မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကြေညာချက်အပေါ်အမြင်များ


2018.12.28
northarmy-622 မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်။
Photo: RFA

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်အပေါ် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွ့ဲတွေ ဖြစ်တဲ့ KIA ၊ MNDAA ၊ TNLA နဲ့ AA တို့ဟာ ဒီဇင်ဘာလ ၂၇ ရက်နေ့က အစည်းအဝေးကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူက စုစည်း တင်ပြထားပါတယ်။

~~~~~~~~~~
မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကြေညာချက်အပေါ်အမြင်များ

(ကျော်သူ)
တပ်မတော်အနေနဲ့ မြောက်ပိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ်နယ်မြေနဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့မှာ စစ်ဆင်ရေးလှုပ်ရှားမှုတွေကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၄ လ တာရပ်ဆိုင်းထားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားတာဖြစ်ပါတယ်။


NCA လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုက်တပ်ဖွဲ့တွေနဲ့လည်း တစ်ဖွဲ့ချင်းစီ အလိုက်တွေ့ဆုံညှိနှိုင်းသွားဖို့ လိုအပ်မယ်လို့လည်း ယူဆတယ်လို့ ပါရှိထားပါတယ်။

တပ်မတော်ဘက်က ကြေညာချက်အပေါ် မြောက်ပိုင်း ၄ ဖွဲ့တို့က ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကချင်ပြည်နယ် KIO ထိန်းချုပ်ရာနယ်မြေမှာ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်ခဲ့ကြပြီး ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ဟာ တွေ့ဆုံဆွေးနွေးရေးရဲ့ လမ်း စဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း စစ်ဆင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမယ်ဆိုတဲ့ ဖော်ပြပါဒေသတွေမှာ လှုပ်ရှားနေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA ၊ MNDAA ၊ TNLA တို့သာပါဝင်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် က AA ရက္ခိုင့်တပ်မတော်ကိုတော့ လက်ရှိအချိန်ထိ ထိုးစစ်ဆင်နွဲနေတုန်းပဲဖြစ်တာကြောင့် တိုင်းစစ်ဌာနချုပ်အားလုံးတို့ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ဆိုပြီး တောင်းဆိုထားပါတယ်။

မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့တို့ရဲ့ကိုယ်စား TNLA က ဗိုလ်မှူးချုပ် တာဖုန်းကျော်က အခုလို ပြောပါတယ်။

‘’တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ စစ်တိုင်း ၅ တိုင်းအားလုံးကို စစ်ဆင်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးမယ်လို့ ကြေညာထားပါတယ်၊ မလုံလောက်ဘူးလို့ ကျနော်တို့မြင်တယ်၊ စစ်တိုင်းအားလုံးကိုကြေညာဖို့ သမ္မတအနေနဲ့ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်၊ စစ်တိုင်းအားလုံးရပ်ဆိုင်းပါမှ ကျနော်တို့က တကယ်လက်တွေ့ကျတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးတဲ့အချိန်မှာ ရှေ့ကိုပိုပြီးတော့ ခြေတစ်လှမ်းတိုးနိုင်မယ် ငြိမ်းချမ်းရေးအမြန်ရနိုင်မယ်လို့မြင်ပါတယ်၊ အခု တစ်ပတ်ကျော်ပါပြီ ရခိုင်ဒေသ တပ်မတော်ရဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် တစ်ရက်ကို ၃ ၄ ၅ နေရာ ဖြစ်နေပါတယ်၊ တိုက်ပွဲတွေဆက်ဖြစ်နေမယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာရော အပစ်ရပ်စဲရေးဆွေးနွေးတဲ့အချိန်မှာ ရှေ့တိုးနိုင်မယ့်အနေအထား ခက်တယ် လို့မြင်ပါတယ်’’

ရခိုင်ပြည်နယ်ဘက်အခြမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ တပ်မတော်က စစ်ဆင်ရေးရပ် ဆိုင်းထားမယ်ဆိုတာ မပါဝင်တာနဲ့ ပတ်သက်ပြီး Myanmar Institute for Peace and Security က (Executive Director) ဒေါက်တာ မင်းဇော်ဦး က အခုလို သုံးသပ်ပြောပါတယ်။

‘’ကချင်ဘက်နဲ့ ရှမ်းမြောက်ဘက်တွေမှာတော့ ကြီးကြီးမားမားဖြစ်ဖို့ အလားအလာနည်းတယ် ၊ ဒါပေမဲ့ ရခိုင်ဘက်မှာကတော့ တပ်မတော်ဘက်က ရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်၊ အဓိကတော့စစ်ဆင်ရေးလုပ်တဲ့ပုံစံကိုကြည့်ရင် AA စခန်းရှိတယ်ဆိုတဲ့ နေရာတွေအကုန်လုံးကို လိုက်ရှင်းနေတယ်ဆိုတဲ့ သဘောမှာရှိတယ်၊ စခန်းတွေ မရှိတော့ဘူးဆိုရင် တပ်မတော်ဘက်က ရပ်ကောင်းလည်းရပ်လိုက်မှာပေါ့လေ၊ ကချင်ပြည်နယ်မှာ သင်တန်းပေးပြီး အဲဒီမှာခေါ်သွင်းလာတဲ့ AA က သူတို့ရဲ့ ရဲဘော်တွေနဲ့ လက်နက်ခဲယမ်းတွေကို တပ်မတော်က ပိုပြီးတော့စိုးရိမ်ပုံရတယ်၊ အဲဒါတွေကို ဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ကိစ္စကို ညှိနှိုင်းမှုလုပ်ရမှာပေါ့၊ ညှိနှိုင်းမှု အဆင်ပြေရင်တော့ တစ်နိုင်ငံလုံးနီးပါး အပစ်ခတ်ရပ်စဲရေးရသွားပြီလို့ ပြောလို့ရတယ်ပေါ့ ’’

စစ်ရေး၊ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်က သူ့အမြင်ကို အခုလိုပြောပါ တယ်။

‘’ကျနော်တို့တိုင်းပြည်က စစ်ရေးပြဿနာကို တပ်မတော်က အဆုံးအဖြတ်ပေးနေတာဗျ၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေးပြဿနာကို သမ္မတက ဆုံးဖြတ်ပေးနေတာဗျ ၊ အဲဒီကိစ္စမှာ သမ္မတဆိုပြီးတော့ တပ်မတော်နဲ့ အကုန်လုံးကို တပ်မတော်နဲ့မညှိနှိုင်းပဲနဲ့ လုပ်ဖို့ကိုင်ဖို့ဆိုတာ အတော်အခက်အခဲရှိတဲ့ အနေအထားပါ၊ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သတိထားပြီးဆောင်ရွက်နေရတဲ့ အနေအထားမှာ သမ္မတရဲ့လုပ်ပိုင်ခွင့်တွေကို စိတ်ကြိုက်တိုးချဲ့နိုင်တဲ့ အခြေအနေနဲ့ ဖွဲ့စည်းပုံအခြေခံက ဖန်တီးပေးတဲ့ အခွင့်အလမ်းမရှိသေးဘူးလို့ ကျနော်ပြောချင်ပါတယ်’’

အစိုးရတပ်မတော်တို့နဲ့ ဆွေးနွေးရာမှာလည်း မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့တို့က အတူတကွတွေ့ဆုံဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးပွဲကိုလည်း တရုတ်နိုင်ငံထဲမှာကျင်းပဖို့၊ ဆွေးနွေးမယ့်ပွဲတိုင်းမှာ FPNCC အဖွဲ့ဝင်တွေဖြစ်ကြတဲ့ UWSA ၊ SSPP ၊ NDAA အဖွဲ့တွေက အသိသက်သေအနေနဲ့ ပါဝင်ဖို့ စတာတွေကိုလည်း ကြေညာချက်ထဲမှာ ထည့်သွင်းထားပါတယ်။

တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာရတယ်ဆိုတာကိုက အပေါင်းလက္ခဏာပဲလို့ NCA လက်မှတ်ထိုးထားတဲ့ ABSDF အဖွဲ့က ဦးမျိုးဝင်းက ဆိုပါတယ်။

‘’အခုလိုမျိုးတွေ့ဆုံဆွေးနွေးနိုင်ဖို့ လမ်းစပေါ်လာတာကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ခရီးမှာတော့ အထောက်အကူပြုနိုင်လိမ့်မယ်၊ သဘောထားထုတ်ပြန်ချက်ထုတ်ရုံနဲ့ မပြီးသေးဘူးပေ့ါနော်၊ အရေးကြီးဆုံးကတော့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ပေါ့နော် ၄ ဖွဲ့ တစ်ပေါင်းတည်းတွေ့ဆုံဆွေးနွေးနိုင်ဖို့ အသိသက်သေတွေ တစ်ပေါင်းတည်းပါဖို့ တောင်းဆိုတာက နှစ်ဖက်သဘောတူပြီးသားလို့ နားလည်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ ၃ ဖွဲ့က statement ထုတ်တယ် peace commission က ထုတ်တယ်၊ ဒါတွေဟာ ဒီဆွေးနွေးပွဲ ဖြစ်ပေါ်လာရတဲ့အခြေခံတွေကို၊ ၄ ဖွဲ့ bilateral ပေးမယ်ဆိုတာလည်း ကောင်းတဲ့အခြေအနေတစ်ခုပေါ့နော် ဒီ bilateral သဘောသဘာဝက နှစ်ဖက်ထိုးတဲ့အပိုင်းဖြစ်တာကို၊ NCA စာချုပ်လို အားလုံးစုပေါင်းထိုးတာမဟုတ်ဘူး၊ တွေ့တာတော့ပေါင်းပြီးတွေ့တယ်၊ ဒါပေမဲ့ bilateral ထိုးရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ တပ်မတော်တို့ အစိုးရတို့နဲ့ ထိုးရတာဖြစ်တာကို ’’

နှစ်ပေါင်း ၇၀ ကြာပြည်တွင်းစစ်မီးငြိမ်းနိုင်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နှစ်ဖက်စလုံးကနေ လျော့ချလာမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အကောင်အထည်ဖော်လာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။

မြောက်ပိုင်းအဖွဲ့ ၄ ဖွဲ့တို့ရဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အပေါ် တပ်မတော်ဘက်က သဘောထားကို သိရဖို့ တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူးခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။