မကွေးအစိုးရဌာနဆိုင်ရာ အဆောက်အဦး အရည်အသွေး လွှတ်တော်ထောက်ပြ


2019.10.08
magway-building-622.jpg မကွေးတိုင်းဒေသကြီး အစိုးရဘဏ္ဍာငွေနဲ့ တင်ဒါအောင်တဲ့ကုမ္ပဏီက ဆောက်လုပ်နေတဲ့ အဆောက်အဦတစ်လုံးကို တွေ့ရစဉ်
Photo: Aye Hlaing Oo’s FB

မကွေးတိုင်းအတွင်း အစိုးရဘဏ္ဍာငွေနဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာတွေ ဆောက်လုပ်ဖို့ တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီတချို့ဟာ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှာ အရည်အသွေး ညံဖျင်းတာတွေ ရှိတဲ့အတွက် စိစစ်ပေးဖို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာက ကိုယ်စားလှယ်တွေကို အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌရဲ့ ညွန်ကြားစာနဲ့  ပတ်သက်ပြီး ဒီနေ့ RFA က မကွေးတိုင်းအတွင်းက ကံမ၊ မင်းတုန်းနဲ့ တောင်တွင်း ကြီးမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို မေးကြည့်ရာမှာ ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုအပိုင်းကို အားမရတာတွေရှိကြောင်းပြောကြသလို ရာသီဥတုအခြေအနေအရ ကုမ္ပဏီတွေရဲ့ အခက်အခဲတွေနဲ့ အဆောက် အဦတွေဟာ အရည်အသွေးပိုင်းဆိုင်ရာ စိတ်ချယုံကြည်ရမှုမရှိလို့ စိုးရိမ်မှုတွေရှိတယ်ဆိုတဲ့အသံတွေကို ကြားခဲ့ ရပါတယ်။

မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာက အောက်တိုဘာလ ၄ ရက်နေ့ရက်စွဲနဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို မိမိတို့မြို့နယ်က ပညာရေး၊ ကျန်းမာရေးနဲ့ဆိုင်တဲ့အဆောက်အအုံတွေ၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်နေတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ကောင်း၊ သင့်၊ ညံ့ အမျိုးအစား သုံးမျိုးခွဲပြီး လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ ညွန်ကြားစာပေးပို့ထားတာပါ။

ညံ့လို့ပေးခံရတဲ့ ကုမ္ပဏီတွေက ကြိုက်မှာမဟုတ်တဲ့အတွက် လျို့ဝှက်စနစ်နဲ့သာ လွှတ်တော်ဥက္ကဋ္ဌထံ အသိပေးတယ် လို့ မင်းတုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦး ကပြောပါတယ်။

“ညံ့ လို့ပေးချင်ပေးမယ်၊ ကောင်း လို့ပေးချင်ပေးမယ်။ သင့် လို့ပေးချင်ပေးမယ်။ ညံ့ လို့ပေးတဲ့ကောင်တွေ ကတော့ ဘယ်ကြိုက်မလဲ။ သူတို့တွေက စောဒကတက်ချင်တော့ ကျနော်က လျို့ဝှက်ပဲထားခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုပဲပေါ့။ ပြတ်ပြတ်သားသား ဒီလိုလေးဖြစ်သင့်လို့ ပေးလိုက်တဲ့ကိစ္စကို အစိုးရက အရေးတယူဆောင်ရွက်မယ်ဆိုရင် နောင်ဆောက်မယ့် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပြည့်စုံပြည့်ဝတဲ့ အရည်အသွေးကောင်းတဲ့ အဆောက်အအုံတွေ ပေါ်လာနိုင်မှာပေါ့နော်။”

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်မှာဆိုရင် မြို့နယ်ဥပဒေရုံး၊ စီမံခန့်ခွဲရေးရုံးနဲ့ ဝန်ထမ်းအိမ်ရာ တည်ဆောက် ထားရှိမှုတွေရှိပြီး ဒါတွေကို စစ်ဆေးပြီးဖြစ်သလို လျို့ဝှက်စနစ်နဲ့ ဥက္ကဌထံ လာမယ့်အပတ်အတွင်း အသိပေးသွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

အရည်အသွေးမကောင်းရင် အနှစ် ၂၀၊ ၃၀ လောက်နဲ့  အဆောက်အအုံတွေ ပျက်ဆီးသွားနိုင်တယ်

ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ကိုဆက်ပြီး အသိပေးသွားမှာပါ။

မကွေးတိုင်းထဲက တောင်တွင်းကြီးမြို့နယ်မှာဆိုရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မူကြိုကျောင်း ဆောက်လုပ်ခဲ့ တာတွေရှိပြီး အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ တောင်တွင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်း က ပြောပါတယ်။

“အဆောက်အအုံရဲ့ ဒီဇိုင်းတွေကတော့ တစ်နှစ်ပြီးတစ်နှစ်မှာတော့ ပိုပြီးတော့ မြှင့်တင်ထားတာဖြစ်တယ်။ အနှစ် ၄၀၊ အနှစ် ၅၀ လောက်ခံရမယ်၊ အဆောက်အအုံတွေက အရည်အသွေးမကောင်းဘူးဆိုရင် အနှစ် ၂၀၊ ၃၀ လောက်နဲ့ အဆောက်အအုံတွေ ပျက်စီးသွားနိုင်တာပေါ့။ အခြားဘေးထွက်ဆိုးကျိုးကတော့ အနည်းဆုံး မျက်နှာ ကျက်ပြုတ်ကျလိုက်ရင်တောင် ကလေးတွေ ခိုက်မိသွားနိုင်တဲ့ကိစ္စမျိုးတွေကအစ မျက်လုံးပြူး မျက်စံပြူးတွေ ဖြစ်ရတာပေါ့။ ဒီအဖြစ်အပျက်တွေလည်း မဖြစ်စေချင်ဘူးလေ။”

မကွေးတိုင်းထဲက ကံမမြို့နယ်ဟာဆိုရင် မိုးများတဲ့ဒေသဖြစ်လို့ ဆောက်လုပ်ရေးကုမ္ပဏီတွေအနေနဲ့ လုပ်ငန်းတွေ မပြီးပြတ်တာတွေရှိခဲ့ကြောင်းနဲ့ အဲဒီထဲက သာဓကတစ်ခုကို ပြောပါဆိုရင် ရတနာတိုက်နယ်ဆေးရုံဝန်ထမ်းတွေကို ထားဖို့ ဆောက်လုပ်တဲ့အိမ်ရာဟာဆိုရင် မပြီးပြတ်လို့ လုပ်ငန်းပြန်အပ်ခဲ့ရတာရှိတယ်လို့ ကံမမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း ကပြောပါတယ်။

ကိုယ်စားလှယ်တွေဘက်က ကောင်း၊ သင့်၊ ညံ့ ခွဲတဲ့ အနေအထားကို ဦးဇော်ဝင်း ပြောပြတာက

“ကောင်းဆိုတဲ့ အဖြေရဖို့ကတော့ တော်တော်လေးခဲယဉ်းတယ်။ ကျနော်တို့ မြို့နယ်ထဲမှာ။ ဘာကြောင့်လည်း ဆိုတော့ လုပ်ငန်းအကောင်အထည်ဖော်နေတာ တိုးတက်မှု ကျနော်တို့မြို့နယ်ထဲမှာ ရာခိုင်နှုန်းအားနည်းတာ။ ကောင်း၊ သင့်၊ ညံ့ ဆိုတာ သူရဲ့လုပ်ငန်းကာလထဲမှာ လုပ်ငန်းအချိန်မီပြီးစီးတယ်။ QC ကလည်း ထောက်ခံတယ် ဆို ဒါကောင်းတာပေါ့။ QC ကလည်း Work Done တွေမှာ လိုအပ်ချက်တွေရှိတယ်လို့ပြောတယ်။ နောက်တစ်ခါ လုပ်ငန်းတိုးတက်မှု ရာခိုင်နှုန်းကလည်း အားနည်းတယ်ဆိုရင် ဒါက ကျနော်တို့က သင့် တယ်။ ဒါမှမဟုတ် ညံ့ တယ်။ ဒီလိုလည်းမှတ်ချက်ပေးမှာပါ။”

မင်းတုန်းမြို့နယ်အတွင်းက မကွေးတိုင်းအစိုးရဘဏ္ဍာငွေနဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦတစ်လုံးကို လွှတ်တော်ကိုယ်စားလှယ်၊  မြို့နယ်လမ်းဦးစီးအရာရှိနဲ့ မြို့နယ်အလုပ်အမှုဆောင်တို့ သွားရောက်စစ်ဆေးစဉ်
မင်းတုန်းမြို့နယ်အတွင်းက မကွေးတိုင်းအစိုးရဘဏ္ဍာငွေနဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦတစ်လုံးကို လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်လမ်းဦးစီးအရာရှိနဲ့ မြို့နယ်အလုပ်အမှုဆောင်တို့ သွားရောက်စစ်ဆေးစဉ်
Photo: Aye Hlaing Oo

တဘက်မှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပညာရှင်တွေ မဟုတ်တဲ့အတွက် အခုလိုစစ်ဆေးရာမှာ အလုံးစုံနားမလည်နိုင်တဲ့ အခြေအနေတွေက ရှိနေပါတယ်။

ပညာရှင်မဟုတ်သူတွေရဲ့ စစ်ဆေးတင်ပြချက်အပေါ် ဆုံးဖြတ်ခံရမှုအတွက်လည်း လုပ်ငန်းရှင်တွေက မကျေလည် မှုတွေရှိနေပါတယ်။

မကွေးတိုင်းအတွင်းက ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် က လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်ဟာ ဒေသတွင်းကုမ္ပဏီငယ်တွေအပေါ် ဖိနှိပ်ရာ ရောက်တယ်လို့ မြင်ကြောင်း ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်က သူနားလည် Political ပေါ့။ ဒါပေမဲ့ သူက သူ့အမြင်နဲ့ သူ့ဘာသူ ဆုံးဖြတ်ပြီးတော့ မကောင်းပါဘူးဆိုပြီး ဆုံးဖြတ်လိုက်တဲ့အခါကျတော့ တဘက်မှာ ကုမ္ပဏီတွေက နစ်နာတယ်။ အဓိက သူတို့က မယုံကြည်မှုတွေများနေတာပေါ့ဗျာ။ လုပ်ငန်းရှင်ဆိုရင် တိုင်းပြည်ဘဏ္ဍာကို ခိုးတော့မယ်၊ ကြိတ်တော့မယ်လို့ မြင်နေတယ်။ ဒေါ်အောင်ဆန်းကြည်ကိုယ်တိုင်တောင် အပေါ်မှာ ခရိုနီနဲ့ လက်တွဲနေပြီး ဒေသတွင်းလုပ်ငန်း ရှင်လေး သိန်း ၅၀၀၊ ၁၀၀၀ ရင်းနှီးမြှုပ်နှံပြီး လုပ်နေတဲ့ကုမ္ပဏီလေးကို တိုင်းဒေသကြီးဝန်ကြီးက အယုံအကြည် မရှိဘူးဆိုတော့ သူတို့က အပေါ်နဲ့အောက်နဲ့ connection lose ဖြစ်နေတာပေါ့။”

ဖိနှိပ်တယ်ဆိုတာဟာ တင်ဒါခေါ်စဉ် စည်းကမ်းချက်ထဲမှာ QC Fee မပါဘဲ နောက်မှကောက်တာ Drawing ထက်ကျော်လွန်ပြီး ဆောင်ရွက်ခိုင်းတာတွေကို ဆိုလိုတာလို့ ဦးလှအောင် က ဆက်ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေက ဆောက်လုပ်ရေး အချိန်မီမပြီးလို့ အရည်အသွေးမပြည့်မီဘူးလို့ သတ်မှတ်ပြီး ညံ့ဆိုတဲ့ မှတ်ချက်ပေးခဲ့မယ်ဆိုရင် အဲဒီကုမ္ပဏီအနေနဲ့ နောက်ဘဏ္ဍာနှစ်မှာ တင်ဒါအောင်နိုင်ချေမရှိသလောက်ဖြစ် သွားမယ်လို့ လုပ်ငန်းရှင်တွေဘက်က နားလည်ထားပါတယ်။

ကိုယ်စားလှယ်တွေဘက်က စိုးရိမ်ချက်တစ်ခုကလည်း လျို့ဝှက်တင်ပြကြတာဖြစ်လို့ မြို့နယ်တစ်ခုမှာ အရည်အသွေး မပြည့်မီဘူးလို့ သတ်မှတ်လိုက်တဲ့ကုမ္ပဏီဟာ နောက်မြို့နယ်တစ်ခုမှ တင်ဒါထပ်ရတာမျိုးတွေ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်ရှိပါတယ်။

မကွေးတိုင်းအခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးဇော်သိန်းအောင်က တင်ဒါစခေါ်ထဲက အစိုးရဘက်က အရည်အသွေးသက်မှတ်ချက်ကို အတိအကျပြောပေးမှ လုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့ လုပ်သာကိုင်သာရှိမယ်လို့ ပြောပါတယ်။

“သူတို့ တင်ဒါစခေါ်ထဲကအတိုင်း အရည်အသွေးသတ်မှတ်ချက်ကို သေသေချာချာ တိတိကျကျလေးပြော။ မဖြစ်နိုင်လည်း မင်းတို့ မလုပ်နဲ့ကွာလို့တာ ပြောထားလိုက်။ ငါတို့ဘာ ငါတို့ ဆောက်တော့မယ်ဆိုလည်း အဆင်ပြေတယ်။ ပြီးလို့ရှိရင် အဖွဲ့တွေမျိုးစုံနဲ့ မစစ်နဲ့ အဖွဲ့တစ်ဖွဲ့ဆိုလည်း အဖွဲ့တစ်ဖွဲ့နဲ့ စစ်လိုက် ”

မကွေးတိုင်းဒေသကြီးလွှတ်တော်ဘက်က ဒီလိုစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က တစ်ကြိမ် ဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်ပါတယ်။

အစိုးရဘက်က စစ်ဆေးမှုများလာသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့  အားမရကြောင်း မှတ်ချက်တွေကြောင့် လာမယ့်နှစ်တွေမှာ ဒေသတွင်းကုမ္ပဏီငယ်တွေအနေနဲ့ တင်ဒါဝင်ရောက်လျှောက်တာတွေ နည်းလာနိုင်သလို၊ အစိုးရဘက်ကလည်း တင်ဒါချပေးနိုင်ချေ နည်းသွားနိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒေသတွင်းဆောက်လုပ်ရေးလုပ်ငန်းတွေအစား အခြားပြည်နယ်နဲ့ တိုင်းတွေက ကုမ္ပဏီငယ်တွေဟာ မကွေးတိုင်း အတွင်းမှာ လုပ်ငန်းဆောင်ရွက်လာနိုင်ချေ များလာနိုင်တယ်လို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။