ယူသင့်တဲ့ ပြည်ပချေးငွေနဲ့ မယူသင့်တဲ့ ပြည်ပချေးငွေ


2019-05-17
Share
yeywar-dam-622.jpg မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းက ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို တွေ့ရစဉ်
Photo: Yin Nyein Aye's Facebook

မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပြင်ဆင်မွမ်းမံဖို့အတွက် French Development Agency ဆိုတဲ့ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီကနေ ယူရိုငွေ ၃၅ ဒဿမ ၇ သန်းချေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ကြာသပတေးနေ့မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။

မြန်မာပြည်ပြန်လည်ထူထောင်ရေးဆောင်ရွက်တဲ့အခါမှာ မဖြစ်မနေလုပ်လာရတဲ့ကိစ္စက နိုင်ငံတကာ အကူအညီနဲ့ ပြည်ပချေးငွေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုကဏ္ဍမှာ ချေးငွေယူသင့်လဲ၊ ဘယ်လိုကဏ္ဍမှာ ချေးငွေမယူသင့်ဘူးလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။

~~~~~~~~~~~~~

ယူသင့်တဲ့ ပြည်ပချေးငွေနဲ့ မယူသင့်တဲ့ ပြည်ပချေးငွေ

(နေရိန်ကျော်)

မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ပြင်ဆင်မွမ်းမံဖို့အတွက် French Development Agency ဆိုတဲ့ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီကနေ ယူရိုငွေ ၃၅ ဒဿမ ၇ သန်းချေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ မနေ့က ကြာသပတေးနေ့မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။ ချေးငွေကို အနှစ် နှစ်ဆယ်မှာ အကျေပြန်ဆပ်ရမှာဖြစ်ပြီး ပထမ ၇ နှစ်ကို ဆိုင်းငံ့ကာလအဖြစ် သက်သာခွင့်ပေးသလို နောက်ကျန်တဲ့ ၁၃ နှစ်မှာတော့ နှစ်တိုး ဝ.၆၈ ရာခှိုင်နှုန်းနဲ့ ဆပ်ရမယ်လို့ သိရပါတယ်။ ချေးမယ့်ငွေနဲ့ ရေအားလျှပ်စစ် ငါးရုံကို အခုနှစ်ကနေ လာမယ့် ငါးနှစ်အတွင်း ပြီးအောင်ပြုပြင်ပြောင်းလဲမယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော်မှာ မနေ့ကအဲဒီလို ချေးငွေနဲ့ လျှှပ်စစ်ထုတ်လုပ်မှု တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့ သောကြာနေ့မှာတော့ ကျောက်ဆည်မြို့က သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံဖွင့်ပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနှစ်ကုန်မှာ တိုင်းပြည်ရဲ့ လျှပ်စစ်လိုအပ်ချက် တဝက်ဖြည့်ပေးမယ်၊ နောက်မကြာခင်မှာတော့ ရာနှုန်းပြည့် ရအောင်လုပ်ပေးမယ်လို့ ပြောလိုက်တာတွေ့ရပါတယ်။

လျှှပ်စစ်စွမ်းအင်ဟာ တိုင်းပြည်တခုရဲ့အခြေခံအကျဆုံး လိုအပ်ချက်တခုဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်ကို မြန်မာနိုင်ငံမှာ လုံလောက်အောင် မဖြည့်နိုင်သေးတဲ့အတွက် ပြည်သူတွေရဲ့ ငြီးငြူနေသံကို ဒီရက်ပိုင်းတွေမှာ အတော့်ကို စီစီညံညံကြားနေရပါတယ်။

အသင့်ချက်ပြုတ်ထုတ်ပိုးပြီးသား စားသောက်စရာတွေ ဝယ်စားတဲ့ အလေ့အကျင့်မထွန်းကားသေးတဲ့ မြန်မာပြည်မှာ မြို့ပြနေပြည်သူတွေဟာ ထမင်းနဲ့ဟင်းကို ကိုယ့်အိမ်မှာကိုယ် ချက်ပြုတ်စားသောက်ကြတဲ့အတွက် စွမ်းအင်မရှိရင် စားစရာမဖန်တီးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပြည်သူတွေရဲ့ နေ့စဉ်စားသောက်နေထိုင်ရေးမှာ လျှပ်စစ်စွမ်းအင်ဟာ မရှိမဖြစ်ပါ။ ထမင်းဟင်းချက်ဖို့ လောင်စာအတွက် သဘာဝဓာတ်ငွေ့ကိုလည်း အိမ်တိုင်းနီးပါးသုံးအောင် မဆောင်ရွက်နိုင်သေးပါဘူး။ ဒါက စားသောက်ရေးတခုအတွက်ပဲ ဖြစ်ပါသေးတယ်။ လျှပ်စစ်ဟာ အိမ်တိုင်းရဲ့အလင်းရောင်ဖြစ်သလို ပညာရေး၊ကျန်းမာရေးတွေ အတွက်လည်း မရှိမဖြစ်ပါ။ အဲဒီထက် ပိုပြီးပြောရရင် လျှပ်စစ်လုံလောက်အောင် မထုတ်နိုင်ရင် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးအောင် လုပ်ဖို့ဆိုတာ ဆွံ့အနေတဲ့လူတယောက်ရဲ့ အိပ်မက်လိုဖြစ်နေမှာပါ။

လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ၄ဝရာခိုင်နှုန်းအောက်ပဲ လျှပ်စစ်သုံးခွင့်ရသေးတဲ့အတွက် လူသန်း ၂ဝ အောက်ပဲ လျှပ်စစ်မီးနဲ့ နေထိုင်ခွင့်ရနေတာပါ။ အဲဒီထဲမှာ ၈ သန်းလောက်က ရန်ကုန်မြို့မှာ လက်ရှိနေထိုင်နေကြပါတယ်။ မြန်မာပြည်မှာ လျှပ်စစ်ကို ရေအား၊ သဘာဝဓာတ်ငွေ့အားနဲ့ ကျောက်မီးသွေးတို့ကနေ ထုတ်လုပ်နေတာပါ။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံက ၁၁ ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံက ၇ ရုံနဲ့ ရေအားလျှပ်စစ်စက်ရုံကတော့ ၁၂ ရုံ ရှိတယ်လို့ ဝီကီပီးဒီးယား အင်တာနက်စွယ်စုံကျမ်းမှာ တွေ့ရပါတယ်။ စုစုပေါင်းဆိုရင် လျှပ်စစ်ထုတ်တဲ့ စက်ရုံ ၃ဝ ရှိတယ်လို့ပြောရမှာပါ။ ဒါပေမယ့် အဲဒီစက်ရုံတွေအားလုံးက ခန့်မှန်းထားတဲ့ ပမာဏအတိုင်း ပုံမှန်မထုတ်နိုင်တဲ့အတွက် စက်ရုံစာရင်းသာရှိနေပြီး၊ လျှပ်စစ်ထုတ်လုပ်မှုက အပြည့်အဝမရှိတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီကနေ ချေးငွေယူပြီး လျှပ်စစ်ရအောင် ကြိုးစားမယ့်ဆောင်ရွက်ချက်က ကောင်းမွန်တဲ့အစီအမံလို့ ပြောနိုင်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ပြည်တွင်းစစ် ရှိနေသေးတဲ့နိုင်ငံက မြန်မာနိုင်ငံတနိုင်ငံပဲ ကျန်ပါတော့တယ်။ အနှစ် ၇ဝ ကျော် စစ်ဘေးစစ်ဒဏ်ကြောင့် တိုင်းပြည်ဘဏ္ဍာထိခိုက်ရ၊ ကုန်ထုတ်လုပ်မှု ကျဆင်းရ၊ ဖွံ့ဖြိုးမှုနောက်ကျပြီး ဆင်းရဲနေတဲ့ နိုင်ငံအနေနဲ့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါ နိုင်ငံတကာအကူအညီနဲ့ ပြည်ပချေးေငွေမရှိဘဲ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် အဲဒီအကူအညီတွေ ချေးငွေတွေဟာ တကယ့်ကိုလိုအပ်တဲ့၊ ထိရောက်တဲ့၊ တိုင်းပြည်မှာ ဦးစားပေးရမယ့် ကဏ္ဍတွေမှာပဲ ဖြစ်သင့်ပါတယ်။

ဘာကြောင့်လဲဆိုရင် အထွေထွေရွေးကောက်ပွဲကနေ အနိုင်ရတဲ့ပါတီပဲ အစိုးရတာဝန်ယူရတဲ့ နိုင်ငံရေးစနစ်မှာ ရွေးကောက်ပွဲအနိုင်ရရေးအတွက် မဲဆွယ်တဲ့ လုပ်ရပ်တွေလဲ ဖြစ်လာတတ်တာကို အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင်၊ ကမ္ဘာ့နိုင်ငံတွေက ဖြစ်ရပ်တွေက သာဓကယူစရာအနေနဲ့ တွေ့နေရလို့ပါ။ အဲဒီလို ဆောင်ရွက်ကြတဲ့အခါမှာ အမြင်ပန်းလှအောင် တိုက်တာကြီးတွေ ဆောက်တာမျိုးလည်း ပါတတ်ပါတယ်။ ဆိုလိုတာက မြန်မာပြည်မှာ ကုန်ပစ္စည်းတွေထုတ်နိုင်မှ ပြည်ပကို ရောင်းနိုင်မယ့်ပစ္စည်းရှိမှာဖြစ်ပြီး၊ တိုင်းပြည်ဝင်ငွေ တက်လာမှာပါ။ အဲဒီလိုဝင်ငွေတက်လာမှ နိုင်ငံတကာက ချေးငွေတွေ ပြန်ဆပ်နိုင်မှာဖြစ်သလို၊ အဲဒီလိုကိုယ်ပိုင်ငွေနဲ့ ရွှေရောင်တောက်တဲ့ အဆောက်အဦးတွေ ဆောက်တာက ပိုပြီးသင့်လျှော်လို့ပါ။ ဒီလိုမဟုတ်ရင် အခုတောင် အမေရိကန်ဒေါ်လာ ၁ဝ ဘီလီယံကျော် ချေးငွေရှိနေတဲ့ နိုင်ငံအနေနဲ့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆိုတဲ့အဖြစ်မျိုး ရောက်တတ်တယ်ဆိုတဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့