ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ကြီးထွားလာနေ
2023.03.21

ချင်းပြည်နယ်မှာ အရင်က မြေမြှုပ်မိုင်း လုံးဝမရှိခဲ့ဘဲ အာဏာသိမ်းနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်ကြောင့် မြေမြှုပ်မိုင်းဒဏ်ကို ဒေသခံအရပ်သားတွေ ရင်ဆိုင်ခံစားနေရပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်မြေပြင်မှာအသုံးပြုတဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့ပါတယ်။ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းအရ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၇ ဦး အသက်ဆုံးခဲ့ပါတယ်။
ဒဏ်ရာရသူအများစုဟာ လူငယ်၊ လူလတ်ပိုင်းတွေ ဖြစ်ပါတယ်။ အဲဒီအထဲက ဒဏ်ရာပြင်းထန်သူတွေကတော့ ခြေလက်အင်္ဂါတွေ ဆုံးရှုံးပြီး ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ဒုက္ခိတတွေအဖြစ် အသက်ရှင်သန် နေထိုင်ရပါတယ်။
"ကျနော်တို့က စစ်ကောင်စီနဲ့ တိုက်ပွဲပြီးသွားရင် ကျနော်တို့က ပြန်ဖော်တယ်"
ချင်းပြည်နယ်၊ ဟားခါးမြို့က အသက် ၃၄ နှစ်အရွယ် မလှောန်ဘူ (slawm Bu) ဟာ မတ်လ ၁ ရက်နေ့က ခြံစိုက်ဖို့အသွား မြို့သစ်ရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်အနီးမှာ ရုတ်တရက် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်တဲ့ ဒဏ်ရာကြောင့် ဘယ်ခြေတစ်ဖက် ဒူးအောက်ကနေ ဖြတ်လိုက်ရပါတယ်။
မတ်လ ၃ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့က အသက် ၂၅ နှစ်အရွယ် ကိုထောင်ဇလျန်ဟာ ဆိတ်စာသွားရှာရင်း ပြည်တော်သာ အမှတ် (၃) အထက်တန်း ကျောင်းဝင်းအနီးမှာ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ခြေနှစ်ဖက်လုံး ထိခိုက်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုထောင်ဇလျန်ရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူ့အိမ်ကနေ ပေနှစ်ရာ၊ သုံးရာလောက်ပဲ ရှိမယ်။ အဲဒီမှာ ဆိတ်စာသွားရှာပြီးတော့ အဲဒီမှာ မိုင်းနင်းမိပြီးတော့ သူ့ခြေထောက် နှစ်ဖက်စလုံးထိတယ်။ မြေမြှုပ်မိုင်းပဲ။ ပြည်တော်သာ အ.ထ.က ၃ ကျောင်းဝင်းထဲမှာ။ အဲဒီကျောင်းမှာတော့ စစ်တပ်တွေက ရှိတယ်။ စစ်တပ်တွေက သူတို့ရှိတဲ့ ကျောင်းရဲ့ အောက်နားမှာ မြှုပ်ထားတဲ့ မိုင်းတွေရှိတယ်”
ထိခိုက်တဲ့ ဒဏ်ရာတွေက ပြင်းထန်တာကြောင့် ခြေထောက်နှစ်ဖက်စလုံး ဖြတ်ရမယ့်အခြေအနေမျိုး ဖြစ်လာမှာကို ကိုထောင်ဇလျန်က စိုးရိမ်နေပါတယ်။ ခြေထောက်မဖြတ်ရဘူးဆိုရင်တောင် မိုင်းစထိမှန်ထားတဲ့ ခြေနှစ်ဖက်စလုံး အရင်လို ပြန်မကောင်းနိုင်တော့ဘူးလို့ ကိုထောင်ဇလျန်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
မတ်လ ၁၃ ရက်နေ့ကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယ- မြန်မာနယ်စပ် ဟိုင်မွလ်ရွာအနီးမှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး အရပ်သား သုံးဦး ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေဟာ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ချင်းပြည်နယ် မင်းတပ်မြို့က ဒေသခံနှစ်ဦး ထီးလင်းမြို့ကိုအသွား လမ်းခုလတ်မှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ချင်းပြည်နယ်မှာ စာသင်ကျောင်းတွေ အပါအဝင် စစ်ကောင်စီတပ် အခြေချထားတဲ့ နေရာတွေ၊ မြို့ပေါ်လမ်းဘေး နေရာတွေ၊ ကျေးရွာအနီးတစ်ဝိုက်နဲ့ ကျေးလက်ပြည်သူတွေ အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်ရာ တောင်ယာတွေအနီးမှာပါ မြေမြှုပ်မိုင်း အန္တရာယ်ကို စိုးရိမ်ပူပန်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအတွက် တောင်ယာသွား၊ ထင်းခုတ်၊ သားငါးရှာ စတဲ့ နေ့စဉ်အလုပ်တွေကိုတောင် စိတ်ဖြောင့်ဖြောင့်နဲ့ မလုပ်နိုင်ကြတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဟုတ်တယ် စိုးရိမ်တယ်။ အသိပညာပေးတာတွေလည်း သိပ်မလုပ်နိုင်ဘူး။ မသွား သင့်တဲ့ နေရာတွေမှာ မသွားကြဖို့ကတော့ Local media တွေကနေ ကျနော်တို့ကို ပြောထားတာတွေတော့ ရှိတယ်ပေါ့နော်။ တပ်ချတဲ့ နေရာတွေ၊ တပ်စွဲတဲ့ နေရာတွေနဲ့ ဘေးနားတွေမှာ မသွားကြဖို့၊ မလိုအပ်ဘဲနဲ့ တောင်ယာတွေကို မသွားကြဖို့ အဲဒါတွေ လည်း သူတို့လည်း ပြောတော့ပြောထားတယ်။ တောင်ယာ မသွားလို့လည်းမဖြစ်၊ အဲလိုဖြစ်တဲ့အခါကျတော့ အဲဒါမျိုး မိုင်းနင်းမိတာတွေဖြစ်တော့တာ”
အာဏာသိမ်းနောက်ဆက်တွဲ ပြည်တွင်းစစ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ် နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းတွေကို သုံးစွဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိ ဆလိုင်းထက်နီကတော့ ချင်းတော်လှန်ရေး အဖွဲ့တွေ အနေနဲ့ ပြည်သူလူထု ထိခိုက်အောင် မလုပ်ဘူးလို့ ပြောပါတယ်။
“မိုင်းကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ CNF တပ်ဖွဲ့က သော်လည်းကောင်း၊ ဒေသ ကာကွယ်ရေး အဖွဲ့တွေကသော်လည်း ကျနော်တို့က စစ်ကောင်စီနဲ့ တိုက်ပွဲပြီးသွားရင် ကျနော်တို့က ပြန်ဖော်တယ်။ အဲဒီလိုပုံစံနဲ့ ကျနော်တို့က စည်းကမ်းရှိရှိနဲ့ ဒီတိုက်ပွဲကို ဖော်ဆောင်တယ်။ မိုင်းကိုလည်း အဲလိုမျိုး အသုံးပြုတယ်။ ကျနော်တို့ကြောင့် ပြည်သူထိခိုက်တာတွေ ဒီနေ့အထိ မတွေ့ဘူး။ မရှိဘူး။ သို့သော် ကျနော်တို့ မိုင်းမကျွမ်းကျင်မှုကြောင့် ကိုယ့်ဟာကိုယ် အသုံးပြုတဲ့နေရာမှာ လွဲချော်မှုကြောင့် ကိုယ့်လူတွေ ပြန်လည်ထိခိုက်တာမျိုးပဲရှိတယ်”
ဒေသခံတွေ ထိခိုက်သေဆုံးရတာဟာ စစ်ကောင်စီတပ်ရဲ့ မြေမြှုပ်မိုင်းတွေကြောင့်သာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ပွဲတွေမှာ ထိရောက်အောင် မတိုက်နိုင်တဲ့အခါ အပြစ်မဲ့ အရပ်သားတွေ ကြောက်လန့်အောင်နဲ့ ကာကွယ်ရေးတပ်တွေကို အားပေးထောက်ခံတာမျိုး မလုပ်နိုင်အောင် အရပ်သားတွေကို ပစ်မှတ်ထား မိုင်းထောင်တိုက်ခိုက်လေ့ရှိတယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ရဲ့ စီမံအရာရှိ ဆလိုင်း မာန်ဟင်လျန်က ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ အခု သူတို့မှာ စစ်ပွဲတွေ၊ တိုက်ပွဲတွေ၊ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အခါမှာ ပြည်သူတွေကို ပစ်မှတ်ထားပြီး မိုင်းတွေထောင်တာကို ကျနော်အများကြီး တွေ့ရတယ်။ ဘာလို့လဲဆိုတော့ မိုင်းထောင်မှုတွေ၊ မိုင်းကြောင့် ပြည်သူလူထုတွေ ထိခိုက်မှုရဲ့ လုပ်ဆောင်မှု အဆင့်ဆင့်ကို ကြည့်မယ်ဆိုရင် စနစ်တကျနဲ့ စီစဉ်ပြီးတော့ မိုင်းတွေထောင်တာ၊ မိုင်းတွေနဲ့ တိုက်ခိုက်တာဟာ ကျနော်တို့ တွေ့ရတယ်။ ဒီဟာသည် တကယ့်ဆိုးရွားတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုလို့ သုံးသပ်လို့ရပါတယ်”
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်သိနိုင်ဖို့ ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ အရပ်သားတွေ နေထိုင်ရာ ဒေသတွေမှာ မြေမြှုပ်မိုင်းထောင်တာ မရှိဘူးလို့ အရင်က RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။
လက်ရှိအနေအထားအရ ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး အသိပညာပေးတာ မျိုးလည်း မရှိတဲ့အတွက် ဒေသခံတွေဟာ မိုင်းအန္တရာယ်ကြားကပဲ စားဝတ်နေရေးအတွက် သွားလာနေရတယ်လို့ ပြောပါတယ်။ မြေမြှုပ်မိုင်းတပ်ဆင်တဲ့ ဘယ်အဖွဲ့အစည်းမဆို တိုက်ပွဲပြီးတဲ့အခါ မိုင်းပြန်ရှင်းဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်နဲ့ ရှမ်းပြည်နယ်မှာလိုပဲ ချင်းပြည်နယ်မှာလည်း မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး အသိပညာပေးဖို့ လိုအပ်တယ်လို့ ရှမ်းပြည်နယ်၊ တအာင်းလူငယ်အဖွဲ့ရဲ့ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်း လုပ်ဆောင်နေသူ လွေးပိုးမျှမ်းက RFA ကို ပြောပါတယ်။
“ချင်းမှာရှိတဲ့ ပြည်သူတွေပေါ့နော်။ လူငယ်တွေ ဖြစ်ဖြစ်၊ ပြည်သူတွေဖြစ်ဖြစ် ဒီအကြောင်းကို သိရှိနားလည်ဖို့ လိုအပ်တာပေါ့လေ။ အခုက သူတို့အပိုင်းမှာ လုပ်ငန်းလုပ်တာ နည်းနေတယ်။ အားနည်းနေတယ်ဆိုရင် ချိတ်ဆက်ပြီးတော့ လုပ်ရမှာပေါ့။ တခြားပြည်နယ်တွေ ဥပမာ ကရင်ပြည်နယ်ဘက်မှာ လုပ်နေတယ်။ ပြီးတော့ ရှမ်းပြည်နယ်မှာလည်း လုပ်နေတယ်။ များများချိတ်ဆက်ပြီးမှ သင်တန်းတွေပေါ့။ လူငယ်တွေပေါ့။ ချင်းလူငယ်တွေဖြစ်ဖြစ်၊ ချင်းလူထုဖြစ်ဖြစ် စိတ်ဝင်စားတဲ့ လူငယ်တွေကို သင်တန်းတွေဘာတွေ တောင်းဆိုလို့ ရတာပေါ့နော်။ ဥပမာ TOT ပေးပြီးတော့မှ မျှဝေသင့်တာဟာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါတယ်”
RFA က ပြုစုထားတဲ့စာရင်းအရ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လကုန်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦးသေဆုံးပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ၂၀၂၂ ခုနှစ် ဧပြီလ ထုတ်ပြန်ချက်အရ ၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် သေဆုံးသူ ၁ဝ၂ ယောက်နဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရသူ ၂၈၈ ယောက်၊ စုစုပေါင်း အယောက် ၃၉၀ ရှိပါတယ်။
မိုင်းကြောင့် နစ်နာသူတွေဟာ ရခိုင်၊ ချင်း၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ် တွေကဖြစ်ပြီး အဲဒီထဲမှာ ကလေး ၁၃၃ ယောက်နဲ့ လူကြီး ၂၅၇ ယောက် ပါဝင်ပါတယ်။ ဒါဟာ ၂ဝ၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၇ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး ၂ဝ၂၁ ခုနှစ်ကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် သေဆုံးထိခိုက် ဒဏ်ရာရသူ ၂၈၄ ယောက်ရှိခဲ့တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။