မွန်ပြည်နယ် ပေါင်မြို့နယ်က မလတ်တောင်ပြိုကျမှု အခြေအနေ

0:00 / 0:00

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာက မလတ်တောင်ပြိုကျမှုမှာ မနေ့က ညအထိ သေဆုံးသူ ၄၁ ဦးရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြေပြိုကျမှုကြောင့် ဒဏ်ရာရသူ ၄၇ ဦး ရှိခဲ့ပြီး မြေပြိုတဲ့နေရာတွေကို ရသလောက် ဆက်လက်ရှာဖွေနေသလို နောက်ထပ်မြေပြိုကျနိုင်မယ့် အခြေအနေအတွက်လည်း အထူးအဖဲ့ွ ဖွဲ့စည်းကာ စစ်ဆေးဖို့စီစဉ်နေတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

"မြေပြိုမှုဖြစ်စဉ်မှာ အခုနောက်ဆုံး သေဆုံးသူ ထပ်တိုးတယ်။ ဒဏ်ရာရသူ အားလုံး ၄၇ ယောက် ဖြစ်သွားပြီ၊ ရသလောက်တော့ ရှာဖွေနေဆဲပဲ၊ မြေပြိုတာနဲ့ပတ်သက်ပြီး Special Team ပေါ့နော် ဖွဲ့ဖို့ အသေးစိတ် Soil Test လုပ်တာတို့ ဘာတို့ ဆောင်ရွက်ဖို့ရှိတယ်"

ပေါင်မြို့နယ်အတွင်းက ကျွဲခြံကုန်းကျေးရွာနဲ့ ဘန့်ဘွေးကုန်းက မုကျိကျေးရွာတွေမှာလည်း မြေပြိုမှု အနည်းငယ်ဖြစ်ခဲ့လို့ ကျေးရွာသားတွေ မနေ့က စတင်ပြောင်းရွှေ့နေကြပြီလို့ သိရပါတယ်။ ကျွဲခြံကုန်းကျေးရွာက နေအိမ်တွေကို ကူညီရွှေ့ပြောင်းပေးနေတဲ့ မွန်မြတ်စေတနာ လူမှုကူညီရေးအဖွဲ့က ကိုတင်ဦးက ပြောပါတယ်။

"အရင်ကလဲပြိုတယ် အခုလဲထပ်ပြိုတာနဲ့ သူတို့ကို ပြောင်းရွှေ့ဖို့ပြောတယ် အရှေ့ဘက်ခြမ်းက ငါးအိမ် ပြောင်းပြီးသွားပြီ ကျန်တဲ့သူတွေလည်း ပြောင်းမယ်၊ မြေသားတွေမကောင်းဘူး။ အဓိကက အဲဒီမှာ မြေတူးတဲ့ကိစ္စတွေကဖြစ်တာ၊ တချို့တွေရှိတယ် အိမ်ဖို့ဖို့ လမ်းဖို့ဖို့ မြေကြီး တူးရောင်းကြတာ၊ တချို့က လှေခါးထစ်လုပ်တူးတယ် တချို့က အထဲကမြေကြီးလှိုက်ပြီး ဘေးတခြမ်းတူးတော့ မိုးရွာတော့ အောက်နှုတ်ခမ်းမညီတဲ့အတွက် ပြိုကျတာပေါ့"

ဒါ့အပြင် ချောင်းဆုံမြို့နယ် ကလော့ကျေးရွာမှာလည်း မနေ့က မိုးသည်းထန်တာကြောင့် တောင်ကမ်းပါးယံပြိုကျခဲ့ပြီး နေအိမ် သုံးလုံးပျက်စီးကာ လူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သလို အပြိုင်ကျေးရွာမှာလည်း တောင်နံရံပြိုကျလို့ နေအိမ်တစ်လုံး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ်အတွင်းမှာလည်း မနေ့က ရေတက်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ ရေးမြို့ခံ ကိုမြင့်ဌေးက ရေကြီးနေတဲ့အခြေအနေကို ခုလိုပြောပြပါတယ်။

"ကျနော့် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမတွေ့ဘူး မကြုံဖူးဘူး- ရေးမြို့လည်က ရွှေဆံတော်ဘုရားခြေရင်းအထိ ရေရောက်တယ်ဆိုတော့ ဒါလွန်ခဲ့တဲ့ ဂျပန်ခေတ်က တစ်ခါ၊ အခုတစ်ခါဖြစ်တာတဲ့ လူကြီးတွေပြောတာ၊ ဘူတာပိုင်းအနိမ့်ပိုင်းတွေ အခြေအနေ တော်တော်ဆိုးတယ်၊ တယ်လီဖုန်းလိုင်းတွေလည်း အကုန်ပြတ်၊ ကူညီရေးတွေကလည်း မိုးချုပ်နေပြီ မီးကလည်း မရှိတော့ တကယ့်ကို မနိုင်မနင်းဘဲ၊ တော်တော်များများကို ရွှေဆံတော်ဓမ္မာရုံတို့ အားကစားရုံတို့ကို ညနေတည်းက ပြောင်းထားတာ၊ တချို့မိသားစုတွေ ခုထိပိတ်မိနေတာရှိတယ်၊ မြသီတာဈေးကြီးလည်း ရေမြုပ်သွားပြီ၊ မော်လမြိုင်ကအဖွဲ့တွေ ဒီမနက်လာမယ် သထုံကလည်း ညကဆင်းလာပြီပြောတယ်၊ မလွှဲတောင်မှာ လုံးဝပြတ်သွားတာ၊ ရေး-ထားဝယ်သွား ရန်ကုန်-ထားဝယ်-တနင်္သာရီလမ်းမကြီး မီးရထားလမ်းလည်း မရှိ ကားလမ်းလည်း မရှိတော့ဘူး"

ထားဝယ် ရေးလမ်းပိုင်းက မလွှဲတောင်မှာ မိုးသည်းထန်ခဲ့ပြီး ရေတိုက်စားမှုကြောင့် လမ်းအောက်မြေကြီး ပြတ်ထွက်သွားပြီး ဆက်သွယ်ရေးပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။

ထားဝယ်မြို့ဘက်မှာလည်း တောင်ပြိုတာတွေ ရေကြီးတာတွေရှိနေပြီး ကားငယ်တွေ သွားလာလို့မရဖြစ်နေတယ်လို့ ထားဝယ်မြို့ခံ ကိုအောင်မိုးသူက ပြောပါတယ်။

"ကျနော်တို့ ရှင်ကိုးရှင်ဘုရားပေါ့နော် ကျမော်ဘက်မှာ တောင်ပြိုတယ်၊ လောင်းလုံဘက်ခြမ်းမှာ ရေကြီးတယ် ကားလေးတွေ သွားလို့မရဘူး၊ မလွှဲတောင်မှာ လမ်းပြတ်ကျနေတယ်၊ မွန်ပြည်နယ်နဲ့ ကျနော်တို့ တနင်္သာရီတိုင်းနဲ့ လမ်းဦးစီးဌာန ပူးပေါင်းပြီး ဘေလီတံတားထိုးမယ်ပြောတယ်"

ပြီးခဲ့တဲ့ ရက်တွေအတွင်း မွန်ပြည်နယ် နေရာအနှံ့အပြားမှာ မိုးသည်းထန်ခဲ့တဲ့အတွက် မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး ၊ မုဒုံ၊ ကျိုက်မရော၊ သထုံ နဲ့ ဘီးလင်းမြို့တွေမှာ ရေကြီးရေလျှံတဲ့ဒဏ်ကို ခံခဲ့ရပြီး ရေဘေးဒုက္ခသည် စုစုပေါင်းလည်း ၁ သောင်း ၁ ထောင်ကျော်အထိ ရှိခဲ့ပါတယ်။

မိုးသည်းထန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သောကြာနေ့ မနက်အစောပိုင်းက မလက်တောင်ပြိုကျခဲ့ပြီး နေအိမ် ၂၇ လုံး နဲ့ ရန်ကုန်မော်လမြိုင်ကားလမ်းက မော်တော်ကားတချို့ မြေပိသွားခဲ့ပြီး သေဆုံးသူ ၄၁ ဦးရှိပြီး ၄၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ AFP သတင်းဌာနကတော့ မြေပြိုမှုကြောင့် ပျောက်ဆုံးသူ ၈၀ နီးပါးရှိနေတယ်လို့ ဖော်ပြပါတယ်။