မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရ

2022.06.22
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရ ပြန်ပေးဆွဲခံရသည့် တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ (မူလွန်) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော် တို့ကို တွေ့ရစဥ်
Photo: CJ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော် တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် နေ့က တာဝန်ကျရာကျေးရွာကနေ မောင်တောမြို့ နယ် ပညာရေးမှူးရုံးကို ဆိုင်ကယ်နဲ့သွားတဲ့ လမ်းခုလတ် တစ်နေရာမှာ အမည်အသိအဖွဲ့ တစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ ဒီနေ့ဆိုရင် ဖမ်းဆီးခံထားရတာ အချိန်ခုနစ်ရက် ရှိသွားပါပြီ။

အဲဒီ ပညာရေးဝန်ထမ်းနှစ်ဦးဟာ မောင်တောမြို့နဲ့ မိုင် ၆၀ ခန့်အကွာ ဇီးပင်ချောင်းလမ်းဆုံ အလွန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ပညာရေးဝန်ထမ်းနှစ်ဦး စတင်ဖမ်းဆီးခံရပြီး မကြာခင်မှာ သူတို့နှစ်ဦးကို ပြန်လည်ရရှိဖို့ဆိုရင် မြန်မာငွေ သိန်းတစ်ထောင်နဲ့ ညီမျှတဲ့ ဘင်္ဂလားဒေ့ရှ် တာကာငွေ သိန်း ၅၀ လွှဲပေးရမယ်ဆိုတဲ့အကြောင်း ပြန်ပေးသမားတွေက ဒေါ်ဥမ္မာကျော်ရဲ့ ဖုန်းနဲ့ ပညာရေးမှူးကို ဆက်သွယ်ပြောဆိုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မွတ်စလင်တွေက သေနတ်နဲ့ပြန်ပစ်တဲ့အခါကျတော့ ကျနော်တို့က ဘယ်လိုရှာရဲတော့မလဲ"

ပြန်ပေးသမားတွေဟာ ဘင်္ဂါလီဘာသာစကားနဲ့ ဆက်သွယ်ပြောဆိုလာတာလို့ ဒီအခြေ အနေကို အသေးစိတ် သိရှိထားတဲ့ တောင်ပြိုလက်ဝဲမြို့ နံ့သာတောင်ကျေးရွာ ဆရာတော် ဦးစရဏက RFA ကို မိန့်ပါတယ်။

“ပြန်ပေးဆွဲခံထားရတဲ့ ဒေါ်ဥမ္မာကျော်ဖုန်းနဲ့ ဆက်သွယ်လာတာပေါ့။ မွတ်စလင်တွေပါပဲ။ မွတ်စလင်စကားပြောပြီး ဆက်သွယ်လာတယ်။ သူတို့တောင်းခံတဲ့ ငွေတွေကို အပြည့် အဝလွှဲပေးပါ။ နှိပ်စက်တာတွေတော့ရှိတယ်။ အဲဒီလိုပြောတယ်။ ဆရာမနဲ့ အဆက် အသွယ်ရတဲ့အခါ ကျောင်းဆရာကြီး ဘိုဝင်းကိုတော့ တော်တော်လေး နှိပ်စက်တယ် ပြောတယ်။ သူတို့ဘယ်မှာရောက်နေတယ်ဆိုတာကိုတော့ သူတို့မျက်နှာကို အဝတ်နဲ့ စည်းထားလို့ ဘာမှလည်းမမြင်ရဘူး။ ဘာမှလည်းမသိရဘူး ပြောတယ်”

ပြန်ပေးသမားတွေက အဲဒီငွေကြေးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ငွေအကောင့်တစ်ခုကို အစပိုင်းမှာ လွှဲခိုင်းပြီးနောက် အဆင်မပြေလို့ဆိုပြီး မလေးရှားနိုင်ငံက ငွေအကောင့်တစ်ခု ကို လွှဲပေးဖို့ မနေ့က ပြောဆိုလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

သူတို့တောင်းတဲ့အထဲက ပိုက်ဆံအချို့ကိုတော့ လွှဲပေးထားပြီးဖြစ်ပေမယ့် ဘယ်လောက်လွှဲ တယ်၊ ဘယ်ကိုလွှဲလိုက်တယ် စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေး ဘူးလို့လည်း ဆရာတော် ဦးစရဏက မိန့်ပါတယ်။

ပညာရေးဝန်ထမ်းနှစ်ဦး ဖမ်းဆီးခံရပြီးနောက် ဇွန်လ ၁၇၊ ၁၈၊ ၁၉ ရက်နေ့တွေမှာ ဒေသခံ ၅၀၀ လောက်ဟာ ပျောက်ဆုံးသွားတဲ့နေရာကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး အထိ တောနင်းရှာဖွေခဲ့ကြပါတယ်။ အဲဒီအချိန်မှာ သူတို့နှစ်ဦးစီးလာတဲ့ ဆိုင်ကယ်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ကျောက်ချောင်းရွာနားက တောစပ်ထဲမှာ တွေ့ရှိခဲ့ကြ ပေမယ့် ဝန်ထမ်းနှစ်ဦးကတော့ မြန်မာဘက်ခြမ်းမှာလား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်း မှာလားဆိုတာကို ဒီနေ့အထိ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလိုရှာဖွေရင်း တောင်ပြိုလက်ဝဲမြို့နဲ့ ခြောက်မိုင်လောက်အကွာမှာရှိတဲ့ မဲတီရွာနားမှာ အမည်မသိအဖွဲ့တစ်ခုနဲ့ တွေ့ပြီး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် လိုက်လံရှာဖွေတဲ့ အထဲမှာပါဝင်တဲ့ လောင်းဒုံရွာသားတစ်ဦးရဲ့ ခြေထောက်မှာ ဒဏ်ရာရသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

အခုလိုဆက်ပြီးလိုက်ရှာနေမယ်ဆိုရင် ဓားစာခံတွေကိုသတ်ပစ်မယ့်အကြောင်း ပြန်ပေး သမားတွေက ဖုန်းဆက်ခြိမ်းခြောက်လာတာကြောင့် ရှာဖွေတာကို ရပ်လိုက်ရတယ်လို့ ဝန်ထမ်းနှစ်ဦးကို ရှာဖွေတဲ့အထဲပါဝင်တဲ့ ဒေသခံ ကိုဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“ကျနော်တို့ ရွာသားတွေက ဒီအတိုင်းပဲရှာတာလေ။ မွတ်စလင်တွေက သေနတ်နဲ့ပြန် ပစ်တဲ့အခါကျတော့ ကျနော်တို့က ဘယ်လိုရှာရဲတော့မလဲ။ မိသားစုဝင်တွေကိုလည်း ကျနော်တို့ ဒီအတိုင်းလိုက်ရှာနေလို့ရှိရင် ဓားစာခံတွေကို သတ်ပစ်မယ်ဆိုပြီး ခြိမ်း ခြောက်တာရှိတယ်။ အဲဒါကြောင့် ရှာဖွေတာကို ရပ်တန့်လိုက်တာ”

ပြန်ပေးဆွဲခံထားရတဲ့ ဆရာ၊ ဆရာမရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်ရသလို ဒေသတွင်း မှာလည်း အခုလိုမျိုး ထပ်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဆိုပါတယ်။

ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရတဲ့ ကိစ္စကြောင့် မောင်တောမြို့နယ်မှာ တာဝန် ကျနေတဲ့ ပညာရေး ဝန်ထမ်းတွေဟာ တာဝန်ကျရာနေရာကို သွားပြီး စာမပြကြတော့ဘူး လို့ အမည်မဖော်လိုတဲ့ မောင်တော ဒေသက ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ဆရာ၊ ဆရာမတွေ ကျောင်းမတက်သပိတ်လုပ်ပစ်လိုက်ကြတယ်။ ကျနော် အပါအဝင်ပေါ့။ လုံး၀ မတက်တော့ဘူးဆိုပြီး ဆုံးဖြတ်ထားတာတော့မဟုတ်ဘူး။ ရည် ရွယ်ချက်က ဘာလဲဆိုတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ နေရာတွေမှာရှိတဲ့ ဆရာ၊ ဆရာမတွေ၊ ဒေသခံတွေအတွက် အထက်ကလူကြီးတွေကို တောင်းဆိုတဲ့ သဘောမျိုးနဲ့ လုပ်တာဖြစ်ပါတယ်။ အခု ကျနော်တို့မှာ ဆရာတစ်ယောက်နဲ့ ဆရာမတစ်ယောက်ပါ သွားပြီ။ နောက် မသမာတဲ့အုပ်စုက ငွေလိုအပ်လို့ရှိရင် အခုလိုမျိုး ထပ်မဖြစ်ဘူးလို့ ဘယ်သူအာမခံမလဲ။ သူတို့ကို လိုအပ်တဲ့ငွေတွေကို ပေးမယ်ဆိုတာထက် နောက်နောင် ဒီလိုမျိုးမဖြစ်ဖို့အတွက် တောင်းဆိုချင်ပါတယ်”

မောင်တောမြို့နယ်မှာ တာဝန်ကျနေတဲ့ ပညာရေးဝန်ထမ်းတွေမှာ လုံခြုံရေးအာမခံချက် လည်းမရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ပညာရေးဌာနက တာဝန်ရှိသူတွေကတော့ သူတို့နှစ်ယောက်ပြန်လည်လွတ်မြောက်ရေးကို အစွမ်းကုန် ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောဆိုထားပေမယ့် ဒီရက်ပိုင်းအတွင်း ပြန် လွတ်မလာရင်တော့ ဆရာ၊ ဆရာမတွေစုပေါင်းပြီး တောင်းဆိုမှုတွေ တိုးပြီးသွားမယ်လို့ လည်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းသိန်းကတော့ သူတို့နှစ်ဦး လွတ်မြောက်နိုင်ရေး မိသားစုဝင်တွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာ တွေစုပေါင်းပြီး သိန်း ၇၀၀ နီးပါး လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ သူတို့တောင်းဆို ထားတဲ့ ငွေအားလုံးပြည့်အောင်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

“ပညာရေးဌာနက ဆရာ၊ ဆရာမတွေအားလုံးစုပေါင်းပြီးတော့ သိန်းနှစ်ရာလောက်ရှိ တယ်။ မြို့နယ်ထွေအုပ်ကလည်း ပိုက်ဆံ သိန်းငါးရာ ချေးထားတယ်။ စီစဉ်နေတယ် ပေါ့နော်။ ဒီနေ့အထိတော့ လွတ်မြောက်လာတာမရှိသေးဘူး။ ပိုက်ဆံကတော့ သိန်း ၇၀၀ နီးပါး သူတို့ဆီကို လွှဲပြီးနေပြီ။ ကိုယ့်ပညာရေးဝန်ထမ်း အသက်တစ်ချောင်း ကျူးလွန်သွားမှာစိုးလို့ ရခိုင်ပြည်နယ်ပညာရေးဝန်ထမ်းမိသားစုအားလုံးက စိတ်ပူ နေကြတယ်။ ဒါကြောင့် သိန်းတစ်ထောင် အမြန်ဆုံးလွှဲပြောင်းနိုင်ဖို့အတွက် မိသားစုဝင်တွေ၊ သက်ဆိုင်ရာတွေက လွှဲပြောင်းပေးဖို့ ကြိုးစားနေကြတယ်”

မောင်တောမြို့နယ် ပညာရေးမှူးရုံး ဦးအောင်စံကျော်က ပြန်ပေးဆွဲခံထားရတဲ့ ပညာရေး ဝန်ထမ်းနှစ်ဦးဟာ ဒီနေ့အထိ အသက်ရှင်လျက်ရှိနေပြီး သူနဲ့လည်း ဖုန်းအဆက်အသွယ် လုပ်လို့ ရနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငွေလွှဲကိစ္စတွေကိုတော့ မိသားစုကလုပ်တာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြန်ပေးဆွဲခံထားရတဲ့ ပညာရေးဝန်ထမ်းနှစ်ဦးရဲ့ မိသားစုဝင်တွေကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

maungtaw-teachers.jpg
ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကို လိုက်ရှာနေကြသူများအား ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဦးစာရဏ)

အခုလို ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြန်ပေးဆွဲခံထားရတဲ့ ကျောင်းဆရာ၊ ဆရာမ နှစ်ဦး အမြန်ဆုံး လွတ်မြောက်နိုင်ရေး စစ်ကောင်စီအနေနဲ့ အစွမ်းကုန်ဆောင်ရွက်ပေးဖို့ကို ရခိုင်အမျိုးသားပါတီ (ANP) နဲ့ ရက္ခိုင့်ဦးဆောင်ပါတီ (AFP) တို့လည်း မနေ့က ကြေညာ ချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

အဲဒီဒေသမှာ လုံခြုံရေးအားနည်းနေတာကြောင့် အခုလို အလွယ်တကူ ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ စစ်ဘက်၊ ရဲဘက်နဲ့ တခြားလုံခြုံရေးဆိုင်ရာ ယန္တရားတွေ အပြည့်အဝအသုံးချပြီး ဆရာနှစ်ဦး လွတ်မြောက်ရေး အစွမ်းကုန်ကြိုးစားပေးစေလိုတယ် လို့လည်း ပြောဆိုထားပါတယ်။

မောင်တောမြို့နယ်မှာ ပညာရေးဝန်ထမ်းနှစ်ဦး ပြန်ပေးဆွဲခံထားရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အဲဒီ ကျောင်းဆရာနဲ့ ဆရာမကို (ARSA) အာဆာ အဖွဲ့က ပြန်ပေးဆွဲထားတာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဇွန်လ ၂၁ ရက်နေ့ မနေ့က တွစ်တာ လူမှုစာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒီလုပ်ရပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး၊ ရခိုင် ပြည်နယ်အတွင်းရှိ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ယုံကြည်မှုနဲ့ သဟဇာတ ဖြစ်ရေးကို နောက်ပြန်ဆုတ်သွားနိုင်တဲ့ ကြီးမားတဲ့ အကျိုးယုတ်မှုတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ (ARSA) အာဆာအဖွဲ့ကတော့ သူတို့ပြန်ပေးဆွဲထားတာမဟုတ်ကြောင်း ကြေညာချက်ထုတ်ပြီး ငြင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။