နိုင်ငံ့အပြောင်းအလဲဖြစ်လာဖို့ ဦးတည်ဆောင်ရွက်နေကြောင်း KIA ပြော

RFA Burmese
2024.02.08
နိုင်ငံ့အပြောင်းအလဲဖြစ်လာဖို့ ဦးတည်ဆောင်ရွက်နေကြောင်း KIA ပြော နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည့် KIA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မြို့တွေအပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ခပ်စိပ်စိပ် တိုက်ခိုက်သိမ်းယူနေတာဟာ နိုင်ငံလုံးဆိုင်ရာ အပြောင်းအလဲတွေကို ဦးတည်နေတာလို့ KIA က ပြောပါတယ်။

“ဒီနွေဦးတော်လှန်ရေးတို့၊ မြောက်ပိုင်းသုံးဖွဲ့ရဲ့ စစ်ဆင်ရေးတို့ အားလုံးပေါ့။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေးအပြောင်းအလဲတွေ စစ်ရေးအပြောင်းအလဲတွေရှိနိုင်တယ်လို့ ကျွန်တော်တို့ မျှော်လင့်တာဖြစ်ပါတယ်”

အခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ဖေဖာ်ဝါရီလ ၂ ရက်နေ့အထိ တစ်လအတွင်း ဖားကန့်မြို့နယ်က ဝှေခါဗျူဟာကုန်းနဲ့ နန့်တိန်ဗျူဟာကုန်း စခန်းနှစ်ခု၊ တနိုင်းမြို့နယ်က တပ်စခန်းတစ်ခု၊ မံစီမြို့နယ်က တပ်စခန်းလေးခုနဲ့ ရှမ်းမြောက်ဒေသမှာ နမ့်ဖတ်ကာ တပ်စခန်းတစ်ခု စုစုပေါင်း စခန်း ၈ ခုအပြင် မဘိမ်းမြို့ကို KIA နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။

“အခုနှစ်မှာ ပြည်သူတွေအနေနဲ့ အပြောင်းအလဲကို မြင်လာရနိုင်တယ်”

အဲဒီအပြင် နမ့်ဖတ်ကာ တပ်စခန်းကို လေကြောင်းအကူလာခဲ့တဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ ဝိုင်းမော်မြို့နယ်ထဲက ရှေ့တန်းကို ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်တစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ KIA က ကြေညာထားပါတယ်။


စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အမြောက်အများနဲ့ စစ်သုံ့ပန်း တစ်ရာဝန်းကျင် ဖမ်းမိထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ နှစ်ဖက်အကျဆုံးစာရင်းကိုတော့ KIA က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပါတယ်။

“စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ တပ်အင်အားတွေ တော်တော်လေးချည့်နဲ့သွားတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော်တို့ ကချင်သာမကပါဘူး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာတွေလည်း သူတို့ အားနည်းသွားတာကို တွေ့ရပါတယ်။ ခြေလျင်နဲ့ မြေပြင်ထိုးပြီး တိုက်ပွဲဆင်နွှဲဖို့ဆိုတာ သူ့အတွက်တော့ အခက်ခဲတွေ အများကြီးရှိတယ်”

KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ၂၀၂၄ နှစ်သစ်မိန့်ခွန်းမှာပြောဆိုခဲ့တဲ့ “အခုနှစ်မှာ ပြည်သူတွေအနေနဲ့ အပြောင်းအလဲကို မြင်လာရနိုင်တယ်” ဆိုတဲ့အတိုင်း စစ်ဆင်ရေးတွေကို ဖော်ဆောင်နေတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အာဏာသိမ်းထားတာ သုံးနှစ်ပြည့်ပြီဖြစ်တဲ့ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းကို နောက်ထပ်ခြောက်လ ထပ်တိုးလိုက်တာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း သူက ခန့်မှန်းထားပါတယ်။

သုံးနှစ်အတွင်းမှာ စစ်ကောင်စီနဲ့ KIA တို့ကြား တိုက်ပွဲပေါင်း ၁,၇၀၀ လောက်အထိ ဖြစ်ခဲ့ပြီး၊ ၂၀၂၃ တစ်နှစ်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ နှစ်ဖက်တိုက်ပွဲပေါင်း ၅၆၃ ကြိမ် ဖြစ်ခဲ့သလို တပ်စခန်း ၂၃ ခုကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA က ပြောပါတယ်။

၂၀၂၄ ထဲမှာ စစ်ရေးအရှိန်မြှင့်ဖို့ရှိတယ်လို့ ဖားကန့် ပြည်သူ့ကာကွယ်ရေး KPDF အဖွဲ့က အမည် မဖော်လိုတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။

“မြောက်ပိုင်းကဆိုရင် နည်းနည်းအထနှေးတဲ့အပိုင်းမှာရှိတယ်လို့ သုံးသပ်ကြတယ်၊ ဝေဖန်ကြတာ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အခိုင်အမာပြင်ဆင်နေတဲ့ အပိုင်းတွေလည်း အများကြီးပါတယ်။ ပြီးရင် စစ်ကိုင်းဘက်ကို ထောက်ပံ့ (support) ပေးနေတဲ့အပိုင်းလည်း အများကြီးရှိတဲ့အခါကျတော့ ဒီဘက်မှာတော့ စစ်ရေးအခြေနေအရ သိပ်မလှုပ်ရှားသလိုဖြစ်တာ။ ဒါပေမဲ့ ဒီ ၂၀၂၄ မှာတော့ ကျွန်တော်တို့က စစ်ရေးအရှိန်မြှင့်ဖို့ဆိုပြီးတော့ ရည်ရွယ်ချက်အတိုင်း စစ်ရေးဖော်ဆောင်တယ်လို့ ပြောလို့ရတယ်”

၁၀၂၇ စစ်ဆင်ရေးစပြီးနောက် စစ်ကောင်စီတပ်ဟာ ကချင်၊ ရှမ်းမြောက်၊ ကယား၊ စစ်ကိုင်း၊ ချင်းနဲ့ ရခိုင်ပြည်နယ်မှာ တပ်စခန်းတွေ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေရပြီး စစ်ကောင်စီဟာ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းနေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြောနေကြပါတယ်။

နမ့်ခမ်းမြို့နှင့် တရုတ်ပြည်နယ်စပ်ရှိ ကိုင်ထိပ် စစ်ကောင်စီတပ်စခန်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)
နမ့်ခမ်းမြို့နှင့် တရုတ်ပြည်နယ်စပ်ရှိ ကိုင်ထိပ် စစ်ကောင်စီတပ်စခန်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ခဲ့သည်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)


ဒီလိုသုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို လတ်တလော မရသေးပါဘူး။ ဒါပေမဲ့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ယောက်ကတော့ ညီနောင်သုံးဖွဲ့ စစ်ဆင်ရေးနောက်ပိုင်း အရှုံးတွေနဲ့ရင်ဆိုင်နေရတာဟာ မူဝါဒအမှားကြောင့်သာဖြစ်ပြီး စစ်တပ်အနေနဲ့ လုံးဝကျရှုံးမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။

“စစ်တပ်က လုံးဝကျရှုံးစရာမရှိဘူး။ စစ်တပ်က ပြောရရင်တော့ Man Power Management အဲဒီအပိုင်းမှာ အရင်တုန်းကချခဲ့တဲ့ မူဝါဒတွေ မှားခဲ့တာတွေရှိတယ်။ အဲဒီ မူဝါဒအမှားကြောင့် ခံရတယ်။ နောက်ပြီး နည်းပညာ အငိုက်ပေါ့။ တကယ့်တကယ် တပ်ကခံစရာအကြောင်း မရှိဘူး။ အဲတော့ မိုးမိတ်မှာ သူတို့ တိုက်တယ်။ မိုးမိတ်ကို သူတို့ မရတဲ့အပြင် အခုပြန်အတိုက်ခံရပြီ။ မိုးမိတ်က ထွက်ပြေးရပြီ”

စစ်ကောင်စီအနေနဲ့ မူဝါဒအမှားတွေကို ပြုပြင်ပြီး လက်လွတ်ဆုံးရှုံးခဲ့တဲ့ မြို့တွေ၊ တပ်စခန်းတွေကို ပြန်ထိန်းချုပ်လာနိုင်မယ်လို့လည်း သူက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လအတွင်း KIA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲတွေကြားမှာ သေဆုံးတဲ့ အရပ်သား အယောက် နှစ်ဆယ်ဝန်းကျင်ရှိပြီး၊ သုံးဆယ်ဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့သလို လူပေါင်း သုံးသောင်းဝန်းကျင်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။