားနေတာ။ ဆိုလိုတာက KIA ရဲ့ နယ်မြေထဲအထိ ဝင်မတိုက်ဘဲနဲ့ သီးခြား ဖြစ်နေတဲ့ ကားလမ်းတောင်ဘက်က တပ်ရင်း (၉) ကို ထိုးစစ်ဆင်တယ်လို့ ကျနော် ယူဆပါတယ်။ အဲဒါနဲ့ တစ်ဆက်တည်း စဉ်းစားစရာရှိတာက အဲဒီဒေသနဲ့ ကပ်လျက်က ကိုးကန့်လှုပ်ရှားနေတဲ့ မုံးကိုးဒေသရှိတယ်"

နောက်ပြီး မုံးကိုးဒေသအနီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုစည်းလာမှာကို စစ်ကောင်စီက မလိုလားတဲ့အတွက် ဒီဒေသမှာ ထိုးစစ်ဆင်တာ ဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ KIA တပ်ရင်း(၉)ဟာ PDF တွေကို လက်နက်ထောက်ပံ့နေတဲ့အတွက် စစ်ကောင်စီတပ်က တိုက်ခိုက်နေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
စစ်ကောင်စီအနေနဲ့ သူနဲ့တွေ့ဆုံဆွေးနွေးရှိမနေဘဲ PDF တွေကို လေ့ကျင့်ထောက်ပံ့ပေးပြီး ပူးပေါင်းတိုက်ခိုက်ပေးနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသား တပ်ဦး (CNF) တို့ကို ဆက်လက်တိုက်ခိုက်လိမ့်မယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။
အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင် လွတ်မြောက်ရေးတပ် (KIA) အကြား တိုက်ပွဲ ၁၁၂၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။