ဖာပွန်မှာ တပ်နဲ့ KNU မကြာခဏ တိုက်ပွဲဖြစ်မှုအပေါ် အငြင်းပွားနေ

ကျော်လွင်ဦး
2020.12.21

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ တပ်မတော်တို့ အခြားနေရာတွေမှာ ပစ်ခတ်မှုတွေမရှိပေမယ့် KNU ရဲ့တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်ဘက်မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်နေပါတယ်။

ဒီဇင်ဘာလဆန်းကတည်းက ဖာပွန်မြို့နယ် မဲဝိုင်ရွာဘက်မှာ တပ်မတော်နဲ့ KNU ကြား ပစ်ခတ်မှုတွေ ဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မဲဝိုင်ရွာဘက်မှာ ပစ်ခတ်မှုတွေဖြစ်နေတာဟာ သယံဇာတ ခိုးတူးဖော်နေတာကြောင့် တပ်မတော်ရဲ့ စခန်းတွေကို လာရောက်နှောက်ယှက်ပစ်ခတ်နေတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

"သဘာဝသယံဇာတတွေနဲ့ ပတ်သက်ပြီး တရားမဝင်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရှိနေတယ်လို့လည်း ကျနော်တို့ သတင်းရရှိထားတယ်၊ အဲဒီသဘာဝသယံဇာတတွေနဲ့ပတ်သက်တဲ့ တရားမဝင် လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေရှိနေတဲ့အတွက်ကြောင့်လည်း အခုလို တပ်မတော်ရဲ့တပ်စခန်းတွေကို ယခင်ရှိပြီးသား တပ်စခန်းတွေကို နှောက်ယှက်ပစ်ခတ်တာ၊ မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်တာတို့ ဖြစ်နိုင်တယ်လို့ ယူဆတယ်။"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က မဲဝိုင်ရွာအနီးမှာ တပ်မတော်လုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့ကို KNU တပ်မဟာ (၅) က မိုင်းဆွဲတိုက်ခိုက်တာကြောင့် တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရတာတွေရှိသလို ကျဆုံးတာတွေရှိတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီဇင်ဘာလအတွင်း KNU တပ်မဟာ (၅) က နယ်မြေကျော်လွန်ပြီး မိုင်းဆွဲတိုက်ခိုက်တာ ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်တာ ၄ ကြိမ်ရှိခဲ့ပြီး NCA ချိုးဖောက်မှုတွေ ပြုလုပ်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပါတယ်။

KNU တပ်မဟာ ၅ ဖာပွန်ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး အဲဒိုကတော့ သယံဇာတကြောင့် ပစ်ခတ်မှုဖြစ်တယ် ဆိုတာကို ငြင်းဆိုပါတယ်။

"မဟုတ်ပါဘူး၊ အမှန်မှာကျတော့ ဟိုးအရင်ထိုင်တဲ့တပ်တွေက ဘာမှပြဿနာမရှိဘူး၊ ခုဖြစ်တဲ့ပြဿနာက ခုလာထိုင်တဲ့ ခမရ ၃၃၉ ပေါ့နော်၊ သူတို့က လျှောက်သွားတာ နယ်ကျော်တယ်၊ သတ်မှတ်ပေးတဲ့ နယ်မြေတွေထက် ကျော်လွန်ပြီးတော့ သုံးလေးကြိမ်လောက် သတိပေးတယ်၊ ပြောကြားတယ် ပြောတာမရဘူး၊ ပြောလို့မရတဲ့အခါမှာကျတော့ ထိတွေမှုတွေဖြစ်သွားတယ်၊ ဒါပဲ၊ သယံဇာတနဲ့ ဘာမှမဆိုင်ဘူး။"

KNU တပ်မဟာ (၅) နယ်မြေမှာ ရွှေ တစ်ပိုင်တစ်နိုင်တူးတာ၊ ဒေသခံကုမ္ပဏီတွေ တူးဖော်တာရှိပြီး ကိုယ့်နယ်မြေမှာ ကိုယ်တူးတာ ပြဿနာမရှိဘူးလို့ ယူဆကြောင်း ဗိုလ်မှူး အဲဒိုက ပြောပါတယ်။

RFA က ဒေသခံတချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဒီဒေသမှာ ရွှေတူးတာတွေရှိပြီး တရားဝင်၊ မဝင် မသိရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုသူက ပြောပါတယ်။

"တရားဝင်လား၊ မဝင်လားတော့ မပြောတတ်ဘူး၊ ရွှေတူးတာတော့ရှိတယ်၊ မဲဝိုင်ဘက်မှာ၊ အဲဘက်မှာ ရွှေတူးတာတော့ရှိတယ်၊ မြို့ထဲကလုပ်ငန်းရှင်တွေ တက်လာပြီး လုပ်တာတွေ အများကြီးရှိပါတယ်၊ တရားဝင်လို့ပဲ ဒီလို့ခွင့်ပြုတာရှိမှာပေါ့၊ မဟုတ်ရင်လည်း ဘယ်လိုနည်းနဲ့ လုပ်တယ်ဆိုတာတော့ တိတိကျကျလည်း ပြောလို့မရဘူးပေါ့၊ တူးတာကတော့ မဲဝိုင်တစ်ခွင်မှာ တူးတာတော့ရှိတာပေါ့။"

KNU တပ်မဟာ (၅) ထိန်းချုပ်ရာ ဖာပွန်ခရိုင်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ တယ်လီဖုန်းလိုင်း မရှိတာကြောင့် ဆက်သွယ်ရေးခက်ခဲတဲ့ ဒေသဖြစ်ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လို့တဲ့ နောက်ထပ် ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည်သူ တစ်ဦးကလည်း သူတို့အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ KNU တပ်မဟာ (၅) ထိန်းချုပ်တဲ့နေရာမှာ ရွှေနဲ့ သတ္ထုတူးဖော်မှုတွေရှိတယ်ဆိုတာ သေချာတယ်လို့ဆိုပါတယ်။ အဲဒီနယ်မြေတွေဟာ ထိန်းချုပ်ဧရိယာ ဖြစ်တာကြောင့် သွားလာလို့မရတဲ့အတွက် အတိအကျမသိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းက မဲဝိုင်စခန်းနားမှာပဲ တပ်မတော်ဘက်က အမှတ် (၃၃၈) ခြေမြန်တပ်ရင်း စခန်းထိုင်ခဲ့ပြီး KNU သစ်တောဌာနက ဝန်ထမ်းတစ်ဦးကို ပစ်ခတ်ခဲ့မှုအပါအဝင် ပိုးလိုထကျေးရွာသူ နော်မုနော်ကို သတ်ဖြတ်ပြီး လက်ဝတ်ရတနာ လုယူတာကြောင့် ဒေသခံတွေက တပ်မတော်စခန်းတွေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။

KNU တပ်မဟာ (၅) နယ်မြေမှာ တပ်မတော်နဲ့ မကြာခဏ ပြဿနာဖြစ်ပွားနေတာဟာ နယ်မြေအငြင်းပွားမှု ကို မဖြေရှင်းနိုင်တာကြောင့်ဖြစ်နေတာလို့ နိုင်ငံရေးစစ်ရေးလေ့လာသူ ဦးမောင်မောင်စိုးကပြောပါတယ်။

"အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာက ကြာပြီဗျ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ၃ နှစ်လောက်ရှိပြီ၊ ၂၀၁၈ တုန်းက KNU နဲ့ ဆွေးနွေးပွဲရပ်သွားတဲ့ကိစ္စမှာလည်း ဒီကိစ္စပါတယ်၊ ပြဿနာက အဲဒီနေရာမှာ နယ်မြေချထားရေးနဲ့ ပတ်သက်ပြီး အငြင်းပွားနေတာကြာပြီ၊ KNU ဘက်ကပြောတာက တပ်မတော်ဘက် တပ်အင်အားတွေ တိုးချထားတယ်လို့ ပြောတယ်၊ တပ်မတော်ဘက်ကလည်း သူ့ဘက်က လိုအပ်တဲ့အုပ်ချုပ်မှုတွေလုပ်ဖို့ တပ်နေရာချတယ်လို့ ပြောတယ်။ အဲဒါအငြင်းပွားနေတာ၊ JMC မှာလည်း ဒီနေ့ထက်ထိ မဖြေရှင်းနိုင်တဲ့ပြဿနာ။"

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး ထိတွေ့ပစ်ခတ်တာတွေမရှိဘူးလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး အဲဒို က ပြောဆိုပေမယ့် အောက်ခြေမှာ စစ်ရေးတင်းမာပြီး နှစ်ဘက် တပ်အင်အားတွေ တိုးချထားတာကြောင့် ရွာသားတွေ ထွက်ပြေးနေရတာတွေရှိတယ်လို့ ကရင်ပြည်နယ်အခြေစိုက် KIC သတင်းက ဖော်ပြပါတယ်။

KNU တပ်မဟာ (၅) နဲ့ တပ်မတာ်တို့ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် အခုရက်ပိုင်းအတွင်း မြဝတီမြို့မှာလည်း တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေးကို တိုးချထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။