မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲလက်နက်ပစ္စည်းကြောင့် အရပ်သားထိခိုက်မှု သုံးဆတိုးလာ

RFA Burmese
2024.04.03
မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲလက်နက်ပစ္စည်းကြောင့် အရပ်သားထိခိုက်မှု သုံးဆတိုးလာ ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဥ်။
RFA

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ဧပြီလ ၃ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်မှာ သေဆုံး၊ ဒဏ်ရာရသူ ၃၉၀ သာ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၁၀၅၂ ဦးအထိ မြင့်တက်လာတာလို့ ဆိုပါတယ်။ အဲဒီစစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦးရှိခဲ့တယ်လို့ (UNICEF) က ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကလေး ၅၉ ဦး ပါဝင်ပါတယ်။

စစ်ကိုင်းတိုင်းက ၃၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ ၁၂ ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းက စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကောလင်းနဲ့ ဝန်းသိုကြားက အောင်းကုန်းရွာမှာ RPG လက်နက်ကျည်ဆံကို ဆော့ကစားမိတာကြောင့် သားအမိသုံးဦးလုံး သေဆုံးခဲ့တယ်လို့ ကောလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သေဆုံးတဲ့ အစ်မက ၃၆ နှစ်ပဲ ရှိသေးတာ။ ၄ နှစ်အရွယ် ကလေးတစ်ယောက်ရယ်၊ ၁၆ နှစ် သမီးလေးတစ်ယောက်ရယ်၊ သူရယ်နဲ့ဆို သုံးယောက်ပေ့ါနော်။ အဲဒါကို RPG ဗုံးသီးကိုတွေ့တာ၊ မပေါက်ကွဲသေးတာပေါ့နော်။ အဲဒါကို ခေါက်ကြည့်တော့ ပေါက်ကွဲတာလေ။ ၄ နှစ် ကလေးက ခြေထောက်ပြတ်သွားတာ။ အမေကတော့ ဆုံးသွားတာ”

ဝန်းသိုမြို့နယ် ဆောင်ဘို့လှရွာမှာလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်ကို ဆော့ကစားမိတာကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး၊ နောက်ထပ် လူခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာရှိတဲ့ ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်အတွင်းမှာလည်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီဘက်က အဓိက အသုံးပြုနေပြီး မိုင်းနင်းမိတဲ့ လူသုံးဦးမှာ အနည်းဆုံးတစ်ဦး သေဆုံးလေ့ရှိတယ်။ ကျန်နှစ်ဦးကတော့ ခြေလက်အင်္ဂါတွေ ဆုံးရှုံးရတယ်လို့ (Chinland Defense Force Kalay Kabaw Gangaw) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီက သူတို့ရဲ့တပ်တွင်း ဧရိယာကိုကျော်ပြီးမှ နင်းမိုင်းတွေ ထောင်တဲ့ဟာ ရှိတယ်။ ကော်ဗူးလေးတွေနဲ့ပေါ့နော်။ တချို့ တောင်ယာခင်းတွေ အဲလိုနေရာတွေမှာ ထောင်တာရှိတယ်။ ကျွန်တော်တို့နားမှာဆိုရင် ရန်ကြီးအောင်စခန်းရဲ့ မီတာ နှစ်ရာပတ်လည်မှာ သူတို့ထောင်တာ ရှိတယ်။ ဆိုတော့ အဲဒီ မီတာနှစ်ရာပတ်လည်ဆို ပြည်သူတွေနေတဲ့ဘက် ရောက်သွားပြီ။ တချို့ပြည်သူကျတော့ အရေးကြုံလို့ သွားမိတဲ့အခါမှာ နင်းမိတာမျိုးရှိတယ်”

မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးနေတာလို့ စစ်ကိုင်တိုင်းအတွင်းက တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေအပါအဝင် UNICEF ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ မိုင်းသုံးရင်တောင် စစ်တပ်ဘက်က စည်းကမ်းတကျ အသုံးပြုနေပြီး အရပ်သားထိခိုက်မှုတွေအတွက် PDF တွေကိုပဲ အပြစ်တင်ရမယ်လို့ တုံ့ပြန်ပါတယ်။

“တပ်ကတော့ သူ့ရဲ့စခန်းထဲမှာပဲ စည်းကြပ်ကန့်သတ်မိုင်းလို့ခေါ်တယ်၊ အဲလိုမျိုးပဲ သူက ထောင်တယ်။ မိုင်းနဲ့ ပတ်သက်လို့ အပြစ်တင်ချင်တာကတော့ PDF အဖွဲ့တွေကို အပြစ်တင်ချင်တယ်။ လုပ်နေကြတာကတော့ နှစ်ဖက်စလုံးက ထောင်ကြမှာပါပဲ၊ ဒါပေမဲ့ မိုင်းအသိနဲ့ပတ်သက်လို့ စည်းမရှိ၊ ကမ်းမရှိ လုပ်တာကတော့ PDF တွေလို့ပဲ ကျွန်တော်ကတော့ စွပ်စွဲချင်တယ်”

မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ခံတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ၁၄ ခုမှာလည်း မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုများလာပါတယ်။

နမ္မတူမြို့ခံ ကိုကျော်နု ဟာ ခြံစည်းရိုးကာဖို့ သစ်သားတိုင်သွားယူရင်း ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းမှာ မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရပါတယ်။

“အထဲမှာ အိမ်ရှိတယ်လေ။ အိမ်တွေရှိတဲ့လမ်းမှာ နင်းမိတယ်ဆိုတော့ စိတ်ကတော့ ပူတာပေါ့ဗျာ။ နောက်ပြီးတော့ သူများတွေလို မသန်စွမ်းဘူးဖြစ်သွားတော့ စိတ်အားတော့ ငယ်ရတာပေါ့။ အလုပ်က ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်သွားပြီ။ ပြီးရင် ကိုယ်သွားချင်သလို သွားလို့မရတော့ဘူး။ အိမ်မှာပဲ နေရတော့တာပေါ့”

ကိုကျော်နု မိုင်းနင်းမိတဲ့နေရာဟာ နမ္မတူအခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၃၂၄) တပ်ရင်းအနီးမှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာပါ။

မိုင်းနဲ့ပတ်သက်တဲ့ အသိပညာပေးအဖွဲ့တွေကတော့ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး အင်အားစု နှစ်ဖက်စလုံးက မြေမြှုပ်မိုင်းတွေကို ပိုအသုံးပြုလာတယ်လို့ ပြောပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ အရပ်ဒေသက ပြည်သူတွေဟာ မိုင်းနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတ အားနည်းတာကြောင့် သေဆုံးထိခိုက် ပိုများရတယ်လို့ RFA ကို ပြောပါတယ်။

"အသိပညာပေးမှုလုပ်တာက အနည်းအကျဉ်းလောက်ပဲရှိတယ်။ အဲဒါကလည်း ဒီနောက်ပိုင်းဆို အွန်လိုင်းကနေပဲ လုပ်ကြတယ်။ တကယ့်မြေပြင်မှာ သွားလုပ်ဖို့ကျတော့လည်း အခက်အခဲတွေက အများကြီးရှိတယ်"

“အသိပညာပေးမှုလုပ်တာက အနည်းအကျဉ်းလောက်ပဲရှိတယ်။ အဲဒါကလည်း ဒီနောက်ပိုင်းဆို အွန်လိုင်းကနေပဲ လုပ်ကြတယ်။ တကယ့်မြေပြင်မှာ သွားလုပ်ဖို့ကျတော့လည်း အခက်အခဲတွေက အများကြီးရှိတယ်။ တကယ့်ကို အကုန်လုံး မလွှမ်းခြုံနိုင်တဲ့အပိုင်းတွေ အများကြီးတွေ့ရတယ်။ တချို့ကျတော့ မမြင်ရဘဲနဲ့ ပေါက်ကွဲတာတွေ ရှိသလို၊ တချို့ကျတော့လည်း ယူရင်းဆော့ရင်းနဲ့ အထူးသဖြင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုအပိုင်းမှာ ဒီမပေါက်သေးတဲ့ လက်နက်တွေကို ဆော့ကစားရင်းနဲ့ ထုရိုက်ရင်းနဲ့ ပေါက်ကွဲပြီးမှ သေဆုံးတာတွေ အများကြီး တွေ့နေရတာပေါ့နော်”

မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်ပြီးရင် ဧရာဝတီတိုင်းက တတိယ အများဆုံးဖြစ်ပြီး ကယား၊ ချင်း၊ ကချင်နဲ့ ရန်ကုန်အပါအဝင် တိုင်းနယ်၊ ပြည်နယ် ဆယ်ခုမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစစ်လက်နက်ပစ္စည်းကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေကြောင်း UNICEF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ UNICEF နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတော့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ထိခိုက်နစ်နာသူတွေ အထူးသဖြင့် ကလေးငယ်တွေကို အဘက်ဘက်ကနေ ထောက်ပံ့ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ဧပြီလ ၄ ရက်နေ့ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ မိုင်းအသိပညာပေးရေးနဲ့ မိုင်းတားဆီးရေး လှုပ်ရှားမှု ကူညီထောက်ပံ့ရေးနေ့" အထိမ်းအမှတ် UNICEF အဖွဲ့ ထုတ်ပြန်ချက်မှာတော့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး မစ္စ-ဒယ်ဘိုရာ ကိုမီနီ (Debora Comini) က မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာတဲ့အတွက် နေပြည်တော်ကလွဲရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့နေရပြီး ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းအန္တရာယ် ကြုံတွေ့ရမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ ပါဝင်လာပြီလို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေပြင်းထန်နေချိန်မှာ မြေမြှုပ်မိုင်းတွေကို အဖွဲ့အစည်းအားလုံးက မဆင်မခြင် အသုံးပြုနေတယ်လို့လည်း ဝေဖန်ထားပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုတာဟာ ပြစ်တင်ရှုတ်ချစရာဖြစ်သလို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ အရပ်သားတွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် မြေမြှုပ်မိုင်းတွေ မဆင်မခြင် အသုံးပြုနေတာကို ရပ်တန့်ဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးက ချက်ချင်းစတင်ဆောင်ရွက်ဖို့ အရေးယူကြီးတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။