ဖက်ဒရယ်စနစ်ကို မီးမောင်းထိုးပြနေတဲ့ အမေရိကန်ဆန္ဒပြပွဲများ

ကမ္ဘာမှာ ဓနအင်အားနဲ့ စစ်အင်အား နံပတ်တစ်နေရာမှာ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ သြဇာအရှိဆုံးဖြစ်တဲ့ သမ္မတ Donald Trump အနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီး ဖြိုခွင်းချင်ပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တာဟာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားကောင်းချက်ကြောင့်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်ဖြစ်ရပ်ကနေ ဘာတွေ နမူနာ ရယူနိုင်ပါသလဲ။

လူမည်းအမျိုးသား George Floyd ကို ရဲတွေဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို အကြောင်းပြုပြီး စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်နိုင်ငံတဝှမ်းလုံးအပြင် အာရှ၊ ဥရောပနဲ့ သြစတြေးလျနိုင်ငံတွေအထိပါ ပျံ့နှံ့ခဲ့ပါ တယ်။ ဒီဆန္ဒပြပွဲတွေကို အမေရိကန်သမ္မတ Donald Trump ကတော့ လိုအပ်ရင် စစ်အင်အားသုံး နှိမ်နင်းမယ် လို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမဲ့လည်း သမ္မတတယောက်အနေနဲ့ ထင်သလို လုပ်ပိုင်ခွင့်မရှိအောင် ဖက်ဒရယ် စနစ်နဲ့ ဖွဲ့စည်းပုံက အခိုင်အမာ ကန့်သတ်ထားပါတယ်။ အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ Gum San Nsang ကတော့ - ပြည်နယ်တွေအားလုံးက စုစည်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လို့ ပြောဆိုပါတယ်။

"အဓိကကတော့ ဖက်ဒရယ်မူကနေ ယူထားတဲ့ အခြေခံဥပဒေကနေ လုံးဝကို သမ္မတရဲ့ အခွင့်အာဏာတွေအ ပေါ် ကန့်သတ်မှုရှိတယ်။ ဥပမာ - ပြည်ထောင်စုစစ်တပ်ပေါ့နော် အမေရိကန်နိုင်ငံရဲ့ တပ်မတော်ဆိုတာ ပြည်နယ်တိုင်းကို ပို့ချင်တိုင်း ပို့လို့မရဘူး။ လွှတ်ချင်တိုင်း လွှတ်လို့မရဘူး။ သမ္မတမှာပဲ အာဏာမရှိဘူး။ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အဓိက ကိုင်တွယ်ရတာ။ သမ္မတက တကယ် ပို့နိုင်တာ တနေရာပဲ ရှိတယ်။ အဲ့ဒါ ဝါရှင်တန်ဒီစီပါပဲ။ နောက်တခုက မီဒီယာရဲ့ ထိန်းကွပ်မှုကောင်းတာပေါ့။ မီဒီယာတွေကနေ သမ္မတရဲ့ လိုအပ်ချက်တွေကို ပုံမှန်ထောက်ပြနေတယ်ဆိုတော့ တနည်းပြောရရင် သမ္မတကို ထိန်းကွပ်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသလိုမျိုး၊ အရပ်ဘက်လူမှုအဖွဲ့တွေရဲ့အားကောင်းတယ်။ နောက်တခုက မီဒီယာအားကောင်းတယ်။ ဒါတွေက သမ္မတကို ထိန်းကွပ်ထားတဲ့သဘောပါ။"

ထူးခြားချက်က သမ္မတ Donald Trump ဟာ လက်ရှိမှာ သမ္မတရာထူးအပြင် အမေရိကန်နိုင်ငံရဲ့ စစ်တပ်မှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့လည်း စစ်တပ်ကို ထင်သလို အမိန့်ပေး စေခိုင်းပိုင်ခွင့် သူ့မှာမရှိပါဘူး။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံတဝှမ်း ဆန္ဒပြပွဲတွေက အရှိန်မြင့်လာနေပြီး အခုဆိုရင် သီတင်းနှစ်ပတ်နီးပါး ရှိလာပါပြီ။ ဒါတွေက အာဏာကိုခွဲဝေသုံးစွဲတဲ့ ဖက်ဒရယ်စနစ်ရဲ့ အားကောင်းမှုကြောင့်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းက ဆိုပါတယ်။

"အမေရိကန်မှာက Check and Balance ဆိုတဲ့ အထိန်းအခြေအနေတွေက အများကြီးရှိပါတယ်။ သမ္မတမှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူ့ကို ပြန်ပြီးတော့ ထိန်းညှိထားတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ပေ့ါနော် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဒါတွေရှိပါတယ်။ အဲ့ဒါတွေအပြင် ဒီစနစ်အတွင်းမှာ တခြား ထိန်းညှိ ထားတဲ့ အဖွဲ့အစည်းစနစ်တွေလည်း ရှိတယ်။ နောက်တခါ အမေရိကန်မှာ ပြောကြတာက ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောတဲ့အခါကျတော့ လက်ရှိ ပြည်နယ် တခုချင်းဆီမှာ သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေတွေ ရှိတယ်။ ကိုယ်ပိုင်စနစ်တွေ ရှိတယ်။ အနည်းနဲ့အများဆိုသလို ကျနော်တို့ ပြည်ထောင်စုရဲ့ ဖက်ဒရယ်အစိုးရရဲ့ အမိန့်ကို နာခံရတယ်ဆိုပေမဲ့လည်း ပြည်နယ်တွေမှာ လုပ်ပိုင် ခွင့်တွေ အများကြီး ရှိထားတဲ့ အနေအထားပါ။ ဒီအနေအထားကလည်း ပြန်ပြီးတော့ အထိန်းအကွပ်ဖြစ်တယ် လို့ ကျနော်ထင်ပါတယ်။"


အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ ပထမဆုံး ဖက်ဒရယ်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းပြီးတော့ စတင် ကျင့်သုံးခဲ့တဲ့ နိုင်ငံဖြစ်သလို - အခုဆိုရင် နှစ်ပေါင်း ၂ဝဝ ကျော်ရှိခဲ့ပါပြီ။ ဒီလိုနိုင်ငံဆီကနေ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံအနေနဲ့ နမူနာ ယူသင့်တာ တွေရှိတယ်လို့ ကချင်မဟာမိတ်အဖွဲ့ဥက္ကဌ Gum San Nsang က ပြောပါတယ်။

"ပြည်နယ်တွေရဲ့ ရပိုင်တဲ့အခွင့်အရေးတွေကို အခုလက်ရှိ ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်နယ်တွေကို အာဏာ တွေ ခွဲဝေပေးသင့်တယ်။ ဥပမာ - ရခိုင်ပြည်နယ်ဆိုပါတော့ ရွေးကောက်ပွဲမှာ ရခိုင်တွေအများစုနိုင်တယ်။ ပြည်နယ်ဝန်ကြီးချုပ်ဆိုတာမျိုးတွေကို သူ့ဟာသူ ခန့်အပ်သင့်တယ်။ ဒါတွေက အမေရိကန်ပြည်ထောင်စုကနေ နမူနာယူလို့ရပါတယ်။ ဒါတွေက ဒီမိုကရေစီအစိုးရကနေပြီးတော့ NLD အစိုးရကနေ လုပ်လို့ရတဲ့ဟာတွေပေ့ါ။ စစ်တပ်ဘက်က ဘာမှမလိုဘဲ NLD က လုပ်လို့ရတဲ့ဟာတွေ။ ဒီအာဏာတွေကို ခွဲဝေပေးသင့်တယ်။ နောက် ဘဏ္ဍာရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြည်နယ်တွေကနေ ကိုယ့်ဟာကိုယ် လုပ်နိုင်တဲ့ အခြေအနေမျိုးတွေ ရှိ အောင် လုပ်လို့ရပါတယ် ဒီဟာတွေက"

ဗြိတိသျှလက်အောက်ကနေ ကိုလိုနီ ၁၃ နယ်က ၁၇၇၆ ဇူလိုင် ၄ ရက်နေ့မှာ စုပေါင်း လွတ်လပ်ရေး ကြေညာခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့ အမေရိကန်ပြည်ထောင်စုဟာ အခုဆိုရင် ပြည်နယ်ပေါင်း ၅ဝ အထိ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးကြေညာပြီး ၁၁ နှစ်အကြာမှာ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မွေးဖွားပေးခဲ့တဲ့ ပထမဆုံး ညီလာခံတရပ်ကို Pennsylvania ပြည်နယ် Philadelphia မြို့မှာ ရေးဆွဲခဲ့တာပါ။ ဒီဖွဲ့စည်းပုံအရ ဗဟိုအစိုးရရဲ့ ဥပဒေတွေကို ပြည်နယ်တွေအနေနဲ့ လိုက်နာရပေမဲ့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေဟာ သီးခြားလွတ်လပ်စွာ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်တွေကို ရရှိထားကြတာ ဖြစ်ပါတယ်။