အိန္ဒိယမှာ အကျဉ်းချခံထားရတဲ့ မြန်မာနိုင်ငံသား ရှစ်ဆယ်ကျော် အစာငတ်ခံဆန္ဒပြ
2023.12.20
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ တရားမဝင်ဝင်ရောက်နေထိုင်မှုနဲ့ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာနိုင်ငံသားတွေဟာ သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး အစာငတ်ခံဆန္ဒပြနေကြပါတယ်။
ဒီဖမ်းဆီးခံမြန်မာနိုင်ငံသားတွေဟာ လွတ်ရက်စေ့ပေမဲ့ ဆက်လက်ထိန်းသိမ်းခံထားရတာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာလို့ India For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
"မတရားထိန်းသိမ်းခံရတဲ့ ဒီ ၈၆ ယောက်လုံးက အစာငတ်ခံဆန္ဒပြနေတဲ့ အခြေအနေတော့ ရှိနေတယ်ဗျ၊ သူတို့ဟာ အရင်ကတည်းကနေ ဆယ်စုနှစ်ချီပြီး မဏိပူရ်မှာ ရက်ကန်းလုပ်ငန်း လုပ်လာခဲ့တဲ့သူ အဲဒါကို မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပေါ်လာပြီးနောက်ပိုင်း Foreigner Act နဲ့ ဖမ်းခံရပြီး ထောင်ထဲထည့်ခံရတာဖြစ်တယ်၊ ထောင်ဒဏ်ပြစ်ဒဏ်ကလည်း အကုန်ကျခံပြီးပြီ၊ လွတ်ရက်စေ့ပြီးသားဟာကို ထောင်စည်းကမ်းနဲ့ သူတို့ဆက်လက် ထိန်းသိမ်းခံထားရတာက နှစ်ချီပြီဆိုတော့လေ သူတို့ကလည်း မခံနိုင်တဲ့အခါကျတော့ ပေါက်ကွဲမှုဖြစ်တဲ့အခြေအနေတော့ ဖြစ်နေတယ်"
မဏိပူရ်ပြည်နယ်က အကျဉ်းထောင်တွေမှာ Foreigner Act နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ကတိပေးထားပေမဲ့ ပြန်မလွှတ်ပေးတာကြောင့် အခုလိုအစာငတ်ခံဆန္ဒပြနေကြတာဖြစ်ပါတယ်။
ပြစ်ဒဏ်ကျခံပြီးသားလူတွေကို ပြန်လွှတ်တဲ့အခါ နေရပ်ပြန်ပို့လေ့ ရှိပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်တာကြောင့် နေရပ်ပြန်ပို့လို့မရသလို မဏိပူရ်ပြည်နယ်တွင်းမှာပဲ ပြန်လွှတ်မယ်ဆိုရင်လည်း အထောက်အထားမဲ့ သွားလာမှာစိုးရိမ်တာကြောင့် လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လွှတ်မပေးတာလို့ မဏိပူရ်အာဏာပိုင်တွေက သတင်းမီဒီယာတချို့ကို ပြောဆိုထားပါတယ်။
ဒီလ ၁၆ ရက်နေ့ကစပြီး အမျိုးသမီးထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသူတွေဟာ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အစာငတ်ခံ ဆန္ဒပြကြပြီး သူတို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဆန္ဒပြအမျိုးသမီးတွေ ရိုက်နှက်ခံရတာကြောင့် အမျိုးသားအဆောင်မှာ ထိန်းသိမ်းခံထားရသူတွေကလည်း ဒီဇင်ဘာလ ၁၉ ရက်နေ့ကစပြီး ပြန်မလွှတ်ပေးခင်အချိန်အထိ အစာအငတ်ခံဆန္ဒပြဖို့ ဆုံးဖြတ်ထားကြတယ်လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
မဏိပူရ်အကျဉ်းထောင်မှာ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ဖမ်းဆီးထိန်းသိမ်းခံရပြီး အစာငတ်ခံဆန္ဒပြတဲ့အထဲမှာ စစ်ကိုင်းတိုင်း မုံရွာမြို့က မစုစု ရဲ့ အစ်ကိုနဲ့ မောင်တွေလည်း ပါဝင်ပါတယ်။ အစာငတ်ဆန္ဒပြရာမှာ ပါဝင်တဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်တယ်လို့ မုံရွာမြို့နေ မစုစုက ပြောပါတယ်။
"သူတို့အတွက် အခုချိန်မှာတော့ စိုးရိမ်တာပေါ့နော်၊ အစာငတ်ခံဆန္ဒပြတယ်ဆိုတော့၊ ကျန်းမာရေးအတွက် တော်တော်လေးစိုးရိမ်ပါတယ်၊ အိန္ဒိယအစိုးရကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ အဲဒါပါပဲ သူတို့မြန်မာပြည်ကို အမြန်ဆုံး အေးအေးချမ်းချမ်းနဲ့ ပြန်လာစေချင်တယ်"
မစုစုရဲ့ အစ်ကိုနဲ့ မောင်တွေဟာ မဏိပူရ်ပြည်နယ်က ရက်ကန်းရုံမှာအလုပ်နေစဉ် ၂၀၂၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ အဖမ်းခံရပြီးနောက် တရားမဝင် ဝင်ရောက်နေထိုင်မှု နိုင်ငံခြားသားအက်ဥပဒေနဲ့ ထောင်ဒဏ် ငါးလကျော် ကျခံပြီး ရူပီး တစ်ထောင်လည်း ပေးဆောင်ခဲ့ရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အများစုက ကလေး၊ တမူး ၊ ဘုတလင်၊ မုံရွာ၊ တီးတိန် နဲ့ တွန်းဇံက ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။
အခုလိုဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ စစ်တပ်အာဏာ မသိမ်းခင်ကတည်းက အိန္ဒိယနိုင်ငံဘက်ကို သွားရောက်ပြီး တစ်နိုင်တစ်ပိုင် ရက်ကန်း လုပ်ငန်းတွေဆီမှာ ဝင်ရောက် လုပ်ကိုင်နေခဲ့ကြတာလို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အကျဉ်းထောင်အတွင်းမှာ နေထိုင်စားသောက်ရေး ခက်ခဲနေပြီး သူတို့ ပြန်လွတ်မြောက်ဖို့ အတွက် မိသားစုဝင်တွေက အိန္ဒိယသံရုံးကို စာပို့ တောင်းဆိုထားပေမယ့် ပြန်လွှတ် မပေးသေးဘူးလို့ အဖမ်းခံထားရသူတစ်ဦးရဲ့ မိသားစုဝင်ဖြစ်တဲ့ ကိုအောင်ကျော်စိုးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ကတော့ သူတို့လွတ်ဖို့အတွက် အိန္ဒိယသံရုံးကို ဆက်သွယ်ပြီး အကူအညီတော့ တောင်းထား တယ်ဗျ။ ကျွန်တော်တို့ အကူအညီတောင်းထားတာတော့ ကြာပြီ၊ သူတို့ကတော့ လုပ်ပေးနေတယ်လို့ ပြောတာပဲ၊ အင်ဖာထောင်က အလုပ် မလုပ် တာလို့ ပြောတယ်ဗျ။ အလုပ်သမားအနေနဲ့ အဲဒီဘက်မှာ ကျွန်တော်တို့က လုပ်ရတာ။ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ အဲဒီမှာ သွားလုပ်ရတာ။ အဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေရော၊ ကျောင်းနေရမယ့်အရွယ်တွေရော ရှိတယ်ဆိုတော့ အခု ဘာမှ လုပ်မရဘူးဖြစ်တာ။ အခက်အခဲကတော့ နေရထိုင်ရတာ ကျဉ်းကျပ်တာနဲ့ စားရ သောက်ရတာ အဆင်မပြေတာပေါ့။”
အစာငတ်ဆန္ဒပြနေတဲ့သူတွေအရေးကို အိန္ဒိယအစိုးရအနေနဲ့ အလေးနက်ထားစဉ်းစားပေးဖို့၊ မြန်မာနိုင်ငံသားတွေဟာ ထောင်ထဲမှာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး မြန်မာနိုင်ငံအခြေအနေကောင်းမှ ပြန်ပို့မယ်ဆိုရင် ဘယ်ချိန်ထိ အကျဉ်းချခံနေရမလဲဆိုတာ မသိတာကြောင့် လူသားချင်းစာနာတဲ့အနေနဲ့ အမြန်ဆုံးလွှတ်ပေးဖို့… အကူအညီပေးနေသူတွေနဲ့ မိသားစုဝင်တွေက တောင်းဆိုကြပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယသံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမယ့် အကြောင်းမပြန်သေးပါဘူး။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ မြန်မာနိုင်ငံသား ခြောက်ထောင်ဝန်းကျင်ရှိပြီး မီဇိုရမ်ပြည်နယ်မှာ ထွက်ပြေး ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ခြောက်သောင်းကျော် ရှိနေပြီလို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။