သင်္ကြန်မရှိတော့တဲ့ မကွေးတိုင်းက စစ်ဘေးဒုက္ခသည်တွေ
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ခုချိန်အထိ ပေါက်၊ ဆိပ်ဖြူ၊ ပခုက္ကူ စတဲ့မြို့နယ်တွေက အနည်းဆုံး ကျေးရွာ ၂၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးရုံမက အိမ်တွေ ကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ရေကျော်ရွာက ရွာသား တစ်ထောင်ကျော်ဟာ ဘေးလွတ်ရာ ထွက် ပြေးနေရတယ်လို့ ပြောပါတယ်။
ရေကျော်ရွာသားတစ်ဦးကတော့ သင်္ကြန်ကို ဘယ်သူမှ မပျော်နိုင်ဘူးထင်တယ်လို့ ပြောပါတယ်။
" ဒီသင်္ကြန်ကိုတော့ ကျနော်ထင်တယ်၊ တစ်ပြည်လုံး ဘယ်သူကမှ တက်တက်ကြွကြွ ပါဝင်မယ်လို့ မထင်ဘူးဗျ။ လူတိုင်းမှာ သူတို့ရဲ့နှိပ်စက်မှုတွေ လူတော်တော်များများ ခံစားရတော့ ဒီခံစားမှုတွေနဲ့ ဒီသင်္ကြန်မှာ ဘယ်သူမှမပျော်နိုင်ဘူး၊ ဘယ်သူမှလည်း ဒီသင်္ကြန်မှာ ပါဝင်နိုင်လိမ့်မယ်လို့ ကျနော်မထင်ဘူးဗျ၊ ပခုက္ကူနဲ့ ဆိပ်ဖြူဘက်မှာပဲကြည့် သင်္ကြန်ရယ်လို့မှ မတွေ့ရတော့တာ။ အသွားအလာမှ မရှိတော့တာ။ စားစရာ၊ သောက်စရာ၊ နေစရာ သောက်စရာ ရေတောင်မရှိဘဲနဲ့ ကျနော်တို့က ဘယ်လို ပျော်နေ နိုင်မှာလည်း။ အကုန်လုံး ဒုက္ခ ရောက်နေတဲ့ချိန်မှာတော့ သင်္ကြန်ကို ဘယ်သူမှ ပျော်နေနိုင်မှာ မဟုတ်ဘူးလို့ ကျနော် ထင်တယ်"
စစ်ကောင်စီတပ်ဖွဲ့တွေက ရေကျော်ရွာကို ဧပြီ ၆ ရက်၊ ၇ ရက်မှာ ဝင်ရောက်မီးရှို့ခဲ့လို့ အိမ်ခြေ ၂၅၀ လောက် မီးလောင်သွားပြီး ရွာသားတွေ မွေးမြူထားတဲ့ ဆိတ်နဲ့ နွားကောင်ရေ ၄၀၀ လောက် မီးလောင်သေဆုံးသွားတယ်လို့ ပြောပါတယ်။
"နေစရာ သောက်စရာ ရေတောင်မရှိဘဲနဲ့ ကျနော်တို့က ဘယ်လို ပျော်နေ နိုင်မှာလည်း။"
ရွာသားတွေဟာ သင်္ကြန်ဆိုတာထက် ရွာထဲပြန်ဝင်ရင် ပုပ်စော်နံနေတဲ့ ဆိတ်၊ နွား အသေတွေကို ရှင်းလို့မပြီးသေးဘူးလို့ ဆိုပါတယ်။
တောတောင်ထဲမှာ ထွက်ပြေးနေရတာ ရှစ်ရက်လောက် ရှိသွားပြီဖြစ်တဲ့ လက်ပံလှရွာသား တစ်ယောက်ကတော့ လက်နက်ကြီးမမှန်ဖို့ ရှောင်နေရတယ်လို့ ပြောပါတယ်။
" သူတို့ စစ်ကောင်စီဘက်က ပစ်တဲ့လက်နက်ကြီးတွေ မမှန်ဖို့ရယ်၊ ပြီးရင် စားဝတ် နေရေး အဆင်ပြေအောင်ရယ်၊ ဟိုစစ်ဘေးရှောင် နေရတာဆိုတော့ အဓိက အဲတာတွေပဲတွေးပြီး စိတ်ပူနေကြရတာဗျ၊ သူတို့ ဖမ်းမမိဖို့ရယ်ပေါ့ "
ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့နဲ့ ဧပြီလ ၁၃ ရက်နေ့မှာ ပေါက်မြို့နယ် လက်ပံလှရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ နှစ်ကြိမ်ဝင်ရောက် မီးရှို့ခဲ့လို့ လူနေအိမ် ၁၂၀ လောက် မီးလောင် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂန့်ဂေါမြို့နယ် ထယ်လှော်ရွာသား တစ်ဦးကတော့ ရွာကို စစ်ကောင်စီ တပ်ဖွဲ့တွေ ဝင်ရောက် မီးရှို့လို့ လူ ၁၂၀၀ ကျော်လောက် ဘေးလွတ်ရာ တောတောင်တွေထဲကို အခုထိ ပြေးနေရတယ်လို့ ပြောပါတယ်။
" အခုတော့ စစ်ဘေးရှောင်နေရတာတော့ စိတ်မကောင်းဘူးပေါ့၊ အခုလို ပျော်ပျော် ရွှင်ရွှင် နေရမယ့် အချိန်မှာ စစ်ဘေးရှောင်နေရတော့ ကိုယ်ကသင်္ကြန်မှာ ဘာမှ မလုပ်ရင်တောင် တစ်ခြား ပျော်ချင်တဲ့သူတွေ အတွက်ကျတော့ တအားနစ်နာတာ ပေါ့နော် "
မနှစ်က ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်တပ်က အာဏာမသိမ်းခင်နဲ့ ကိုဗစ်ကပ်ရောဂါ မဖြစ်ခင်ကဆို သူတို့ ဂန့်ဂေါနယ်က ကျေးရွာတွေမှာ သင်္ကြန်အတွင်း မဏ္ဍပ်တွေထိုးပြီး ရေပိုက်တွေနဲ့ ရေဆော့ကစားကြပြီး သက်ကြီးပူဇော်ပွဲလည်း ကျင်းပတယ်လို့ ပြောပါတယ်။
ခုတော့ အိမ်ခြေ ၂၅၇ လုံးနဲ့ လူဦးရေ တစ်ထောင်ကျော်ရှိတဲ့ သူတို့ရွာကို စစ်တပ်က လေးကြိမ်တိုင် ဝင်ရောက်မီးရှို့ခဲ့လို့ လူနေအိမ် ၃၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး တစ်ရွာလုံး နီးပါး ခုထိ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
ဒီနှစ်သင်္ကြန်မှာ စစ်ကောင်စီက ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့ကြီးတွေမှာ ဗဟို မဏ္ဍပ်တွေ ဆောက်ပြီး စည်စည်ကားကား ကျင်းပဖို့ ကြိုးစားပါတယ်။ သပိတ် ကော်မတီတွေကလည်း တော်လှန်သင်္ကြန်လုပ်ဖို့ နှိုးဆော်ထားတာတွေ ရှိနေပြီးအကြမ်းမဖက် အာဏာဖီဆန်ရေး လုပ်နေတဲ့ CDM တွေ၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေအတွက် ဆုတောင်းပေးဖို့၊ အိမ်မှာနေပေးဖို့၊ လမ်းပေါ်မထွက်ဖို့နဲ့ နှစ်သစ်မှာ သင်္ကြန်အတာတန်ခူးနဲ့အတူ အောင်ပွဲခံဖို့ ဆုတောင်းပေးဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းကြပါတယ်။
( မကွေး ) People's Revolution Alliance ( PRA - Magway )အဖွဲ့ဝင် တစ်ယောက် ကလည်း "တစ်ဖက်မှာဆိုရင် ရန်သူရဲ့စစ်ကြောင်းထိုးခြင်း ၊ရွာတွေကို မီးရှို့ခြင်း၊ မတရားသဖြင့် ဖမ်းဆီးခံရခြင်းတွေကို တောက်လျှောက်ကြုံနေရပါတယ်။ ကျနော်တို့က လျစ်လျူရှုပြီး ပျော်ပါးနေမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေတဲ့ အချိန်ကာလကြီး ဖြစ်တယ်ပေါ့နော်၊ တစ်ဦးကိုတစ်ဦး ဒီဒုက္ခခံစားနေရသူတွေ၊ တောထဲ တောင်ထဲမှာ ဒုက္ခခံစားနေတဲ့ ကျနော်တို့ ညီအကိုမောင်နှမ PDF တွေ၊ လက်နက်ကိုင် အင်အားစုတွေ အတွက် ကျရှုံးသွားတဲ့ ရဲဘော်တွေအတွက် ဝမ်းနည်းခြင်း အထိမ်း အမှတ်အနေနဲ့ မပါဝင်ကြဖို့ တိုက်တွန်းတယ် "
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့ကစပြီး ငဖဲ၊ စေတုတ္တရာမြို့နယ်တွေထဲကို စစ်ကောင်စီက အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ လက်ရှိအချိန်အထိ မကွေး PRA နဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရဟတ်ယာဉ် နှစ်စင်းနဲ့ ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ငဖဲမြို့နယ်က ရှစ်ခုကျေးရွာနဲ့ စေတုတ္တရာမြို့နယ်က သက္ကာယ်ကျင်း ကျေးရွာတွေကို မီးရှို့တဲ့ အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တယ်လို့ ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခု ဧပြီလ ၆ ရက်ထိ အရပ်သား ၂၃၄၅ ဦး သေဆုံးခဲ့ပြီး ဒီထဲ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတို့က အရပ်သား၂၈၀ ထက်မနည်း သေဆုံးတယ်လို့ Institute for Strategy and Policy – Myanmar က သတင်း ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၃ ရက်ထိ စစ်ကောင်စီတပ်နဲ့ လက် အောက်ခံအဖွဲ့အစည်းတွေက ၂၅၄ လောက်မှာ မီးရှို့လို့ အိမ်ခြေ ၉,၁၈၇ လုံး ပျက်စီးသွားတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Data For Myanmar က သတင်းထုတ်ပြန်ပါတယ်။ ဒီထဲ မကွေးတိုင်းက လူနေအိမ် ၁၈၁၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။