မောင်တောတိုက်ပွဲကြောင့် ဒီနေ့အထိ ရိုဟင်ဂျာတွေ ထွက်ပြေးနေရဆဲ

RFA Burmese
2024.08.27
မောင်တောတိုက်ပွဲကြောင့် ဒီနေ့အထိ ရိုဟင်ဂျာတွေ ထွက်ပြေးနေရဆဲ မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် ကယ်ထုတ်ပေးနေစဉ်။
Screenshot from Arakan Bay News's Video

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ကတည်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး အခု ခုနစ်နှစ်အကြာမှာလည်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။

အခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ကစပြီး မောင်တောမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ရိုဟင်ဂျာတွေဟာ အစုလိုက်၊ အပြုံလိုက် ထပ်မံထွက်ပြေးကြရတာပါ။

ရိုဟင်ဂျာ သုံးထောင်ကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးနေရပြီး မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးဖို့ နတ်မြစ်ကမ်းမှာ စောင့်နေကြတယ်လို့ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

"ခုနစ်နှစ်တောင်ရှိသွားပြီ။ ကျွန်တော်တို့ အခုအထိ တရားမျှတမှုမရဘူး"

အဲဒီအထဲက ရိုဟင်ဂျာနှစ်သောင်းခန့်ကိုတော့ လှဖိုးခေါင်ကယ်ဆယ်ရေးစခန်းနဲ့ နီးစပ်ရာကျေးရွာတွေမှာ AA က နေရာချပေးထားတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ ခုနစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီတပ်ကို ထိထိရောက်ရောက် အရေးမယူနိုင်တာကြောင့် အခုလို ရိုဟင်ဂျာတွေ ဆိုးဆိုးဝါးဝါး ဒုက္ခကြုံနေရတာလို့ မိုဟာမက် ဟူစိန်လို့ အမည်လွှဲထားတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကောင်စီတပ်က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်လာတာ အခုဆိုရင် ခုနစ်နှစ်ကျော်ကျော်တောင် ရှိလာပြီ။ ပြီးတော့ သူတို့က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာလည်း လူသတ်မှုတွေ၊ နေအိမ်တွေကို မီးရှို့မှုတွေ ဒါတွေကို ကျူးလွန်လာပြီ။ အလားတူ ရခိုင်ပြည်နယ်မှာလည်း ဒီလိုမျိုးလုပ်လာတယ်။ ဒါက ဘာကြောင့် ဒီလိုဖြစ်လာလဲဆိုရင် နှစ်ပေါင်း ခုနစ်နှစ်တောင်ရှိသွားပြီ ကျွန်တော်တို့ အခုအထိ တရားမျှတမှုမရဘူး။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီတပ်ကို နိုင်ငံတရာခုံရုံးမှာ မြန်မြန်ဆန်ဆန် အရေးယူမှုတွေလုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေက ဒီလိုဆိုးဆိုးဝါးဝါးဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံတကာရဲ့ အားနည်းချက်တွေ အများကြီးရှိတယ်လို့ မြင်ပါတယ်”

ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်ကလည်း စစ်တပ်ရဲ့ရက်စက်မှုတွေကို ဆိုးရွားစွာခံခဲ့ရပြီး အခု တိုက်ပွဲကြားမှာလည်း စစ်ဘေးဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မောင်တောမြို့မှာ ဒီနေ့အထိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
မွတ်စလင်များအား စစ်ယူနီဖောင်းဝတ်ဆင်ပေးပြီး စစ်သင်တန်းပေးနေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

မြို့ဧရိယာအားလုံးနီးပါးကို AA ကထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာတွေကတော့ မြို့မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ အမှတ် (၅) နယ်ခြားစောင့်ရဲစခန်းမှာ နေရာယူထားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း AA ကယ်ထုတ်ထားတဲ့ ရိုဟင်ဂျာနှစ်သောင်းခန့်ကတော့ AA ထိန်းချုပ်ရာ လှဖိုးခေါင် ဒုက္ခသည်စခန်းနဲ့ ရိုဟင်ဂျာရွာတွေမှာ ရှိနေတယ်လို့ မောင်တောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“AA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ရိုဟင်ဂျာတွေကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတချို့ လိုအပ်တာကလွဲရင် သူတို့က ဘေးကင်းလုံခြုံတယ်လို့ ပြောလို့ရတာပေါ့နော်။ နိုင်ငံတကာအဖွဲ့အစည်းတွေရော၊ သတင်းမီဒီယာတွေရော လာကြည့်ရင် အခြေအနေမှန်ကိုသိမှာပါ။ ရခိုင်မှာ AA ကထားတဲ့ စစ်ဘေးရှောင်တွေ ထဲမှာ ရိုဟင်ဂျာစစ်ဘေးရှောင်တွေကို ထားတဲ့ဟာက အကောင်းဆုံးလို့ ပြောလို့ရတာပေါ့။ မောင်တောမှာ လက်ခံရေးစခန်းအဆောင် ထောင်နဲ့ချီရှိတယ်။ အဲဒီနေရာတွေမှာထားတာပေါ့။ အဲဒီနေရာက ခိုင်ခန့်လုံခြုံတယ်။ နောက်ပြီး လက်ခံရေးစခန်းက မြေဧရိယာလည်းကျယ်တယ်။ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မဲ့နေရာတွေ အိမ်သာတွေကအစ ရှိတာပေါ့”

သြဂုတ်လ ၂၆ ရက်နေ့က မောင်တောမြို့ပေါ်မှာ စစ်ကောင်စီတပ်အပြင် စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ၊ ARSA၊ RSO၊ ARA စတဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ (AA) က မနေ့မှပဲ ထုတ်ပြန်ထားပါတယ်။


ဆက်နွှယ်သောသတင်းများ

ရခိုင်တိုက်ပွဲကြားမှာ မြေစာပင်ဖြစ်နေတဲ့ ရိုဟင်ဂျာများ

ရိုဟင်ဂျာတွေ သေဆုံးမှု AA ကနဦး စစ်ဆေးဆန်းစစ်ချက် ထုတ်ပြန်

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BHRN တောင်းဆို


ဒါ့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်ရာကျော်ကို သင်္ဂြိုဟ်ပေးလိုက်ရတယ်လို့လည်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်တောမြို့ရဲ့ လက်ရှိတိုက်ပွဲခြေအနေနဲ့ ရိုဟင်ဂျာတွေကိုကယ်ထားတယ်ဆိုတဲ့အပေါ် တိတိကျကျသိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ဖြေဆိုခြင်း မရှိသေးပါဘူး။

AA ရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်ခါလီဒုက္ခသည်စခန်းမှာနေထိုင်တဲ့ ရိုဟင်ဂျာလူငယ်များအစည်းအရုံး ညွှန်ကြားရေးမှူး ကိုခင်မောင်ကတော့ ရိုဟင်ဂျာတွေဟာ တိုက်ပွဲကြားမှာ မြေစာပင်လို ဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ရိုဟင်ဂျာတွေကတော့ နှစ်ဖက်တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်နေတာလေ။ အခု ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေကတော့ စားရေး၊ သောက်ရေး လုံးဝအဆင်မပြေဘူး။ နိုင်ငံတကာအနေနဲ့ အဲဒီမှာရှိနေတဲ့သူတွေကို စားရေးသောက်ရေး အဆင်မပြေအောင် လုံလုံလောက်လောက်ထောက်ပံ့ဖို့ရယ်၊ စစ်ကောင်စီရော၊ AA ရော နောက်ထပ် လူသတ်မှုတွေ၊ ကျူးလွန်မှုတွေ မလုပ်ဖို့အတွက် ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်”

မောင်တောတိုက်ပွဲအတွင်း မြို့ပေါ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးချိန် လက်နက်ကြီးကြောင့် ရိုဟင်ဂျာရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

သြဂုတ်လ ၅ ရက်နဲ့ ၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးတဲ့ ရိုဟင်ဂျာတွေကို (AA) က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် နတ်မြစ်ထဲမှာ စက်လှေတိမ်းမှောက်ပြီး ရိုဟင်ဂျာငါးဆယ်ခန့် သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ဒီသေဆုံးမှုပေါ် (AA) မှာ တာဝန်ရှိပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးသင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က သြဂုတ်လ ၂၇ ရက် ဒီနေ့မှာထုတ်ပြန်ထားပါတယ်။

AA ကတော့ ဒီပစ်ခတ်မှုကို သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အမေရိကန်အထူးသံအမတ်ကြီးကတော့ ၂၀၁၇ ခုနှစ်က လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ နောက်ကွယ်ကနေ ကြိုးပမ်းအားထုတ်နေတယ်လို့ သြဂုတ်လ ၂၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ကိုးလကျော်အတွင်း ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံနဲ့ ရမ်းဗြဲမြို့အပြင် ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။