စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို KNU ငြင်းပယ်

RFA Burmese
2023.05.16
စစ်ကောင်စီရဲ့  ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို KNU ငြင်းပယ် KNU ဌာနချုပ်တွင် ကျင်းပခဲ့သည့် KNU တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားအား ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
KNU

ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် စစ်တပ်ကို နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင် ခုခံနေတဲ့ KNU ရဲ့ (၁၇) ကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာနယ်စပ်က KNU ဗဟိုဌာနချုပ်နဲ့ ခရိုင်အသီးသီးမှာ အွန်လိုင်းစနစ်နဲ့ ဧပြီလ ၂၄ ရက်ကနေ မေလ ၄ ရက်အထိ ၁၀ ရက်ကြာ ကျင်းပခဲ့ပါတယ်။

ဒီညီလာခံအတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပြီးနောက် KNU ကို စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ မေလ ၉ ရက်မှာ ကမ်းလှမ်းလိုက်ပါတယ်။

"ကျွန်တော်တို့ တိုက်ပြီးမှ ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ဖို့ပဲ”

ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသူအားလုံးနဲ့ ပူးပေါင်းမယ်လို့ ညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ထိပ်တိုက်ရင်ဆိုင်ပြီး လက်နက်ကိုင်တိုက် မယ့် လမ်းစဉ်ဖြစ်လို့ အဲဒီအစား ဆွေးနွေးတာကသာ ရေရှည်ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို လက်မခံဘူးလို့ ပြည်တွင်း သတင်းမီဒီယာတချို့မှာ ပြောဆိုထားပါတယ်။ RFA က ပဒိုစောကလယ်စေးကို မေလ ၉ ရက်ကနေ ၁၅ ရက်အထိ တစ်ပတ်ကြာ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒိုစောသမိန်ထွန်း ကတော့ NCA စာချုပ်အတိုင်း စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“NCA ဟာ NCA ပဲ။ အခု NCA နဲ့ အလုပ်လုပ်လို့ မရတော့ဘူး။ အဲတော့ ကျွန်တော်တို့ KNU ရဲ့ တာဝန်က နှစ်ခုရှိတယ်။ ကရင်အမျိုးသား ဘ၀ လွတ်မြောက်ရေး၊ သာယာရေး နဲ့ တန်းတူမှုရရှိရေးက တစ်ခု။ ကိုယ်နဲ့ အဖိနှိပ်ခံ တိုင်းရင်းသားနဲ့ ဗမာအမျိုးသား အပါအဝင် အဖိနှိပ်ခံအားလုံးအတွက် အကျိုးဆောင်ရမယ့်ဟာ တစ်ခု၊ နှစ်ခုရှိတယ်။ တာဝန်ကရှိတော့ အခု ကျွန်တောတို့ ထုတ်ပြန်တာက မူအတိုင်းထုတ်ပြန်တာ။ ဒီကနေ့ လောလောဆယ်မှာ ဘာဖြစ်နေလဲ၊ မဟာလူမျိုးကြီးဝါဒ ကြီးစိုးနေတယ်၊ စစ်အာဏာရှင်စနစ် ကြီးစိုးနေတယ်။ ဒါကို ကျွန်တော်တို့ တိုက်ပြီးမှ ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်ဖို့ပဲ”

ဒီညီလာခံကနေ ခေါင်းဆောင်သစ်တွေ ရွေးချယ်ခဲ့ရာမှာ ပြီးခဲ့တဲ့ သက်တမ်းမှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပဒိုစောကွယ်ထူးဝင်းက KNU ဥက္ကဋ္ဌသစ် ဖြစ်လာပါတယ်။

စစ်အာဏာသိမ်းပဋိပက္ခမှာ လက်နက်ကိုင်ခုခံမှုကို ဆန့်ကျင်ပြီး စေ့စပ်ဆွေးနွေးရေးကို တောင်းဆိုတဲ့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အပါအဝင် ဗဟိုအလုပ်အမှုဆောင် ခြောက်ဦး ပြန်ရွေးကောက်ခံရခြင်း မရှိပါဘူး။

ညီလာခံအပြီး KNU ရဲ့ ထုတ်ပြန်ချက်မှာ KNU အနေနဲ့ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီရေး အင်အားစုတွေ၊ လူထုလူတန်းစား အသီးသီးနဲ့ ပူးပေါင်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အပြုသဘောမဆောင်ဘဲ NCA စာချုပ်ကို ဆန့်ကျင်ရာရောက်တယ်လို့ စစ်ကောင်စီရဲ့ အမျိုးသားစည်း လုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီက ဝေဖန်ပါတယ်။

ထိပ်တိုက်ရင်ဆိုင်တဲ့လမ်းဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဦးတည်တာကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ ယခုနှစ်အတွင်း လက်နက်ကိုင်ခုခံမှုကို အရှိန်မြှင့်နိုင်ရေးအတွက် KNU ခေါင်းဆောင်သစ် တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ခေါင်းဆောင်ပိုင်းကို ကျွန်တော်တို့ NUG အစိုးရကနေပြီး ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒီ KNU အဖွဲ့ရယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံးနဲ့ လက်တွဲညီညီနဲ့ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြန်ဆုံးတိုက်ခိုက်ပြီးတော့ စစ်အာဏာရှင် ကျဆုံးဖို့အတွက် အားလုံး လက်တွဲပြီး အရှိန်မြှင့်လုပ်ဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”

ဥက္ကဋ္ဌဖြစ်လာတဲ့ ပဒိုစောကွယ်ထူးဝင်းဟာ KNU နဲ့ အစိုးရ အဆက်ဆက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုအပြီးမှာ လက်နက်ကိုင်ခုခံသူတွေနဲ့ နီးနီးကပ်ကပ်ဆက်ဆံပြီး ထောက်ခံပံ့ပိုးခဲ့တဲ့သူတစ်ဦးဖြစ်တယ်လို့ KNU သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ဦးအောင်ကြည်ညွှန့် ဦးဆောင်တဲ့ ဗဟိုအလုပ်ကော်မတီနဲ့ ပဒိုစောကွယ်ထူးဝင်းတို့ သုံးကြိမ်ထပ်မနည်း တွေ့ဆုံခဲ့ပြီး စစ်အာဏာရှင်ဖြုတ်ချရေးကို ကတိပြုခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ KNU ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ လက်နက်ကိုင်ခုခံစစ်အပေါ် သဘောထား တိမ်းညွတ်သူတွေ နေရာရလာတာဟာ စစ်ပွဲတွေဆီဦးတည်စေလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“ကွန်ကရက်ပြီးသွားတဲ့အချိန်မှာတော့ အမာလိုင်းဘက်က လူတွေအားလုံး နေရာရသွားတယ်။ နေရာရသွားတော့ သူတို့ သဘောထားက အရမ်းသိသာနေတယ်။ ဆွေးနွေးရေးထက် သူတို့က ဘာကိုဦးစားပေးသွားလဲဆိုတော့ လက်နက်ကိုင်ပြီးတော့ ဆက်သွားမယ့် လက်နက်ကိုင်လမ်းစဉ်ကို ပိုပြီးတော့ ဦးစားပေးတယ်။ အဲလို ဖြစ်သွားပြီဆိုရင် သေချာတာက ငြိမ်းချမ်းရေးဖြစ်စဉ်တွေရဲ့ ထုံးစဉ်အတိုင်းပဲ လက်နက်ကိုင်မှုကိုရွေးရင် တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ကိစ္စရပ်က အားကနည်းသွားတာ။ အဲတော့ တစ်ဖက်က အမာလမ်းစဉ်ကို ရွေးရင်တော့ စစ်တပ်ဘက်ကလည်း တူညီတဲ့တုံ့ပြန်မှုကိုလာမှာပဲ”

စစ်အာဏာသိမ်းပြီးနောက် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ KNU ခေါင်းဆောင် တချို့က စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးရေးအတွက် သဘောထားရှိခဲ့ပေမယ့် KNU ဗဟို ခေါင်းဆောင်အများစုက စေ့စပ်ဆွေးနွေးရေးကို ငြင်းပယ်ခဲ့ပါတယ်။

အခုတော့ လက်နက်ကိုင်ခုခံမှုကို အားပေးတဲ့သူတွေ KNU ခေါင်းဆောင်ပိုင်းမှာ နေရာရလာတာပါ။ ဒီအပေါ် စစ်ကောင်စီက စိုးရိမ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် KNU ကတော့ လက်နက်ကိုင်တိုက်ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပုံ ရတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“အခုဟာတော့ လက်နက်ကိုင်တိုက်မယ်ဆိုတဲ့ လမ်းစဉ်က အပေါ်စီးရသွားတယ်လို့ ပြောရမှာပေါ့။ အရင်တုန်းကတော့ KNU ထဲက တချို့သော တပ်မဟာတွေကသာ တိုက်တာကိုး။ တိုက်တဲ့အခါကျတော့ အဲဒီဘက်တိုက်ပွဲတွေမှာ သူတို့ အချင်းချင်း ကြားမှာလည်း ပြဿနာတွေရှိခဲ့တာပေါ့။ သူတို့အချင်းချင်းကြား တိုက်ကြခိုက်ကြ ပြဿနာတွေရှိတာပေါ့။ အခုတော့ ဗဟိုကကိုက တိုက်မယ့်သဘောထားရှိတော့ တပ်မတော်နဲ့ ပြတ်ပြတ်သားသားတိုက်ဖို့ပဲ ကျန်တော့တယ်။ တကယ်လို့ အခုကြေညာချက်နဲ့ အခုခေါင်းဆောင်မှုက အပြောင်းအလဲမရှိမချင်း တိုက်မယ့် လမ်းကြောင်းပေါ် ရောက်သွားပြီလို့ ပြောလို့ရတယ်”

KNU က စစ်ကောင်စီရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်လာလိမ့်မယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များအား ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကြီးရွာမှာ နေထိုင်တဲ့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောဆဲဂေရဲ့ ညီဖြစ်သူ စောသာဂေနဲ့ စောသာဂေရဲ့သားဖြစ်သူတို့ကို စစ်ကောင်စီတပ်က မေလ ၁၄ ရက်ညနေမှာ ဖမ်းဆီးခဲ့ပြီး မေလ ၁၅ ရက်မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

လက်ရှိမှာလည်း KNU ထိန်းချုပ်ထားတဲ့ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်နဲ့ KNU အကြား စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။

၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့တဲ့ KNU က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း က ထိုင်း-မြန်မာ နယ်စပ်တလျှာက်ဒေသကို ခရိုင်ခုနစ်ခုခွဲပြီး ထိန်းချုပ်ထားတာပါ။

အဲဒီဒေသတွေမှာ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို လှုပ်ရှားခွင့်နဲ့ ခိုလှုံခွင့်ပြုထားပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်က KNU နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် အဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် (၉၆၈၀) ဖြစ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။