လိုင်ဇာနဲ့ မိုင်ဂျာယန်အနီးက တပ်စခန်း ခြောက်ဆယ်နီးပါးကို KIA သိမ်းယူ

RFA Burmese
2024.03.31
လိုင်ဇာနဲ့ မိုင်ဂျာယန်အနီးက တပ်စခန်း ခြောက်ဆယ်နီးပါးကို KIA သိမ်းယူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တစ်လနီးပါးအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ခြောက်ဆယ်နီးပါးကို သိမ်းပိုက်ရရှိထားပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြောပါတယ်။

ဒီစစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး၊ ဗိုလ်မှူးတစ်ဦးနဲ့ စစ်ကောင်စီလက်အောက်ခံ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းတို့သေဆုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းမိတာတွေလည်းရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

လောလောဆယ်မှာ ကချင်ပြည်နယ် လွယ်ဂျယ်မြို့အနီး စိန်လုံဗျူဟာကုန်းကိုရဖို့ KIA တပ်တွေ အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။

စိန်လုံဗျူဟာကို ရရှိပြီဆိုတာနဲ့ (KIA) ဟာ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကိုသိမ်းယူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် လွယ်ဂျယ်မြို့မြောက်ဘက်ကပ်လျက်က KIA တပ်မဟာ (၃) ဌာနချုပ်ရှိတဲ့ မိုင်ဂျာယန်မြို့ဟာ လက်နက်ကြီးရန်ကနေ လွတ်မြောက်သွားမှာပါ။

“တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေ တိုးလာနေပါတယ်”

KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၇ ရက်ကစလို့ ဌာနချုပ်လိုင်ဇာနဲ့ မိုင်ဂျာယန်အနီးက စစ်ကောင်စီ တပ်စခန်းတွေကိုပစ်မှတ်ထားပြီး ထိုးစစ်ဆင်ခဲ့တာပါ။

တစ်လနီးပါးအတွင်း တပ်စခန်းပေါင်း ခြောက်ဆယ်နီးပါးကို ရရှိထားပြီဖြစ်ပေမယ့် လေကြောင်းကတိုက်ခိုက်မှာကို စိုးရိမ်ရသေးတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ယောယုံစခန်းတို့ စိန်လုံစခန်းတို့ဆို အမြဲတမ်း ကျွန်တော်တို့ကို ပြည်သူလူထုကိုစစ်ဆေးနေတဲ့ အခွန်အကောက်တွေ ကောက်နေတဲ့ လမ်းကြောဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မဟာ ၃ နယ်မြေပေါ့။ မိုင်ဂျာယန်ကို ခြိမ်းခြောက်နေတဲ့တပ်စခန်းတွေ ဖြစ်ပါတယ်။ လက်နက်ကြီးနဲ့ပစ်ဖို့ကတော့ နည်းနည်းအခက်အခဲရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်တာကတော့ လေကြောင်းပေါ့နော်”

သိမ်းယူနိုင်ခဲ့တဲ့ စခန်းတွေထဲ လိုင်ဇာတစ်ဝိုက်က ခရာဘွမ်၊ ဘွမ်ရာယ်ဘွမ် စခန်းကြီးတွေ၊ အမှတ် - ၃၇၀ အမြောက်တပ်ရင်းတွေလည်း ပါဝင်ပါတယ်။

ဒီ့အပြင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဗန်းမော်-လွယ်ဂျယ် ကားလမ်းမတစ်လျှောက်က ယောယုံတပ်စခန်းအပါအဝင် တပ်စခန်းအများစုကို သိမ်းယူထားပါတယ်။ အခုတိုက်နေတဲ့ စိန်လုံဗျူဟာကုန်းကို သိမ်းယူနိုင်ပြီဆိုရင် လွယ်ဂျယ်လမ်းပိုင်းတစ်ခုလုံးကို KIA ကထိန်းချုပ်နိုင်မယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မြစ်ကြီးနား-ပူတာအို လမ်းမပေါ် ဆွမ်ပရာဘွမ်မြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၄၆) ကိုလည်း KIA က မတ်လဆန်းကတည်းက ထိုးစစ်ဆင်နေပါတယ်။

အခုလို အရေးပါတဲ့နေရာတွေကိုထိန်းချုပ်ပြီး စစ်ကောင်စီ အထိုင်ချတဲ့မြို့ကြီးတွေကို ပိတ်ဆို့တိုက်ခိုက်လိမ့်မယ်လို့ စစ်ရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ပထမဆုံး ကိုယ့်ဒေသကိုလွတ်မြောက်အောင် လုပ်။ ကိုယ့်ဒေသကိုလွတ်မြောက်ပြီဆိုရင် ကိုယ့်ဒေသက အချက်ချာကျတဲ့မြို့ကြီးတွေ သိမ်းပေါ့ဗျာ။ အဲဒီအဆင့်ပြီးရင် တစ်ပြည်လုံးက နေပြည်တော်ကို ဦးတည်ချီတက်ကြဆိုတဲ့ NUG ချပေးတဲ့လမ်းကြောင်းကို မဟာဗျူဟာထိုးစစ်ကြီးတစ်ခု အဖွဲ့အသီးသီးကနေ ပေါ်ပေါက်လာလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒါဟာ သင်္ကြန်ပြီးကာလလောက်မှာ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်”

ဒီထိုးစစ်မတိုင်ခင် KIA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ်အစောပိုင်းမှာ မံစီမြို့နယ်က တပ်စခန်းတွေနဲ့ ဖားကန့်မြို့အဝင်လမ်းက တပ်စခန်းတွေကို သိမ်းယူခဲ့ပါတယ်။

ကချင်ပြည်နယ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိပါဘူး။ ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။

မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးမှ စစ်ကောင်စီ၏ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က KIA က သိမ်းပိုက်ခဲ့စဉ်။ (Photo: The Kachin Net)
မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးမှ စစ်ကောင်စီ၏ အမှတ် - ၃၆၆ ယောယုံ အမြောက်တပ်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က KIA က သိမ်းပိုက်ခဲ့စဉ်။ (Photo: The Kachin Net)

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေ တိုးလာနေပါတယ်။

ဒီရက်ပိုင်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်က ဒုက္ခသည်တွေဟာ မြို့ပေါ် က ဘာသာရေးကျောင်းတွေမှာ ခိုလှုံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုနောက်ပိုင်းက ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းမှာရှိတဲ့ နေရာတွေကနေ လာရှောင်တဲ့သူတွေက မဟာသိမ်တော်ကြီးဘုရားဝင်းမှာ ရှောင်တယ်။ အိမ်မီးရှို့တဲ့အထဲ ပါသွားတဲ့သူတွေလည်း ရှိတယ်။ AirStrike (လေကြောင်းတိုက်ခိုက်မှု)နဲ့ ပါသွားတဲ့သူတွေလည်း ရှိတယ်။ သူတို့တွေက အခုထိ မဟာသိမ်တော်ကြီးမှာ ရှောင်ကြတယ်”

တိုက်ပွဲတွေကြောင့် မတ်လအတွင်း ကချင်ပြည်နယ်မှာ မြို့နယ်ဆယ်ခုက ဒေသခံ နှစ်သောင်းနီးပါး (၁၈,၀၀၀ ကျော်) ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။