မြင်းဦးလှည့် ကြေးခေတ်ယဉ်ကျေးမှုဒေသ လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့လိုလား

မြန်မာနိုင်ငံမှာ မြို့ပြယဉ်ကျေးမူတွေ မထွန်းကားမှီ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကန်ဒေသမှာ ကျောက်ခေတ်ယဉ်ကျေးမှု အထောက်အထားတွေ၊ ဝက်လက်မြို့နယ်မှာ ကျောက်ခေတ်၊ ကြေးခေတ်နဲ့ သံခေတ်၊ မန္တလေးတိုင်းမှာ သံခေတ်ယဉ်ကျေးမှု အမွေအနှစ်တွေကို သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

သံခေတ်ယဉ်ကျေးမူ ထွန်းကားခဲ့တဲ့ စမုံမြစ်ဝှမ်းဒေသမှာ မန္တလေးတိုင်းအတွင်းက ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ပျော်ဘွယ် မြို့နယ်တွေနဲ့အတူ မလှိုင်မြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပျူပုတီးစေ့တွေ အပါအဝင် ရှေးဟောင်းလက်ရာ ပစ္စည်းတွေ၊ လူသေအလောင်း ရုပ်ကြွင်းတွေကို ဒေသခံရွာသားတွေ တွေ့ရှိတဲ့ ပုံစံက စိုက်ပျိုးရေးအတွက် ယာမြေတွေကို ရှင်းလင်းရင်း၊ ထယ်ထိုးရင်း အမှတ်မထင် တွေ့ကြတာမျိုးပါ။

နောက်ပိုင်းမှာ ရှေးဟောင်းပစ္စည်းတွေကို အနီးအနားရွာတွေကပါ လာရောက်တူးဖော်ရင်း ပျက်စီးသွားတာတွေ အများအပြားရှိတယ်လို့ မလှိုင်မြို့နယ် မြင်းဦးလှည့် (မြောက်) ကျေးရွာက ကိုဝင်းလှိုင်က ပြောပါတယ်။

မလှိုင်မြို့နယ်မှာ ကြေးခေတ်ကနေ သံခေတ်အကူး ရှေးဟောင်းပစ္စည်း လက်ရာတွေကို နှောကန်နဲ့ မြင်းဦးလှည့်ဒေသမှာ တွေ့ရပါတယ်။ ရုပ်အလောင်းတွေကိုတော့ မြင်းဦးလှည့် ဒေသမှာပဲ တွေ့ရတာပါ။

၁၉၉၇ ခုနှစ်က မြင်းဦးလှည့်ကျေးရွာ ပတ်ဝန်းကျင်မှာ ပျူပုတီးတွေ၊ ကျောက်ပုတီးစေ့တွေကို စတင် တွေရှိခဲ့တာဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ လူသေရုပ်အလောင်းတွေ တွေရှိခဲ့တဲ့ ရှေးဟောင်း သင်္ချိုင်းနေရာကို ယဉ်ကျေးမူ ဒေသအဖြစ် သတ်မှတ်ပြီး အစိုးရက ထိန်းသိမ်းခဲ့ပါတယ်။

ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်ဟာ မလှိုင်၊ မြင်းဦးလှည့် ကြေးခေတ်ယဉ်ကျေးမူဒေသက ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းခဲ့သူတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။

သေသူတွေနဲ့အတူ မြှုပ်နှံခဲ့တဲ့ ကလပ်အိုးထဲမှာ အသားစတွေပါ တွေ့ရတဲ့အတွက် သူတို့နဲ့အတူ ထမင်း၊ ဟင်းတွေကိုပါ ထည့်ပေးလိုက်တယ်လို့ ယူဆချက်တွေလည်းရှိပါတယ်။

အထောက်အထားတွေအရ ဘာသာတရား တစ်ခုခုကို ယုံကြည်ကိုးကွယ်တဲ့ သဘောတွေ မတွေ့ရသေးဘဲ နောင်တမလွန်ဘဝနဲ့ ပတ်သက်ပြီး ယုံကြည်တာမျိုး၊ လက်ရှိဘဝမှာ သုံးစွဲခဲ့တဲ့ ပစ္စည်းတွေကို နောင်ဘဝမှာ အသုံးပြုဖို့ သေသူနဲ့ တစ်ခါတည်း မြှုပ်နှံလိုက်တာမျိုး စတဲ့ အချက်တွေကိုတော့ တွေ့နေရပါပြီ။

ရုပ်အလောင်းတွေကို လေ့လာရာမှာ အသက် ၂၀ နဲ့ ၂၀ ပတ်ဝန်းကျင်အောက် သေဆုံးသူ ၅၀ ရာခိုင်နှုန်း၊ အသက် ၂၀ နဲ့ ၄၀ အကြား သေဆုံးသူ ၄၀ ရာခိုင်နှုန်းခန့် တွေ့ရပါတယ်။

အသက် ၄၀ နဲ့ ၄၅ နှစ်အထက်ကြီးတဲ့ သေဆုံးသူတွေကိုတော့ ငါးရာခိုင်နှုန်းလောက် တွေ့ရတယ်လို့ ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ဒေသခံတွေကတော့ မြင်းဦးလှည့်ရွာ တစ်ဝိုက်မှာ ရှေးဟောင်းပစ္စည်းတွေ ထပ်မံတွေ့ရှိနိုင်သေးတယ်လို့ ယူဆတဲ့အတွက် တရားဝင် ရှာဖွေတူးဖော်တာတွေ လုပ်လိုကြပါတယ်။ ရလာတွေကို အစိုးရက ပြန်ပြီးဝယ်ယူရင် သူတို့အတွက်လည်း ဝင်ငွေရ၊ နိုင်ငံအတွက်လည်း အကျိုးရှိဆိုတဲ့ သဘောမျိုးပါ။

ဒါပေမဲ့ အစိုးရအနေနဲ့ ရှေးဟောင်းပစ္စည်းနဲ့ ပတ်သက်ရင် ဥပဒေအရပါ ကန့်သတ်ထားတာရှိပြီး ထိုင်းနိုင်ငံကို တစ်ဆင့်ရောင်းချတဲ့ မှောင်ခိုဈေးကွက်ကလည်း ကြီးကြီးမားမားရှိတဲ့အတွက် တတ်စွမ်းသလောက် ထိန်းချုပ်ထားချင်ကြပါတယ်။

ရှေးဟောင်းသုတေသနကို စိတ်ဝင်စားတဲ့ ပညာရှင်တွေ၊ လေ့လာသူတွေ အနေနဲ့ မလှိုင် - မြင်းဦးလှည့် ယဉ်ကျေးမှုဒေသကို အရောက်အပေါက်နည်းတာ၊ လူသိနည်းတဲ့ အချက်တွေထဲမှာ လမ်းပမ်းဆက်သွယ်ရေး ကဏ္ဍကလည်း ပြောစရာတစ်ခုပါ။

မြင်းဦးလှည့် ရှေးဟောင်းယဉ်ကျေးမူဒေသက မလှိုင်မြို့ကနေ အနောက်ဖက် ၁၀ မိုင်ကျော်ကျော် နေရာမှာ ရှိပါတယ်။

ဒေသခံတွေက သူတို့ဒေသကို လေ့လာသူတွေနဲ့ စည်စည်ကားကား ဖြစ်စေချင်ကြပါတယ်။

မလှိုင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်က မြင်းဦးလှည့်ဒေသဘက်ကို လျှပ်စစ်မီးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ် အထောက်အထားတွေကို ထိန်းသိမ်းနိုင်မှု၊ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာပြုစုနိုင်မှု အားနည်းတယ်လို့ အဝေဖန်ခံရတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မလှိုင်-မြင်းဦးလှည့် ကြေးခေတ်ယဉ်ကျေးမှုလို ဒေသတွေအပါအဝင် နိုင်ငံတစ်ဝှမ်းက ရှေးဟောင်းနေရာတွေကို ရှာဖွေဖော်ထုတ် သုတေသနပြုနိုင်ရေးဟာ အစိုးရသာမက ပြည်သူတွေပါ လက်တွဲဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။