မကွေးနဲ့ မန္တလေးတိုင်းက ရေနံမှော်တွေကို စစ်ကောင်စီ ပိတ်သိမ်း

RFA Burmese
2023.06.08
မကွေးနဲ့ မန္တလေးတိုင်းက ရေနံမှော်တွေကို စစ်ကောင်စီ ပိတ်သိမ်း မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်ရှိ နလဲရေနံမှော်လုပ်ငန်းခွင်တစ်နေရာကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
U Kyaw Khaing Win/ Facebook

ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခွန်‌ငွေရရှိမှာကို စိုးရိမ်ပြီး စစ်ကောင်စီက မန္တလေးနဲ့ မကွေးတိုင်းက ရေနံမှော်တွေကို ဆက်တိုက် ပိတ်သိမ်းနေတာကြောင့် လူ သုံးသိန်းနီးပါး အလုပ်လက်မဲ့၊ စီးပွားပျက်ပြီး အခက်အခဲဖြစ်နေတယ်လို့ ရေနံတွင်းပိုင်ရှင်တွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။

မကွေးတိုင်း အထက်မင်းလှနဲ့ သရက်မြို့နယ်က ဒဟတ်ပင်၊ ထန်းကိုင်း၊ နလဲနဲ့ တစီးကောက် စတဲ့ ရေနံမှော်တွေကို ဇွန်လ ၅ ရက်နေ့က ပိတ်သိမ်းခိုင်းခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မန္တလေးတိုင်း ညောင်ဦးမြို့နယ် တက်မရေနံမြေကိုတော့ ညောင်ဦးမြို့နယ် စစ်ကောင်စီအဖွဲ့ရဲ့ ညွှန်ကြားချက်အရ မေလ ၂၁ ရက် မနက် ၆ နာရီကစပြီး ပိတ်သိမ်းဖို့ တက်မရေနံမြေ လုပ်ငန်းရှင်များကော်မတီက မေလ ၂၀ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီတားမြစ်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေအပြင် အဲဒီအဖွဲ့ရဲ့ ဒေသန္တရ ဥပဒေနဲ့ပါ အရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားတာပါ။

အဲဒီမှော်တွေမှာ ဒေသခံတွေ၊ အနီးအနားမြို့နယ်နဲ့ နိုင်ငံတစ်ဝန်း အနယ်နယ်အရပ်ရပ်က စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေ လာရောက်လုပ်ကိုင်နေကြတာပါ။ တချို့ရေနံမှော်တွေဆိုရင် သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံထားရပြီး တချို့လုပ်ငန်းရှင်တွေက ရင်းနှီးငွေကို အတိုးနဲ့ချေးယူထားကြတာပါ။

ဒီလိုပိတ်လိုက်တာဟာ သူတို့အားလုံးရဲ့ဘဝတွေကို သတ်ပစ်လိုက်တာလို့ ကျပ်သိန်း ၂၀၀ အတိုးနဲ့ ချေးယူပြီး တက်မရေနံမှော်မှာ တစ်ပိုင်တစ်နိုင် ရေနံတူးနေသူတစ်ဦးက ပြောပါတယ်။

"ဒါကျွန်တော်တို့ တောင်သူလုပ်လို့ ဆပ်လို့ မကြေတော့ဘူး ဒီအကြွေးက။ ဒီနှစ်မှ မလုပ်ရရင် ကတို့ ဒီအကြွေးက တစ်သက်လုံး မကြေတော့ဘူး ကျွန်တော်မှာ။ အဲဒီ ရေနံမြေ ပိတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ ဘဝကို သတ်လိုက်တာပဲ။ အခု ကျွန်တော်တင်မဟုတ်ဘူး မှော်ထဲမှာ လုပ်တဲ့သူတွေ မိသားစု တစ်သိန်းကျော်လောက် ရှိတာကို သတ်လိုက်တာပဲ။ ရင်ထဲမှာတော့ မကောင်းဘူးပေါ့၊ ကိုယ်လည်း ဘာမှလည်း မတတ်နိုင်ဘူးပေါ့နော်။ ဒီလိုပဲ သူတို့ သိမ်းဆိုလို့သာ ကျွန်တော် ပြန်လာရတာ။ မျက်ရည်မကျရုံ တစ်မယ်ပဲ၊ ကျွန်တော်မှာ ခံစားရတာ။ တကယ်ကို မိန်းမတွေဆို မျက်ရည်ကျတယ်၊ ကျွန်တော်တို့က ယောက်ျားတွေ မို့လို့"

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစလို့ ငွေကျပ် သိန်း ၄၂၀ နဲ့ သူ စတင် ရင်းနှီးခဲ့တာပါ။ ချေးငွေ သိန်း ၄၀၀ ‌ကျော်အနက် သိန်း ၂၀၀ ကို ပြန်မဆပ်နိုင်သေးတာမို့ ဆင်ပေါင်ဝဲမြို့က နေအိမ်ကို အကြွေးနဲ့အတူ သူ ပြန်လာခဲ့ရတာပါ။

"ရေနံမြေ ပိတ်လိုက်ပြီဆိုတော့ ကျွန်တော်တို့ ဘဝကို သတ်လိုက်တာပဲ။"

တက်မရေနံမြေ ပိတ်သိမ်းမှာကို စစ်ကောင်စီဘက်က ကြိုတင် အကြောင်း မကြားတာကြောင့် အဲဒီမှာ သိန်းရာ၊ ထောင်ချီ ရင်းနှီးလုပ်ကိုင်သူတွေ ဆုံးရှုံး နစ်နာရတယ်လို့လည်း ရေနံကျင်းတူးဖော်သူတွေက ပြောပါတယ်။

သိန်းရာချီ ရင်းထားပြီးမှ ရုတ်တရက် ပိတ်လိုက်ရတာကြောင့် စိတ်ဓါတ် အကြီးအကျယ် ကျမိတယ်လို့ တက်မ ရေနံမှော်မှာ ရေနံကျင်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"သုံးလပဲ ရှိသေးတယ် ရောက်တာ။ ရောက်တာကို ပထမဟာလေးတွေ ရောတော့ နေမဖြစ်တော့ လောပြီးတော့ ဝယ်လိုက်တယ်ပေါ့။ အနီးအနားလေး တစ်ကျင်း နှစ်ကျင်း ဝယ်တယ်ပေါ့။ အဲလိုမျိုး ဝယ်ပြီးရုံ ရှိသေးတယ် ခပ်ပြီးတော့ အနည်းအပါးပဲ ရောင်းရသေးတယ် အဲလိုမျိုးတွေ ပြန်လာရတာ။ ကျွန်မတို့ နယ်ဘက်တွေကဆိုလည်း အဲလိုပဲ သိန်းရာချီပြီးတော့ ရင်းရ၊ အဲလိုမျိုးတွေနဲ့ အကုန်လုံး အခုကျတော့ ချာချာလည် အရမ်းစိတ်ဓာတ်တွေကျ မူးလဲတဲ့သူက လဲပေါ့။ အဲလိုတွေဖြစ်ကုန်တာ၊ မေ့တဲ့သူက မေ့ပေါ့ ပြန်လာရတော့"

သူ့အနေနဲ့ ကျပ် သိန်းနှစ်ရာ ရင်းနှီးထားရာမှာ ကျပ် သိန်း ၃၀ သာ ပြန်ရသေးတယ်လို့ ဆိုပါတယ်။

ရေနံမှော်တွေမှာ လုပ်လက်စ ကျင်းသစ်တွေကို မလုပ်ဘဲ ပစ်ထားလိုက်ရင် ပျက်စီးတတ်တာကြောင့် ဘယ်တော့ ပြန်လုပ်နိုင်မလဲဆိုတာ အတိအကျ မသိဘဲ ကာလကြာရှည် ပိတ်ထားရမှာကို ရေနံတူးသူတွေက စိုးရိမ်နေတာပါ။

စစ်ကောင်စီက တက်မရေနံမှော်ကို ပိတ်လိုက်တာဟာ ဒေသခံတွေရဲ့ စီးပွားရေးကို ဖြတ်တောက်လိုက်တာလို့ ပုဂံ၊ ညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ကိုပုဂံကြီး က ပြောပါတယ်။

"ကျွန်တော်တို့ မန္တလေးတိုင်းထဲက ညောင်ဦး တက်မမှော်ဆိုရင်လည်း ဒီရေနံမှော်ကို မှီခိုပြီး လုပ်ကိုင်နေတဲ့ လူတွေက အများကြီးပဲ။ ဘေးပတ်ချာလည် ရွာတွေရော တော်တော်များများပဲ။ အဲလို မှီခိုနေရတဲ့ အချိန်မှာ ဒီကောင်တွေက ဖြတ်တောက်လိုက်တဲ့ သဘောပဲ။ ပြည်သူ့စီးပွားရေးကို ဖြတ်တောက်လိုက်တဲ့ သဘောပဲ။ တချို့တွေက ဒီဟာကို မှီခိုပြီးလုပ်ကိုင် စားသောက်နေရတဲ့ မိသားစုတွေရှိတယ်။ အခု သူတို့ အဲလို လုပ်လိုက် ခြင်းအားဖြင့် အခက်အခဲ အကျပ်အတည်းဖြစ်သွားတဲ့ မိသားစုတွေ အများကြီးပဲ။ ဒါ သူတို့က ပြည်သူကို သက်သက်မဲ့ ဒုက္ခရောက်အောင် လုပ်လိုက်တာပဲ။"

ဒါဟာ တစ်နည်းအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မကူညီနိုင်အောင် လုပ်ဆောင်တာလို့လည်း ကိုပုဂံကြီးက ပြောပါတယ်။ အဲဒီရေနံမှော်တွေကနေ အမှန်တကယ် အခွန်ငွေ ရရှိနေသလားဆိုတဲ့ အမေးကိုတော့ ကိုပုဂံကြီးက အတိအကျ ပြန်မဖြေပါဘူး။

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေကနေ PDF တွေက အခွန်ငွေရနေတာကြောင့် စစ်ကောင်စီက အခုလို ပိတ်လိုက်တာလို့ ရေနံမှော် လုပ်ငန်းတွေနဲ့ နီးစပ်တဲ့ မြိုင်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

"သူတို့က အဓိက ရေနံမှော်ကရတဲ့ အခွန်အခတွေ ရနေတယ်။ PDF တွေက ရေနံမှော်နဲ့ ပတ်သက်ပြီးတော့မှ သူတို့ ကျင်းတွေ ရနေတာတွေ ရှိတယ်။ ဒီကျင်းတွေကနေရတဲ့ ရေနံအပြင်မှာကို ကျန်တဲ့ နည်းလမ်းနဲ့ ရနေတာတွေ အများကြီးပေါ့နော်။ သေချာတာ တစ်ခုကတော့ ဒီဟာတွေကို ပိတ်သိမ်းလိုက်ခြင်းအားဖြင့် PDF တွေရဲ့ တော်တော်များများ လုပ်ငန်းတွေကို ရပ်တန့်သွားမယ်လို့ ယူဆတဲ့ သဘောရှိတာပေါ့"

အဲဒီဒေသတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာ၊ ရေနံကျင်း မီးရှို့တာတွေ လုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ရေနံမှော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ တက်မရေနံမြေလုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ်။ (Photo: Citizen Journalist)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ တက်မရေနံမြေလုပ်ငန်းခွင်တစ်နေရာအား တွေ့ရစဉ်။ (Photo: Citizen Journalist)

ရေနံမှော်တွေကနေ PDF တွေ အခွန်ငွေရနေရင် ပိတ်သိမ်းခံရတာ ဘာမှ မထူးဆန်းဘူးလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

"ရေနံမှော်ဘက်က စီးဝင်တဲ့ ငွေကြေးက PDF ဘက်ကို ရောက်နေတယ်လို့ ယူဆလို့ရှိရင်တော့ ဒါ ပိတ်သိမ်းမှုတွေ ဖြစ်လာမှာဘဲ။ ဒါသိပ်တော့ မဆန်းပါဘူး။ အဲဒါကတော့ ရှင်းပါတယ်။ ပြည်တွင်းမှာ ပုံမှန် အလုပ်လုပ်နေတဲ့ ငွေကြေးက တရားမဝင် အကြမ်းဖက်မှုဘက်ကို အားပေးအားမြောက်ဟာမျိုးကိုတော့ တာဝန်ယူထားတဲ့ ဘယ်အစိုးရမျိုးမဆို ကိုင်တွယ်မှာဘဲလေ။ အဲပုံစံအတိုင်းပဲ သွားပါလိမ့်မယ်။"

နိုင်ငံတော်မှာ အရေးပေါ်အခြေအနေ ကြော်ငြာထားရင် နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ကန့်သတ်ခံရမယ်ဆိုတာက အခြေခံဥပဒေမှာ ပါပြီးသားလို့လည်း ဦးသိန်းထွန်းဦးက ဆက်ပြောပါတယ်။

ရေနံမှော် သုံးခုမှာ ကျပ် သိန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကြောင့် သူ့မှာ ဘာတစ်ခုမှ မကျန်တော့ဘူးလို့ RFA ကို ပြောပါတယ်။

"အခုရောက်နေတဲ့ မင်းလှမြို့နယ်က ဒဟတ်ပင်ဆိုတဲ့ မှော်မှာလည်း ကျွန်‌တော်မှာ ဆုံးရှုံးမှု များတယ်။ အဲပြီးတော့ နောက်က နလဲ ဆိုတာမှာလည်း ပြောရရင်တော့ ကျွန်‌တော်မှာတော့ စားဖို့သောက်ဖို့တောင်မှ မကျန်ဆိုသလို ဖြစ်သွားပြီပေါ့။ ရှိသမျှဟာတွေက ကျွန်‌တော်မှာ တက်မမှာလည်း သိမ်းခံလိုက် ရပြီးပြီ။ သုံးမြေစုံ (ဒဟတ်ပင်) လည်း သိမ်းခံရပြီးပြီ၊ နလဲဆိုလည်း သိမ်းခံရပြီ။ ကျွန်တော့်မှာ ရှိသမျှ မှော်ထဲမှာ သုံးနေရာလုပ်တဲ့ မှန်သမျှတော့ အကုန်လုံး သိမ်းခံရပြီ။ ကျွန်တော့မှာ ဘာတစ်ခုမှ မကျန်တော့ဘူး။"

စိုက်ပျိုးစရိတ် ကြီးမြင့်မှု၊ မိုးလေဝသ မမှန်ကန်မှုတွေကြောင့် ပင်ပန်းသလောက် ပြန်မရတဲ့ တောင်သူအလုပ်ကို စွန့်လွှတ်ပြီး ရေနံမှော်အလုပ်ကို အရဲစွန့် လုပ်ကိုင်ခဲ့ပေမယ့် အခုလို ပိတ်သိမ်းမှုကြောင့် အကြီးအကျယ် ထိခိုက်ဆုံးရှုံးရတယ်လို့ မန္တလေးနဲ့ မကွေးတိုင်း အတွင်းက ရေနံမှော်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Ko Kyaw
2023-06-08 09:52

လေးစားပါတယ်RFA