ရခိုင် စစ်ဘေးဒုက္ခသည်အရေး အစိုးရကူညီမှု ဝေဖန်ခံနေရ
2019.12.04
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရက လတ်တလော အချိန်အထိ ကျပ်ငွေ သန်းပေါင်း ၁၈၀၀ ကျော် အထိ ကူညီထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောလိုက်ပါတယ်။
စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒီဇင်ဘာလ ၂ ရက်နေ့က ကျင်းပခဲ့တဲ့ နေရပ်စွန့်ခွာသူတွေကို ပြန်လည် နေရာချထား ရေးနဲ့ ယာယီစခန်းတွေ ပိတ်သိမ်းရေးဆွေးနွေးပွဲမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
“စခန်းတွေကို ရောက်လို့ရှိရင် စခန်းတွေကို လိုက်လို့ပေးတယ်၊ ဝေတယ်။ အခုကျွန်တော်တို့ ရခိုင်နဲ့ ပတ်သက် လို့ လတ်တလော ပဋိပက္ခမှာကို ကျွန်တော်တို့အနေနဲ့ လစဉ်မပြတ် ထောက်ပံ့ မှုတွေပေးပါတယ်။ ရောက်အောင်လည်း ကြိုးစားနေကြတယ် လို့ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုတွေဟာ ဆက်တိုက်ပဲ ပေးနေတယ်ဆိုတာကတော့ ကျွန်တော်တို့အစိုးရ အနေနဲ့ အသိပေးပါတယ်။ အားလုံးပေါင်း ဆိုလို့ရှိရင် ကျွန်တော်တို့ အနေနဲ့ ၁ ဒသမ ၈ ဘီလီယံကျော်ဖြစ်သွားပါပြီ”
စားနပ်ရိက္ခာတွေကို လစဉ်မပြတ် ထောက်ပံ့ခဲ့တာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကဆိုပါတယ်။
အစိုးရက စစ်ဘေးဒုက္ခသည် တစ်ဦးစီကို ထမင်းတစ်နပ် ၁၅၀ ကျပ်နှုန်းနဲ့ တွက်ချက်ပြီး ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတွေကတော့ အစိုးရရဲ့ထောက်ပံ့မှုကို ပုံမှန်မရတာတွေ ရှိခဲ့တဲ့အတွက် အစိုးရသုံးစွဲခဲ့တဲ့ ကျပ်ငွေ သန်း ၁၈၀၀ ကျော်ကိစ္စအပေါ် ဝေဖန်မှုတွေရှိနေကြတာပါ။
အိမ်ထောင်စု ၈၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော်ရှိတဲ့ တိမ်ညို စစ်ဘေးဒုက္ခသည်စခန်း ကော်မတီတာဝန်ခံ ဦးစိုးနိုင်ကတော့ အချိန် ၈ လ လောက်ကာလမှာ အစိုးရက စုစုပေါင်း ၃ ကြိမ်သာ ထောက်ပံ့ခဲ့တယ်လို့ဆိုပါတယ်။
“ကျွန်တော်တို့က ဧပြီ၊ မေလကတည်းက စခန်းကိုစလာတဲ့အခါမှာ ပထမတော့ လူတစ်ဦးကို ၃၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၂၀၀ လောက်ကို ပထမအကြိမ်လာပြီးထောက်ပံ့ပါတယ်။ ပြီးရင် ဒုတိယအကြိမ်လာတုန်းက ပထမပေးခဲ့တဲ့လူတွေကို မပေးတော့ဘူး။ အသစ်ရောက်လာတဲ့ လူတွေကိုလောက်ပဲ သူတို့ထောက်ပံ့ တာရှိတယ်။ ပြီးရင်ဆန်ရိက္ခာကိုတော့ အောက်တိုဘာလလောက်မှာ လူတစ်ဦးကို နို့ဆီဗူးနှစ်လုံးနှုန်းနဲ့ အိမ်ထောင်စု ၇၄၄ စုအတွက် အဲဒီဆန်တစ်ကြိမ် ထောက်ပံ့တာပဲရှိတယ်။ လစဉ်ပေးတာတော့မရှိဘူးဗျ”
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ စတင်ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ လောက်ကနေ စစ်ဘေးဒုက္ခသည်စခန်းတွေ စတင်ပေါ်ပေါက်လာကြတာဖြစ်ပြီး အခုဆိုရင် အချိန် တစ်နှစ်တိတိ ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။
ဒီတစ်နှစ်တာကာလရဲ့အစပိုင်းမှာ အစိုးရရဲ့ ပုံမှန်ထောက်ပံ့မှုတွေ မရှိခဲ့ဘူးလို့ ဒုက္ခသည်အရေး အကူအညီပေး နေတဲ့ မြောက်ဦးမြို့က မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရ ကမိန့်ပါတယ်။
“စင်္ဘောကိုင်းစခန်းဆိုလို့ရှိရင် မတ်လ ၄ ရက်နေ့က စဆောက် တယ်။ မြတန်ဆောင်းစခန်းလည်း အဲဒီနေ့ မှာစတာ။ အဲဒီ မတ်၊ ဧပြီ၊ မေ အထိကို သူတို့ပုံမှန်မပေးဘူး။ ဦးဇင်းသတိထားမိ တာကတော့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာပေါ့ ဒီ ၅ လလောက်တော့ သူတို့ထောက်ပံ့တယ်။ ဒါပေမဲ့ ဒီလောက် လေးထောက်ပံ့ရုံနဲ့ အဲဒီငွေပမာဏကုန်မယ်လို့ ဦးဇင်းတော့မထင်ဘူး။ ဆန်လေးတစ်ခုပဲပေးတာလောက်နဲ့ အဲဒီလောက်များတဲ့ငွေကို သုံးစွဲဖို့မလိုဘူးထင်တယ်။ တခြား ဘယ်နေရာတွေမှာသုံးလဲတော့ မပြောတတ် ဘူးပေါ့လေ”
အစိုးရရဲ့လစဉ်ပုံမှန် ထောက်ပံ့မှုတွေဟာ အောက်ခြေမှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီကို အပြည့်အဝ ဘာကြောင့် မရောက်သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့သလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပါဘူး။
စစ်ဘေးဒုက္ခသည်တွေ အရေးအကူအညီပေးနေတဲ့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်းဒေးရှင်းရဲ့ ဒါရိုက်တာ တစ်ဦး ဖြစ်သူ ဦးခိုင်ကောင်းစံ ကတော့ အခုလိုပြောပါတယ်။
“ဘယ်သူတွေ လာလှူတယ်ဆိုတဲ့ဟာက ဒုက္ခသည်စခန်းထဲမှာရှိနေတဲ့လူတွေမှာလည်း မှတ်တမ်းတွေ ထားတာပေါ့နော်။ ဘယ်အဖွဲ့ကလာတယ်၊ ဘယ်အဖွဲ့က ဘာတွေလာလှူခဲ့တယ် အဲဒီလိုဟာမျိုးတွေက သက်သေရှိနေတာပေါ့လေ။ မှတ်တမ်းမှတ်ရာတွေရှိနေတယ်ပေါ့။ အဲဒီတော့ ပြောချင်တာကတော့ အစိုးရရဲ့စီမံခန့်ခွဲမှုဟာ အောက်ခြေနဲ့အပေါ်ကြားမှာ လွဲချော်မှုတွေရှိနေတာကတော့ ဒါငြင်းလို့မရတဲ့ ပကတိအခြေအနေတွေဖြစ်ပါတယ်။ ဒါလွဲတော့ လွဲနေကြတာပေါ့လေ”
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ကတော့ လတ်တလောအချိန်အထိ စခန်းတွင်းရော စခန်းပြင်ပမှာ ပါရှိနေတဲ့ စစ်ဘေးသင့်ဒုက္ခသည် ဦးရေဟာ ကိုးသောင်းကျော်အထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။