ကျိုက်မရော ရေပြန်ကျ၊ နာလန်ထူရန် အစိုးရ အကူအညီလိုအပ်

2019-08-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ရေကြီးနေတာကို ၂ဝ၁၉ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ရေကြီးနေတာကို ၂ဝ၁၉ သြဂုတ် ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Myo Chitthu

မွန်ပြည်နယ်ကျိုက်မရောမြို့နယ်မှာ ပြီးခဲ့တဲ့၂ပတ်လောက်ကတည်းက ရေကြီးခဲ့တဲ့အတွက် ရေဘေးသင့်ပြည်သူ ၆ သောင်းလောက် အထိရှိခဲ့ပါတယ်။

လက်တလော ကျိုက်မရောမြို့နယ်မှာ ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင် ပညာရေး၊ စိုက်ပျိုးရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးအတွက် လိုအပ်ချက်တွေရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးလုပ်တုန်းက ပြည်သူတွေပူးပေါင်းမှုကြောင့် အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ပြန်လည် ထူထောင်ရေးမှာလည်း ပြည်သူတွေပါဝင်ပေးရင် အမြန်ဆုံးအောင်မြင်မယ်လို့ ဝန်ကြီး ဦးစောအောင်မြင့်ခိုင် က ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ အကူညီတွေလိုတယ်၊ လူထုအားပါရင်တော့ အကောင်းဆုံးဘဲ၊ အစိုးရရဲ့ အကူညီကတော့ တစိတ်တပိုင်းဘဲရမယ်၊ လူထုပါဝင်မှုအားကြောင့် ကျနော်တို့ ဒီရေဘေးချိန်မှာ အစား အသောက်တွေ ပံ့ပိုးတဲ့နေရာမှာ လူထုနဲ့ထိတွေ့မှုလုပ်တဲ့နေရာမှာ အများကြီးအားရှိတယ်၊ လူထုချင်းကူညီတာက အကျိုးသက်ရောက်ပိုများတာကိုတွေ့တယ်၊ ဒါကြောင့်မို ပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်တဲ့အခါကျရင်လည်း လူထုလူထုချင်းကူညီတဲ့အားကတော့ ရေဘေးသင့်ပြည်သူတွေအတွက် အဓိကအားဖြစ်စေတဲ့အရာဖြစ်ပါ လိမ့်မယ်”

လက်တလော ကျိုက်မရောမြို့နယ်မှာ စာသင်ကျောင်း ၇၀ ကျော်ရေဒဏ်သင့်နေပြီး စာသင်ခုံ ၅၀၀ ကျော်နဲ့ အခြားပစ္စည်းတွေ လိုအပ်နေပါတယ်။

လက်ရှိစာသင်ခုံ ၁ ရာကျော်ကို အစိုးရက ထောက်ပံ့ထားသလို့ ပြင်ပအလှူရှင်တွေကလည်း စာသင်ခုံ ၁၀၀ လှူဒါန်းထားပေမယ့် နောက်ထပ်လိုအပ်နေသေးတယ်လို့ သိရပါတယ်။

လယ်ဧက ၂ သောင်းကျော် ရေကြီးနစ်မြုပ်ပျက်စီးခဲ့ပြီး မျိုးစပါး၊ မြေသြဇာနဲ့ လယ်ထွန်ရာမှာ အသုံးပြုဖို့ လောင်စာဆီတွေ ထောက်ပံ့နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။

ကျိုက်မရောမြိုနယ်ကို သွားရောက်ကူညီနေတဲ့ လူမှုရေးအဖွဲ့တွေကလည်း ပြန်လည်ထူထောင်ရေးအတွက် ပါဝင်လုပ်ဆောင်နေကြပါတယ်။

အိမ်သာတွေဆောက်လုပ် လှူဒါန်းဖို့လိုအပ်နေတယ်လို့ ရာမညအရေးပေါ်လူမှုကူညီရေးအဖွဲ့က ကိုနေမျိုးက ပြောပါတယ်။

“လောလောဆယ်ရွာရဲ့ ရေတွင်းတွေက သုံးလို့မရသေးဘူးလေ၊ ရွာရေတွင်းသုံးလို့ရအောင်ထိ သောက်ရေလို မှာပေါ့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့က လက်ရှိအိမ်သာတွေဆို အကုန်ပျက်စီးကုန်ပြီ၊ တချို့မျောကုန်တယ်၊ တချို့ပျက်ကုန်တယ် အဲကြောင့်အိမ်သာတွေလိုမယ်၊ နောက်တခုက သွပ်ပြားတို့၊ ခန်းစီးတို့ အထပ်သားတို့ ပျက်စီးကုန်တော့ လိုမှာပေါ့”

ပေါလောကျေးရွာမှာ လယ်ဧကရာချီပျက်စီးသွားခဲ့ပြီး အစိုးရက မျိုးစပါးထောက်ပံ့ပေးမှာကို မျှော်လင့်နေကြပါတယ်။

မျိုးစပါးပေးရင်တောင် မြေသြဇာအတွက်လည်း အခက်အခဲဖြစ်နိုင်တယ်လို့ ပေါလောကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းအောင် ကပြောပါတယ်။

ကျနော်တို့ပျက်စီးတဲ့ဟာကို ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ နိုင်ငံတော်ကပြန်လုပ်ပေးမယ်လေ၊ စာရင်းတော့ တင်ထားတယ် မျိုးစပါး ပေးမယ်ဆိုရင်တော့ အခဲတော့မရှိဘူး၊ မျိုးစပါးရရင်တော့ လယ်တွေဘာတွေပြန်လုပ်လို့ ရတာပေါ့၊ ဓာတ်မြေသြဇာကျတောကျနော်တို့ ဝေလို့ရှိရင်ရမှာပေါ့၊ မဝေရင်အပြင်ကဝယ်ရမှာပေါ့၊ လယ်သ မားတွေဆိုတော့ ငွေကြေးအခက်အခဲတော့ရှိကြတယ်”

ကျိုက်မရောမြို့နယ်မှာ ရေဘေးကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေ၊ လယ်မြေတွေရှိသလို ကျန်းမားရေးစောင့်ရှောက်မှု လိုအပ်ချက်တွေလည်းရှိပါတယ်။

ပြန်လည်ထူထောင်ရေးလုပ်ရာမှာ အလှူရှင်တွေလှူဒါန်းဖို့အတွက်လွယ်ကူအောင် အစိုးရအနေနဲ့ အချက် အလက်တွေကောက်ယူပြီး ထုတ်ပြန်ပေးသင့်တယ်လို့ မွန်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ကပြောပါတယ်။

စိုက်ပျိုးမြေဘယ်လောက်ပျက်စီးသွားတယ်၊ လှုမှုအဖွဲ့အစည်းတွေဘက်က ဒါမှမဟုတ်အလှူရှင်တွေဘက်က ဘယ်လိုမျိုးအကူညီအထောက်အပံ့ပေးရင်တော့ အဆင်ပြေမယ်ဆိုတာမျိုးတော့ အစိုးရဘက်က သတင်း ထုတ်ပြန်ပေးစေချင်တယ်၊ ခုနကျနော်ပြောသလို့ စာသင်ကျောင်းတွေပျက်စီးသွားတာမျိုးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအရ လိုအပ်တဲ့လိုအပ်ချက်တွေ၊ အဲဒါကိုအစိုးရဘက်က တရားဝင် ကိန်းဂဏန်း အချက်အလက်တွေကောက်ခံပြီးတော့ သတင်းထုတ်ပြန်ပေးမယ်ဆိုရင် ဒီဘက်က ကူညီပေးနိုင်မယ့် လူမှုအဖွဲ့အစည်းတွေဘက်က သွားပြီးချိတ်ဆက်ပေးလို့ရတယ်”

လက်ရှိအချိန်မှာ အတ္တရံမြစ်ရေကျသွားပေမယ့် ရေကြီးနစ်မြုပ်တဲ့ကျေးရွာ၂၀လောက်ရှိနေပြီး ပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်နေကြပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့