ဖာပွန်ခရိုင်မှာ နိုင်ငံရေးအရ နယ်မြေသိမ်းပိုက်ဖို့ KNU ကြိုးစား
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံး ဖေဖော်ဝါရီ ၁ ရက်ကစလို့ ၁၀ ရက်အတွင်း အပြီးထွက်ခွာကြဖို့နဲ့ မလိုက်နာရင် အရေးယူ သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၉ ရက်ရက်နေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ဒါဟာ KNU တပ်မဟာ (၅) နယ်မြေထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒီဒေသရဲ့ ၉၀ ရာခိုင်နှုန်းကို KNU က ထိန်းချုပ် ထားနိုင်ပြီလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်ကတည်းက စစ်အုပ်ချုပ်ရေးကို မကြိုက်တာကြောင့် အခုလိုဝန်ထမ်းတွေ ပြန်ထွက်သွားဖို့ သတိပေးရတာလို့ KNU တပ်မဟာ (၅)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက RFA ကို ပြောပါတယ်။
“အရင်တုန်းကတော့ ၂၀၂၁ ခုနှစ်ကတည်းကတော့ ကျနော်တို့ ဝန်ထမ်းတွေကို ပထမ ဆုံး စာထုတ်ပေးပါသေးတယ်။ မရရင်တော့ ခေါ်ယူပြီးတော့မှပဲ ကျနော်တို့ ဒီရှင်းပြမယ်။ ခေါ်ယူစစ်ဆေးမေးမြန်းမယ်။ ပြီးတော့မှ သတိပေးတာတွေလည်း ဒုတိယ သတိပေးတာ တွေ လုပ်ပေးပါတယ်။ ဒုတိယ သတိပေးတာတွေကို သူတို့ မလိုက်နာဘူးဆိုရင် လုပ်ထုံး လုပ်နည်းအတိုင်းကတော့ ကျနော်တို့လုပ်ရမှာဖြစ်တယ်လို့ပဲ ပြောလို့ရမှာဖြစ်ပါတယ်”
လုပ်ထုံးလုပ်နည်းအရ ဘယ်လိုအရေးယူမလဲဆိုတာကတော့ ပဒိုမန်းမန်းက တိတိကျကျ ပြောမသွားပါဘူး။ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို ထွက်ခိုင်းပြီးရင် တပ်မဟာ ၅ နယ်မြေမှာ ကော်သူးလေ အုပ်ချုပ်ရေးပဲ ကျင့်သုံးမယ်လို့ သူက ဆိုပါတယ်။
အစိုးရဝန်ထမ်းတွေ အလုပ်ထွက်လိုက်ရလို့ ထောက်ပံ့မှုလိုချင်တယ်ဆိုရင် KNU တပ်မဟာ (၅) မူတြော်ခရိုင် (ဖာပွန်ဒေသ)ကို ဆက်သွယ်နိုင်ပြီး၊ လက်ရှိမှာလည်း ဖာပွန်ဒေသက CDM လုပ်လာတဲ့ ဝန်ထမ်း ၁၀၀ လောက်ကို ကူညီပေးထားတယ်လု့ိ ပဒိုမန်းမန်းက ပြောပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ခြိမ်းခြောက်စာထွက်တိုင်း စစ်ကောင်စီအုပ်ချုပ်ရေး ပျက်သွားစရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“ဖာပွန်မြို့နယ်က အရင်ကတည်းက တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ အပို့အကြိုနဲ့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေ သွားလာနေရတဲ့အပေါ်မှာ မူတည်ပြီးတော့ကျ ဆောင် ရွက်ရတဲ့ပုံစံမျိုးတော့ ပြန်ရောက်သွားတာပေါ့လေ။ ယခင်ပုံစံမျိုး ပြန်ရောက်သွားတာ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ ဂရုတစိုက်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုမျိုး ခြိမ်းခြောက်စာထွက်တိုင်းလည်း ကျနော်တို့လုံခြုံရေးတို့ တရားဥပဒေစိုးမိုးရေး တို့ ပျက်ပြားသွားစရာ အကြောင်းမရှိပါဘူး”
ကရင်ပြည်နယ်၊ ဖာပွန်ဒေသကို စစ်တပ်က စားနပ်ရိက္ခာနဲ့ ကိုဗစ်ဆေးဝါး ပို့ဆောင်ရာမှာ မိုင်းခွဲတိုက်ခိုက်ခံရတာတွေတော့ ရှိနေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော သွားပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးပြီးစ ငြိမ်းချမ်းတဲ့ကာလမှာတောင် (KNU) တပ်မဟာ ၅ ရဲ့ စစ်တပ်အပေါ် သဘောထားဟာ ကျန်တပ်မဟာတွေထက် ပိုတင်း မာတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ဆိုပါတယ်။
KNU တပ်မဟာ ၅ ရဲ့ သတိပေးချက်နဲ့ ပတ်သက်ပြီး လက်တွေ့ဝန်ထမ်းတွေရဲ့ အခြေအနေ သိနိုင်ဖို့အတွက် ဖာပွန်မြို့နယ် မြေစာရင်းဌာနနဲ့ နယ်စပ်ရေးရာရုံး ဝန်ထမ်းတွေကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားဖို့ ငြင်းဆန်ကြပါတယ်။
KNU တပ်မဟာ ၅ လိုပဲ စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ကသာ၊ ကောလင်း၊ ပင်လည်ဘူး၊ မကွေး တိုင်းထဲက မြိုင်နဲ့ ပဲခူးတိုင်း အုတ်ဖိုမြို့နယ်က PDF နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ကလည်း သူတို့ရဲ့ဒေသတွေမှာ တာဝန်ထမ်းနေတဲ့ စစ်ကောင်စီဝန်ထမ်းတွေ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးနုတ်ထွက်ကြဖို့ အခုရက်ပိုင်းမှာ သတိပေးချက်တွေ အသီးသီး ထုတ်ပြန်ထားပါတယ်။
"ဒုတိယ သတိပေးတာတွေကို သူတို့ မလိုက်နာဘူးဆိုရင် လုပ်ထုံးလုပ်နည်းအတိုင်းကတော့ ကျနော်တို့လုပ်ရမှာဖြစ်တယ်"
မကွေးတိုင်း၊ မြိုင်ဒေသမှာတော့ စစ်ကောင်စီယန္တရားက ပျက်နေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြိုင်ဒေသ PDF တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကတော့ မြိုင်နယ်မှာ တော်တော်လေး ပျက်ပြားနေပြီ။ အဲဒီအတွက်ကြောင့် ကျနော်တို့က ဝန်ထမ်းတွေအကုန်လုံး CDM ပါလာဖို့ အဲဒီလိုမျိုးလုပ်လိုက်တာပေါ့။ ဝန်ထမ်းခေါင်းဆောင်တွေကမှစ အကုန်လုံး လက်အောက်ငယ်သားတွေထိ အကုန်လုံး CDM လုပ်ဖို့ပေါ့။ ဒီ CDM မလုပ်တဲ့ဝန်ထမ်း တွေကို တာဝန်ယူမှုတာဝန်ခံမှု မရှိတော့ဘူးပေါ့ဗျာ။ သူတို့ CDM လုပ်လား၊ မလုပ်လား ဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့။ ကျနော်တို့ကတော့ လုပ်စရာရှိတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ။ NUG အစိုးရယန္တရားလည်ပတ်ဖို့ရာအတွက် ကျနော်တို့က အစွမ်းကုန် ကြိုးစားသွားမှာပါ”
CDM မလုပ်ဘဲ စစ်ကောင်စီလက်အောက်မှာ ဆက်လုပ်နေတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်က မီးသတ်၊ ကျေး လက်ဌာန၊ မြေစာရင်း၊ စိုက်ပျိုးရေး၊ သစ်တောရုံးတွေကို PDF တပ်ဖွဲ့တွေ က ဒီမနက်အစောပိုင်းက ဖောက်ခွဲဖျက်ဆီးပြီး မီးရှို့ခဲ့ပါတယ်။
KNU တပ်မဟာ (၅) နဲ့ PDF တပ်ဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကို CDM လုပ်ခိုင်းတာ၊ သက်ဆိုင်ရာဒေသကနေ ပြန်ထွက်ခိုင်းနေတာဟာ နိုင်ငံရေးအရ အနု နည်းနဲ့ နယ်မြေတွေကိုသိမ်းပိုက်ဖို့ ကြိုးစားနေတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက မှတ်ချက်ပေးပါတယ်။
“စစ်ရေးအရတိုက်ပြီး အဲဒီဒေသကို အုပ်ချုပ်ရေးယန္တရားတွေ ဝင်တော့မယ်၊ အုပ်ချုပ် တော့မယ်ဆိုတဲ့အခါကျတော့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို သတ်တာဖြတ်တာ၊ ပစ်တာခတ်တာ အဲဒါမျိုးတွေ မလုပ်ချင်တဲ့အတွက်ကြောင့်မိုလို့ အေးအေးဆေးဆေး အသာတကြည်ထွက်ခိုင်းတာပေါ့။ သတ်တာဖြတ်တာ အရေးယူတာ ဖမ်းတာဆီးတာတွေ မလုပ်ချင်လို့ ဆိုတော့ အစိုးရအနေနဲ့ကလည်း ဒီနေရာမှာ ကာကွယ်ပေးဖို့တော့ တန်ပြန်တစ်ခုခုတော့ ဆောင်ရွက်တာတွေ လုပ်ရမှာပေါ့”
KNU ကတော့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ပိုင်းမှာ သူ့ကြေညာချက်အတိုင်း လက်တွေ့လုပ်ဆောင်တော့မှာမို့ အဲဒီဒေသမှာ ပဋိပက္ခတွေ ပိုများလာနိုင်တယ်လို့လည်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
အရင်စစ်အစိုးရတွေ လက်ထက်ကတည်းက ကရင်ပြည်နယ်၊ မူတြော်ခရိုင် (ဖာပွန်ဒေသ) မှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ KNU ရဲ့ အုပ်ချုပ်ရေးအောက်မှာ အပြည့်အဝ ရှိနေပြီး အခုနောက်ပိုင်းမှာတော့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်အထိကို ထိန်းချုပ် ထားတာလို့ KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖာပွန်ဒေသက စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းအားလုံး ၁၀ ရက်အတွင်း ပြန်ထွက် သွားဖို့ သတိပေးရာမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သာမက ကျန်းမာရေး၊ ပညာရေး၊ သစ်တော၊ မြေစာရင်း စတဲ့ ဌာနပေါင်းစုံ ဝန်ထမ်းအားလုံးပါဝင်ပြီး သူတို့နေရာမှာ ကော်သူးလေဝန်ထမ်းတွေနဲ့ အစားထိုးဖို့ အဆင်သင့်ရှိတယ်လို့လည်း KNU တပ်မဟာ ၅ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။