ရေးမြို့နယ်က ပရဟိတအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီး ကူညီမှုတွေ ရပ်ဆိုင်းထားရ
2024.06.06

Updated 4:36 PM Jun 6, 2024
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့အခြေစိုက် လမိုင်း လူငယ်ပရဟိတအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင် စုစုပေါင်း အဖွဲ့ဝင်ငါးဦးကို စစ်ကောင်စီတပ်က ဆယ်ရက်နီးပါးကြာသည်အထိ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒီအသင်းအဖွဲ့နဲ့ နီးစပ်သူတွေက ဇွန် ၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဒါကြောင့် လုပ်ငန်းမလည်ပတ်နိုင်တော့ဘဲ လူနာတွေ ပို့ဆောင်ပေးတာ၊ ယာဥ်တိုက်မှုအပါအဝင် မတော်တဆ ထိခိုက်တဲ့လူနာတွေကို ကူညီပေးတာ၊ အောက်ဆီဂျင် ဖြန့်ဝေတာ၊ သွေးလှူတာနဲ့ မီးငြှိမ်သတ်တာ စတဲ့လုပ်ငန်းတွေအားလုံးကို ရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
မေ ၂၉ ရက်နေ့က ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ စစ်တပ်အရာရှိတစ်ဦးကို လမိုင်း လူငယ်ပရဟိတအဖွဲ့က မော်လမြိုင်ဆေးရုံကို သွားရောက်ပို့ဆောင်စဥ် ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းခုလတ်မှာ တားဆီးစစ်ဆေးခဲ့ပါတယ်။
ဒီလိုစစ်ဆေးစဥ်မှာ ကားပေါ်ပါလာသူဟာ အမှတ် - ၅၈၈ ခြေမြန်တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိသူ ဖြစ်နေတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းခေါ်ထားခဲ့ပြီး ပရဟိတအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။
အဲဒီဖြစ်စဥ်ဖြစ်ပွာပြီး မေ ၂၉ ရက်နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီတပ်က လမိုင်း လူငယ်ပရဟိတ အသင်းရုံးကို ရောက်လာပြီး အဖွဲ့ဝင်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရေးမြို့နယ်က လူမှုကူညီရေး ဆောင်ရွက်ပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“၂၉ ရက်နေ့က ကားအက်စီးဒင့်ဖြစ်တဲ့ လူနာတစ်ယောက်ကို သွားပို့တာ။ လမ်းတစ်ဝက်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ် ရှိတယ်။ အဲဒီမှာစစ်တော့ သူတို့စစ်ဗိုလ်ကို ဖမ်းသွားတယ်။ ညနေလောက် အဖွဲ့ဝင်တွေကို ပြန်လွှတ်လိုက်တယ်။ ည ငါးနာရီ ခြောက်နာရီဝန်းကျင်လောက်မှာ တပ်ကပြန်လာပြီး စစ်ဆေးဖို့ဆိုပြီး ခေါ်သွားတယ်။ အခုထိ ပြန်မလွှတ်သေးဘူး”
လမိုင်း လူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ အတွင်းရေးမှူး ဦးနိုင်ဝင်း၊ အသင်းသားတွေဖြစ်ကြတဲ့ ကိုအာကာထက်၊ ကိုအောင်မြင့်မြတ်နဲ့ ကိုမင်းသူတို့ဟာ အမှတ် - ၅၈၈ ခြေမြန်တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ သူက ဆိုပါတယ်။
ဖမ်းဆီးစစ်ဆေးခံထားရသူတွေကို ဇွန် ၆ ရက် ဒီနေ့ပြန်လွှတ်ပေးမယ်လို့ စစ်တပ်ဘက်က အကြောင်းကြားထားပေမဲ့ နေ့လယ်ပိုင်းအထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ လူမှုရေးအသင်းဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှု မကြာခဏဆိုသလို ရှိနေတာကြောင့် လွတ်လွတ်လပ်လပ် သွားလာကူညီခွင့်မရှိဘဲ လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ ကျိုက်ထိုမြို့က အမည်ဖော်လိုတဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောပါတယ်။
“ဒီလိုဖမ်းဆီးတာ မကောင်းဘူးပေါ့။ လမ်းကြောင်းတွေဆိုရင် မသွားလာရဲတော့ဘူး။ လူနာပို့မယ်ဆိုလည်း မပို့ရဲတော့ဘူး။ အခုလိုမျိုး အဖမ်းအဆီးရှိနေတော့ ကျွန်တော်တို့ မသွားရဲတော့ဘူး။ အခုဆို ကျွန်တော်တို့ သထုံ - မော်လမြိုင် လမ်းကြောင်းကို ပိတ်ထားတယ်။ မသွားရဲလို့။ မသွားရဲတာက ဖမ်းဆီးတာမျိုးတို့၊ ကားမောင်းရင် အသက်ကြီးပိုင်းပဲ လွှတ်ပေးတာ အငယ်ပိုင်းမလွှတ်ဘူး”
အခုဖမ်းဆီးခံရတဲ့ လမိုင်း လူငယ်ပရဟိတအဖွဲ့မှာ အသင်းသား သုံးဆယ်ကျော်ရှိပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်လာတာ လေးနှစ်ခန့်ရှိပြီဖြစ်လို့ လမိုင်းမြို့အပါအဝင် ရေးမြို့နယ်အတွက် အားထားရတဲ့အဖွဲ့တစ်ဖွဲ့လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ ကိုမင်းသွေးသစ်ကတော့ စစ်ကောင်စီဟာ သူတို့ ဆက်လက်အာဏာတည်မြဲရေးအတွက် ဖိနှိပ်မှုတွေကို နည်းမျိုးစုံနဲ့ ပြုလုပ်လေ့ရှိတာကြောင့် လူမှုကူညီရေး အသင်းအဖွဲ့တွေအနေနဲ့လည်း လုံခြုံရေးသတိပြုကြဖို့ တိုက်တွန်းကြောင်း ပြောဆိုပါတယ်။
“လူသားချင်း စာနာထောက်ထားမှုတွေ ပေးနေတဲ့ ကျန်းမာရေးကဏ္ဍတွေ၊ ပရဟိတကဏ္ဍတွေ အဲဒါတွေကို သူတို့တွေက နားလည်လက်ခံမှာ မဟုတ်ဘူး။ အဲဒီတော့ ငါတို့က ပရဟိတလုပ်တယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးနဲ့မဆိုင်ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ ငါတို့ကိုတော့ အရေးယူနိုင်မယ် မထင်ဘူးဆိုတဲ့အမြင်မျိုးတော့ မရှိကြစေချင်ဘူး။ နောက်ပိုင်းမှာ ပိုပြီးတော့ သူ့ရဲ့ အာဏာအကျပ်အတည်းတွေ့လေ ပိုပြီးတော့ ဖိနှိပ်လေ ဖြစ်မှာဆိုတော့ ပိုပြီးတော့ ဖိနှိပ်မှုတွေ ပြင်းထန်လာနိုင်တယ်”
မေ ၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ သုခကာရီ လူမှုကူညီရေးအသင်းက အဖွဲ့ဝင်ခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူမှုကူညီရေးဝန်ထမ်းတွေ လုံခြုံမှုကင်းမဲ့နေပြီး ကန့်သတ်ချုပ်ချယ်ခံရတာတွေ များနေတယ်လို့ အသင်းတွေက ပြောကြပါတယ်။