လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ ပြင်းပြင်းထန်ထန် အရေးယူခံရနိုင်

RFA Burmese
2024.01.23
လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေ ပြင်းပြင်းထန်ထန် အရေးယူခံရနိုင် လောက်ကိုင်မြို့တွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ သွားလိုသည့်နေရာကို ပို့ဆောင်ပေးရန် ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့က တွေ့ရစဉ်။
Operation 1027-3BHA via X

လောက်ကိုင်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို တာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ် မိုးကျော်သူ၊ စစ်ကောင်စီ ကိုးကန့်ဒေသ ဦးစီးအဖွဲ့ ယာယီဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ယောက်နဲ့ အရာရှိတွေ၊ အခြားအဆင့်စစ်သည် ၂၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ MNDAA တပ်ဖွဲ့ဆီမှာ လက်နက်ချခဲ့ကြပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က အများဆုံးလက်နက်ချခဲ့တာလို့ MNDAA ဘက်က ပြောပါတယ်။ စစ်တပ်အသိုင်းအဝိုင်းကြားမှာလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက် နေတာပါ။

ဒီလိုလုပ်ရပ်ဟာ စစ်တပ်ထဲမှာကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်တာကြောင့် စစ်ကောင်စီဘက်က ပြင်းထန်တဲ့ စစ်ဥပဒေတွေနဲ့ အရေးယူထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ် အရာရှိဟောင်းက RFA ကို ပြောပါတယ်။

“ကွမ်းလုံက ကျနေမှတော့ လောက်ကိုင်က ပြန်ဆုတ်မယ်ဆို ဘယ်မှသွားဆုတ်စရာ မရှိဘူးလေ။ ဖြစ်ဖြစ်ချင်းမှာပဲ အရေးပေါ်ခံစစ်လိုင်းတွေတူး မိသားစုတွေကို လုံခြုံ စိတ်ချတဲ့နေရာမှာ နေရာချ။ အင်တိုက်အားတိုက်နဲ့ ကျွန်တော်တို့က ခံချနေမယ် ဆိုရင်တောင်မှ ရတဲ့အနေအထားမျိုးပါ။ အဲဒါမျိုးမဟုတ်ဘဲနဲ့ အသေအပျောက်လည်း မရှိဘဲနဲ့ကို လက်နက်ချလိုက်တယ်ဆိုတာက အကြီးအကဲတွေဘက်က လက်နက်ချဖို့ အမိန့်ပေးလိုက် တယ်ဆိုတာမျိုးကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆတယ်။ တာဝန်ယူတဲ့ခေါင်းဆောင်တွေရဲ့ ပေါ့လျော့မှုကြောင့်ပဲ ဒါကဖြစ်တယ်လို့ ယူဆတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကြားသိနေရတာကတော့ အပြင်းထန်ဆုံး စစ်ဘက် ဥပဒေတွေနဲ့ကို အရေးယူထားတယ်လို့ ကြားသိထားရပါတယ်”

လက်နက်ချခဲ့တဲ့ တပ်ဖွဲ့ ဝင် ၂၁၀၀ နဲ့ သူတို့ရဲ့မိသားစုဝင် ၁၆၀၀ ကျော်ကို MNDAA တပ်ဖွဲ့က ချင်းရွှေဟော်ကနေ “၀” ဒေသ နမ့်တစ်ကိုဖြတ်ပြီး တန့်ယန်းမြို့ကနေ လားရှိုးမြို့ကို ယာဉ်တန်းတွေနဲ့ ပို့ပေးခဲ့ပါတယ်။

ဟိုပန်နဲ့ ပန်လုံမြို့မှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်က အရာရှိနဲ့ တပ်သား သုံးရာကျော်အပါအဝင် မိသားစုဝင် ခုနစ်ရာနီးပါးကိုလည်း အခုလ ၅ ရက်နေ့မှာပဲ လားရှိုးမြို့ကို ပို့ပေးလိုက်တယ်လို့ UWSA “၀” တပ်ဖွဲ့က အမည်မဖော်လိုတဲ့ ထိပ်တန်းအရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။

လောက်ကိုင်က ဆုတ်ခွာလာတဲ့ စစ်ကောင်တပ်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၃၆၀၀ ကျော်ကိုတော့ လားရှိုးမြို့နဲ့ တန့်ယန့်မြို့နယ်တွေမှာ ခွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အသေခံရင်ခံ၊ မခံရင် လက်နက်ချရတော့မှာပဲဆိုတဲ့ အနေအထားကတော့ အရှေ့မြောက်တစ်ခွင်လုံးကို လွှမ်းမိုးသွားပြီ"

လောက်ကိုင် ဒကစမှူးနဲ့ ဗိုလ်မှူးချုပ်ခြောက်ယောက်ကိုတော့ အခုလ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ တန့်ယန်းမြို့ ကနေ ရဟတ်ယာဉ်နဲ့ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ခေါ်သွားခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတချို့က ပြောပါတယ်။ အဲဒီနောက်မှာတော့ တိုင်းလက်အောက်ခံ တပ်ရင်းအချုပ်တွေမှာ ခေတ္တခွဲထားခဲ့ပြီး နေပြည်တော်ကို ပို့လိုက်တာလို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက သူတို့ခြောက်ဦးထဲက သုံးဦးကို သေဒဏ်၊ သုံးဦးကို ထောင်တစ်သက်နဲ့ ကျန်အရာရှိငယ်တွေကို ထောင်နှစ်ရှည်တွေ ချမှတ်လိုက်ကြောင်း ပြည်တွင်းမီဒီယာ တချို့မှာ အခုရက်ပိုင်း ရေးသားဖော်ပြလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကတော့ လောက်ကိုင် ဒကစဆုတ်ခွာမှုဟာ တပ်မိသားစု လုံခြုံရေးနဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိစ္စတွေကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတချို့ကို ပြောဆို ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စစ်ဗိုလ်ချုပ်တွေကို ဘယ်လို အရေးယူမလဲဆိုတာကို အဲဒီအချိန်ကရော အခုရက်ပိုင်းမှာ ရော တိတိကျကျ ထုတ်ပြန်ပြောဆိုတာမျိုး မရှိပါဘူး။

လောက်ကိုင်မှာ စစ်တပ်က လက်နက်ချတာဟာ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ မဖြစ်နိုင်ဘူးလို့ တပ်မ ၆၆ ကနေ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM မှာပါဝင်ထားတဲ့ ဗိုလ်ကြီး အောင်မျိုးထက်က သုံးသပ်ပါတယ်။

“ဒကစ ဆိုရင် သိမ်းဆည်းရမိတဲ့အချိန်မှာ ရုံးကအစ မီးရှို့ဖျက်ဆီးထားတဲ့ အနေအထား ရှိတာမို့လို့ ကြိုတင် သူတို့ဆုတ်ခွာထားဖို့ အမိန့်ရရှိထားတဲ့ ပုံစံမျိုးရှိတယ်ပေါ့နော်။ သယ်ဆောင်လို့ မရတဲ့ ဖျက်ဆီးလို့မရတဲ့ သူတို့ကိုင်ဆောင်တဲ့ လက်နက်တွေနဲ့ လက်နက်ကြီးတွေကိုပဲပေါ့နော် ထားခဲ့တဲ့ အနေအထားအမျိုး တွေ့ရတဲ့အတွက် ကြောင့်မို့လို့ သူတို့အနေနဲ့ ဆုတ်ခွာခွင့်အမိန့်ကို နေပြည်တော်ကနေ ရရှိပြီးသား ဖြစ်တယ်ပေါ့နော်။ အဲလိုလူမျိုးတွေကို အရေးယူမယ်ဆိုရင်လည်း ဆုတ်ခွာလာတဲ့ အောက်ခြေစစ်သည်တွေက သိလာတဲ့ အချိန်ကျရင် ပုန်ကန်မှုတွေဖြစ်လာနိုင်သလို အရေးမယူဘူးဆိုရင်လည်း မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ တပ်ရင်းမှူးတွေ၊ ဗိုလ်မှူးကြီး အဆင့်တွေက ဒီလူတွေတောင် လက်နက်ချတာပဲဆိုပြီးတော့နော် ငါတို့လည်း လက်နက်ချလိုက်တော့မယ်ကွာ ဘာဖြစ်လဲဆိုတာမျိုး ဖြစ်နိုင်တဲ့အခါကျတော့ သူတို့ အနေနဲ့ ကျင်းထဲကျပ်ထဲကို ရောက်နေတယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်ခင်ဗျ”

လောက်ကိုင်က ဗိုလ်မှူးချုပ်တွေဦးဆောင်တဲ့ လက်နက်ချမှုဟာ စစ်ကောင်စီတပ်ရဲ့ ဗျူဟာအမှားတွေကြောင့် ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက မှတ်ချက်ပြု ပါတယ်။ ဒီကိစ္စဟာ စစ်တပ်အတွက် တိုက်ပွဲမှာ ဦးကျိုးသွားစေတာ ဖြစ်ပြီး တခြားတိုင်းနဲ့ ပြည်နယ်တွေအထိပါ ရိုက်ခတ်မှုရှိခဲ့တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။

“တပ်မှူးခြောက်ယောက်က သူတို့အမိန့်မနာခံဘူးဆိုပြီး လျှောက်ပြောပြီး အရေးယူ တယ်။ သူတို့ရဲ့ စီမံကွပ်ကဲမှု အမှားတွေနဲ့ ပတ်သက်တဲ့ကိစ္စက တောက်လျှောက် ဖြစ်လာ ခဲ့တာ။ အခုကို တပ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေလည်မှုတွေက တော်တော်များများ ဖြစ်နေပြီ။ အဲဒါက စစ်တပ်ရဲ့ ဒီစစ်ပွဲအပေါ်မှာ ယုံကြည်မှု ဦးကျိုးသွား တာပေါ့ဗျာ။ ပြန်တိုက်လို့လည်း မနိုင်နိုင်တော့ဘူး။ အဲတော့ အသေခံရင်ခံ၊ မခံရင် လက်နက်ချရတော့မှာပဲဆိုတဲ့ အနေအထားကတော့ အရှေ့မြောက်တစ်ခွင်လုံးကို လွှမ်းမိုးသွားပြီ။ အခုက အဲဒီအဆင့်ကနေ ချင်းတို့၊ ရခိုင်တို့ ဒေသတွေမှာ အဲဒီ သဘောထားတွေက စိမ့်ဝင်ပျံ့နှံ့သွားပြီ”

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း နမ့်ဆန်မြို့မှာ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်မ ၁၀၁ တပ်မမှူးကို TNLA က ဖမ်းဆီးရမိခဲ့ပါတယ်။

အခုလ ၇ ရက်နေ့မှာတော့ ကွတ်ခိုင်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချခဲ့ သလို သိန္နီ စကခ (၁၆) က တပ်ဖွဲ့ဝင်တွေနဲ့မိသားစုတွေလည်း လားရှိုးကို ဆုတ်ခွာလာ ပါတယ်။

ရှမ်းပြည်နယ် သိန္နီခရိုင် အုပ်ချုပ်ရေးဦးစီးဌာနရုံးအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က MNDAA က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားစဉ်။ (Photo : The Kokang)
ရှမ်းပြည်နယ် သိန္နီခရိုင် အုပ်ချုပ်ရေးဦးစီးဌာနရုံးအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က MNDAA က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားစဉ်။ (Photo : The Kokang)

နမ့်ဆန်၊ မန်တုံနဲ့ နမ္မတူမြို့သိမ်းတိုက်ပွဲတွေကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီ တပ်သားတွေလည်း လားရှိုးမှာပဲ စုထားတာကြောင့် ဒေသအသီးသီးက ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည့်နေတယ်လို့ လားရှိုးမြို့ခံ နန်းမြကြည်က ပြောပါတယ်။

“နမ့်စလတ်ရော၊ လောက်ကိုင်ရော အကုန်လုံးက ဒီကိုဆုတ်လာကြတယ်။ တချို့ ယောက်ျားတွေက အဲမှာ အဖမ်းခံရတာတွေရှိတယ်။ ကုန်ကားကြီးတွေနဲ့ တွဲပြီး လာပို့တာတွေ့တယ် ဒီဘက်ကို။ လာပို့ ပြီး တချို့ဟာတွေကျတော့ စစ်ကားတွေနဲ့ ပြန်တင်ပြီး တစ်နာရီ၊ နှစ်နာရီလောက်ခြားပြီး ပြန်ခေါ်သွားတယ် စစ်ကားတွေနဲ့ တင်ပြီးတော့မှ ဘယ်ကို ပို့တယ်လို့တော့ မသိဘူး။ အဲလိုမျိုးတော့တွေ့ရှိရတယ်”

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသမှာရှိတဲ့ (၁၅) မြို့နယ်ကို မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့က သိမ်းယူနိုင်ခဲ့ပါတယ်။

သိမ်းယူထားတဲ့ မြို့တွေထဲက ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်း၊ သိန္နီ စတဲ့မြို့တွေ ကို MNDAA၊ AA မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထားပြီး ဟိုပန်နဲ့ ပန်လုံမြို့တွေ ကိုတော့ UWSA “ဝ” တပ်ဖွဲ့က ရလိုက်တာပါ။

တအာင်းဒေသက နမ့်ဆန်နဲ့ မန်တုံမြို့တွေအပြင် တရုတ်နယ်စပ်က နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ စတဲ့ မြို့တွေကိုတော့ TNLA နဲ့ မဟာမိတ်အဖွဲ့တွေက သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေးအစီအစဉ်တွေ စတင် ဆောင်ရွက် နေပြီလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း ပေါင်း ၂၅၀ ကျော်နဲ့ သံချပ်ကာယာဉ်တွေ၊ ဟောင်ဝစ်ဇာ အမြောက်တွေအပါအဝင် လက်နက်ခဲယမ်းမျိုးစုံ အမြောက်အမြားကိုလည်း မြောက်ပိုင်းညီနောင် သုံးဖွဲ့က သိမ်းဆည်းရမိ ခဲ့တဲ့အတွက် စစ်ကောင်စီတပ်အတွက် အထိနာခဲ့တဲ့ တိုက်ပွဲဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။