လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာတိုးမြှင့်လိုက်တဲ့အတွက် ဝေဖန်မှုတွေရှိလာ


2015.01.23

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာကို တစ်လ ကျပ် ၁ဝ သိန်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့်လွှတ်တော် ကိုယ်စားလှယ်တွေကို ကျပ် ၅ သိန်းအထိ တိုးမြှင့်ဖို့ မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု လိုက်ပါတယ်။

အဲ့ဒီလိုတိုးမြှင့်လိုက်တဲ့အတွက် ဝေဖန်မှုတွေရှိလာပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံ့ဝန်ထမ်းတွေ၊ တပ်မတော် သားတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးမြှင့်ပေးဖို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက အရေးကြီးအဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအဆိုကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ရာမှာ ပထမဆုံးအနေ နဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ကျပ် ၁ဝ သိန်းနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ကျပ် ၅ သိန်းအထိ တိုးမြှင့်ပေးဖို့ ဆွေးနွေးအတည်ပြုခဲ့ကြပြီး နိုင်ငံတော်သမ္မတထံ အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုယ်စားလှယ် လစာတွေကို တဖြည်းဖြည်းချင်းသာ ဆောင်ရွက်ဖို့ သဘောထားမှတ်ချက် ပြန်လည်ပေးပို့ခဲ့ပေမယ့် မနေ့ကကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ မူလသတ်မှတ် ချက်အတိုင်း လစာတိုးမြှင့်ပေးဖို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုးပေးတဲ့လစာဟာ များလွန်းတယ်လို့ ဝေဖန်တာတွေရှိသလို ကုန်ဈေးနှုန်းဖောင်းပွလာနိုင်တယ်လို့ သုံးသပ်တာတွေလည်းရှိလာပါတယ်။

ဒါနဲ့ပတ်သက်ပြီး အခြေခံအလုပ်သမားတွေကို လစာတိုးမြှင့်ပေးပြီးမှ လွှတ်တော်ကိုယ်စားလှယ်တွေကို လစာတိုးပေးသင့်တယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဦးခင်မောင်ဆွေ။                  ။လစာတိုးတယ်ဆိုတာကဗျာ တိုးတိုးချင်း လွှတ်တော်က စတိုးတာကြီးကတော့ သိပ်ကြည့်မကောင်းဘူးလေ၊ တိုးတာကတိုးရမှာပေါ့ဗျာ၊ တိုးရင်းတိုးရင်တော့ ကျနော်တို့ အခြေခံအလုပ်သမားတွေ၊ ဝန်ထမ်းတွေ အစရှိသဖြင့် လစာတိုးပြီးမှ လွှတ်တော်ကိုယ်စားလှယ်များ နောက်ဆုံးမှတိုးရင်တော့ ကြည့်လှတာပေါ့၊ အခုကထိပ်ဆုံးကစတိုးပြီးတော့ အောက်ကလူတွေ ဘာမှအသံမကြားရသေးဘူး၊ တိုးမယ်သာပြောပြီး ဘယ်လောက်ဆိုတာ မသိရသေးဘူးကိုး၊ အဲ့ဒီတော့ ဟိုဟာပေါ့ဗျာ၊ တိုးခြင်းကတော့ကောင်းပါတယ် ဒါပေမယ့်လို့ တိုးမဲ့ရှိရင်အကာအရံတွေပေါ့၊ သူ့လက်ထဲဘက်ဂျက် ကြီးကြီးမားမား ကျနော်တို့ အခွန်ကောက်ခံရရှိမှု ဘယ်လိုပြင်ဆင် ပြီးတော့ တိုးမြှင့်ကောက်ခံမှာလဲ၊ လစာတိုးတဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေနေပြီးတော့ ထုတ်ယူသုံးစွဲရမယ့်အတွက် ဘယ်လိုကာမိအောင် ဘယ်လိုလုပ်မလဲဆိုတာတွေလည်း ဆွေးနွေးတာလည်း မကြားရဘူးလေ။

လွှတ်တော်ကိုယ်စားလှယ်တွေက လာမယ့်ဧပြီလကစပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလကုန်အထိ အခုသတ်မှတ်လိုက်တဲ့ လစာနှုန်းထားတွေကို ရရှိမှာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးရဲ့လစာငွေ ကျပ် ၁၅ သိန်းရရှိချိန်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့လစာဟာ ကျပ် ၃ သိန်းသာရရှိတာကြောင့် ကွာဟချက်တွေများနေပြီး တိုးပေးသင့်တယ်လို့ ကိုယ်စားလှယ်တွေဘက် က ထောက်ပြပြောဆိုတာတွေရှိသလို လက်ရှိမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လစာနဲ့အခြေခံလုပ်သားတွေ ရဲ့လစာဟာလည်း အတော်လေး ကွာဟသွားပြီဆိုပြီး ထောက်ပြဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

နိုင်ငံဘဏ္ဍာကို အသုံးပြုရာမှာ တရားမျှတမှုရှိစေရေးအတွက် အခြေခံလူတန်းစားတစ်ဦးရဲ့ တစ်နေ့ဝင်ငွေနဲ့ တိုးမြှင့် သတ်မှတ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ တစ်လဝင်ငွေကို ချိန်ထိုးကြည့်ဖို့လိုအပ်တယ် လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒေါက်တာရန်မျိုးသိမ်း။           ။ကျနော်တို့တိုင်းပြည်ထဲမှာရှိတဲ့ သာမန်ပြည်သူလူထုတစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေနဲ့ လည်း ပြန်ထိုးဖို့လိုအပ်မယ်လို့မြင်တယ်၊ ဒါမှသာလျှင် ပြည်သူလူထုရဲ့ ဘဏ္ဍငွေကို စတစ်တကျသုံးစွဲတဲ့ ပုံစံမျိုးဖြစ်မယ် လို့၊ အလုပ်လုပ်တဲ့ အလုပ်သမားဟာ တစ်နေ့ကို ၅ဝဝဝ၊ ၆ဝဝဝ ရနိုင်တဲ့အခြေအနေမျိုးမှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ ၁ဝ သိန်းယူတယ်ဆိုတာ တရားမျှတမှုရှိပါ့မလား၊ အဲ့ဒီလိုပဲ သမ္မတတစ်ယောက်က သိန်း ၅ဝ လောက် ကို တစ်လကို လစာ.ူထားတယ်ဆိုတာကို မျှတမှုရှိပါ့မလား၊ တရားပါ့မလား၊ ဒီလိုပုံစံမျိုး ပြန်ပြီးစဉ်းစားသင့်တယ်လို့ မြင် တယ်ဗျ။

လွှတ်တော်ကိုယ်စားလှယ်တွေဟာ မူလရရှိတဲ့လစာအရ မဲဆန္ဒနယ်မြေတွေကို သွားရောက်လေ့လာဖို့ မလွယ်ကူနိုင်တဲ့ အခက်အခဲတွေရှိတာကြောင့် လစာတိုးမြှင့်ပေးလိုက်တဲ့အခါ လုပ်ငန်းဆောင်ရွက်မှုတွေ အားကောင်းလာနိုင်မယ်ဆိုပြီး လွှတ်တော်တွင်း ဆွေးနွေးခဲ့တာတွေလည်းရှိပါတယ်။

လွှတ်တော်ကိုယ်စားလှယ် လစာတိုးမြင့်ရေးအဆိုကို လွှတ်တော်မှာဆုံးဖြတ်ရာမှာ ကြားနေမဲပေးခဲ့တဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက လစာနဲ့လုပ်ငန်းဆောင်ရွက်နိုင်မှုနဲ့ ပတ်သက်လို့ သူရဲ့အမြင်ကို အခု လိုပြောပါတယ်။

ဦးလှဆွေ။                ။ကျနော်ပြောတာ လစာတိုးသည်ဖြစ်စေ၊ မတိုးသည်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကတော့ နယ်မြေကိုအမြဲတမ်းထိတွေ့ဖို့ သူ့မှာတာဝန်ရှိတာပဲ၊ အဲ့လိုပဲ ကျနော်ကမြင်တယ်၊ လစာတိုးတာနဲ့ မတိုးတာ နဲ့တော့ မဆိုင်ဘူး၊ တိုးမှပိုဆင်းနိုင်မယ်ဆိုတာလည်း အဲ့လိုတော့ပြောလို့တော့ရတာပေါ့၊ သို့သော် စေတနာဟာ အဓိကပါဗျ၊ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော် ဝင်မဆွေးနွေးဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကိုယ်တိုင် လစာတိုးဖို့ကိစ္စ ကိုယ့်ဟာကိုယ် အဆိုတင်သလိုဖြစ်နေတဲ့အခါကျရင်လေ၊ ကျနော်ကတော့ ဝင်ပြီးတော့မဆွေးနွေးပါဘူး၊ လစာတိုးရင် တသက်လုံးတိုးပေါ့ဗျာ၊ အဲ့လိုတော့မဟုတ်ဘူး၊ အခုဟာက ဇန်နဝါရီလ ၃၁ နေ့ ၂ဝ၁၆ အထိ ဒါကိုတိုး တယ်ဆိုပြီးပြောလိုက်တော့ ကျနော်လည်း သိပ်ပြီးသဘောမပေါက်ဘူး၊ နားမလည်ဘူး၊ အမှန်ကတော့ နောက်ထပ် လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်သူပဲလာလာ ဒီနှုန်းအတိုင်းပဲ ခံစားစေဆိုရင်ပြီးတာပဲလေ။

ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို လစာ ၁ဝ သိန်းနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေကို လစာ ကျပ် ၅ သိန်းစီတိုးမြှင့်သတ်မှတ်ချက်ဟာ လက်ရှိအစိုးရ သက်တမ်းအတွင်း သာ အကျုံးဝင်တယ်လို့ ပြည်ထောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်မှာ ပါရှိပါတယ်။

လွှတ်တော်တွေရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို လေ့လာစမ်းစစ်မှုပြုလုပ်နေတဲ့ ဓနရှေ့ဆောင်မြန်မာ ဥက္ကဌ ဦးချမ်းငြိမ်းအောင်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ တိုးမြှင့်လစာနှုန်းထားအပေါ် သူရဲ့သဘောထားအမြင်ကို အခုလို ပြောပါတယ်။

ဦးချမ်းငြိမ်းအောင်။               ။လွှတ်တော်ကိုစားလှယ်တွေက လုပ်ရတာသူတို့အတွက် အခက်အခဲရှိလို့ ဒီလစာငွေတွေ တိုးတောင်းတယ်ဆိုတဲ့အခါကျတော့လည်း ကျနော်အနေနဲ့ ပေးသင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်၊ ဒါပေမယ့် ဒီလွှတ်တော်သက်တမ်းမှာလုပ်တဲ့သူတွေက အနစ်နာခံတဲ့သူတွေလား၊ ဒီအကျိုးအတွက်လုပ်တဲ့ ပုံစံမျိုး နောက်လွှတ်တော်သက်တမ်းမှာ လုပ်မယ့်လူတွေအတွက် ကောင်းသောအပြုသဘောဆောင်တဲ့ ကောင်းမွန် တဲ့ဥပဒေ လုပ်နည်းဆောင်တာတွေကို ထားခဲ့ပေးမယ်ဆိုရင်တော့ တကယ်ကို ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုပေါ့နော်၊ တကယ်ကို ဆက်လက်ဂုဏ်ယူဝမ်းသာပါတယ်၊ ဒါပေမယ့် အခုဟာကကျတော့ လွှတ်တော်ကာလသက်တမ်း ၉ လပဲကျန်တဲ့အချိန်မှာမှ ဇန်နဝါရီမှာ လာစာ ၁ဝ သိန်းအထိတိုးလာတာရော ဖြစ်လာတဲ့အခါကျတော့ ကျနော်အနေနဲ့က မပြီးပြတ်သေးတဲ့ကိစ္စတွေ အများကြီးရှိသေးတယ်အချိန်မှာ လွှတ်တော်မှာရှိတဲ့လူ၊ ပြည်သူ့ဆန္ဒနယ်ရောက်လာတဲ့ လူတွေက ရပိုင်ခွင့်တွေ ရသင့်တယ်ဆိုပြီးတော့ တောင်းလိုက်တဲ့အခါကျတော့ ပြန်ခါနီးလူအိမ်စားပြီး မုန့်ဖွတ်ထားသ လိုပေါ့။

လွှတ်တော်အသီးသီးက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ တပ်မတော်ကပေးတဲ့ လစာခံစား ခွင့်သာရှိပြီး ကိုယ်စားလှယ်လစာကို ခံစားခွင့်မရှိဘူးလို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။