ရွာတွေကိုထိုးစစ်ဆင်ပြီး ပြုပြင်နေတဲ့ မန္တလေး - မြစ်ကြီးနား ရထားလမ်း

RFA Burmese
2023.10.26
ရွာတွေကိုထိုးစစ်ဆင်ပြီး ပြုပြင်နေတဲ့ မန္တလေး - မြစ်ကြီးနား ရထားလမ်း အမှတ် ၉၀ အစုန် မော်လမြိုင် - ရန်ကုန် ရထားအား မော်လမြိုင်ဘူတာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေး - မြစ်ကြီးနား ရထားလမ်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယ အပတ်ကစပြီး စစ်ကောင်စီက ပြင်နေပါတယ်။

စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာကနေ စလာတဲ့ အဲဒီရထားလမ်း ပြင်တဲ့အဖွဲ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာဝန်းကျင်နဲ့ မီးရထားဝန်ထမ်း အပါအဝင် အလုပ်သမား တစ်ရာလောက်ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရှင်းလင်းရေးလုပ်ပြီးတော့ ရထားလမ်းနဲ့ နီးတဲ့ရွာတွေ ပတ်မွှေတယ် မီးရှို့တယ်။ ဖျက်ဆီးတယ်။”

အဲဒီလမ်းပြင်တဲ့အဖွဲ့ထဲက စစ်ကောင်စီတပ်သားတွေဟာ လမ်းတစ်လျှောက်က ရွာတွေကိုထိုးစစ်ဆင်ပြီး ပြင်နေတာလို့ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ အမည်မဖော်လိုသူ တစ်ယောက်က RFA ကိုပြောပါတယ်။

“သတ်ဖြတ်ခံရတာတွေက ကျွန်တော်တို့ စစ်ကိုင်းဘက်ခြမ်းမှာတုန်းကတော့ ရှိတယ်ဗျ။ စစ်ကိုင်းဘက်ခြမ်းမှာတုန်းက ကျွန်းဦးတောမှာ ရှိတယ်။ ကျွန်းဦးတောမှာကျ ငါးယောက် သတ်ဖြတ်ခံရတာရှိတယ်။ စစ်ကိုင်းမြို့နယ်ထဲမှာပေါ့ဗျာ အဲဒါကတော့။ ဒီဘက်က ဝက်လက်ဘက်ခြမ်းမှာကတော့ ညောင်ပင်ကြီးတောဆိုတဲ့ရွာက နှစ်ယောက်ရှိတယ်ဗျ။ ရွာတွေ အကုန်းလုံးက ထန်းကြီးကတော့ တစ်ရွာလုံးနီးပါး ကုန်တယ်ဗျ။ ထန်းကြီးက အိမ်ခြေ လေးရာကျော်လောက် ရှိတဲ့ရွာက ငါးဆယ်လောက်ပဲကျန်တယ်။ ကျန်တာကတော့ အကုန်ကုန်တယ်။ သုံးဆင့်ကန် တစ်ရွာလုံးနီးပါးကုန်တယ်။ တခြားရွာတွေကတော့ ဆယ့်လေးငါးလုံး ဆယ်လုံး ငါးလုံး အဲဒီလိုလေးတွေပါဗျ”

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းမြို့နယ်ထဲက ဒေသခံတွေကို ဖမ်းလိုက် ပြန်လွှတ်လိုက် လုပ်နေပြီး ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်လို့ အရပ်သားတွေ ဒဏ်ရာရတာတွေ ရှိနေပါတယ်။ ဒါကြောင့် ရွာတချို့လည်း ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

လက်တလောမှာ စစ်ကိုင်းမြို့နယ်က ရွာလေးရွာနဲ့ ဝက်လက်မြို့နယ်က ရွာလေးရွာ မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ပြောကြပါတယ်။

လမ်းပြင်အဖွဲ့နဲ့ပါတဲ့ စစ်ကောင်တပ်ဖွဲ့တွေ ဒီရက်ပိုင်းမှာ ဝက်လက်မြို့နယ် သုံးဆင့်ကန်ရွာမှာ ရောက်နေတဲ့အတွက် အဲဒီပတ်ဝန်းကျင်ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဝက်လက်ဒေသခံ တစ်ယောက်ကပြောပါတယ်။

“စစ်ကောင်စီက ဝက်လက်မြို့နယ် ရထားသံလမ်း ပြင်တယ်ဆိုပြီးတော့ လုံခြုံရေး ပေးတယ်ဆိုပြီးတော့ ဝက်လက်မြို့နယ်ထဲမှာ အခုစစ်ကြောင်းရှိတာပေါ့။ ဝက်လက် သံလမ်းကြောအတိုင်းကြီးလေ။ သံလမ်းကြောအတိုင်း စစ်ကြောင်းထိုးတာ အခုဟာက ဝက်လက်မြို့နယ် သုံးဆင့်ကန်ရွာရယ်၊ သာလိုင်းရွာရယ်၊ ဝက်လူးအိုင်ရွာရယ်၊ ပေါက်ကန်ဘူတာရယ်မှာ သူတို့က လုံခြုံရေးပေးပြီးတော့ ရထားသံလမ်းပြင်ဖို့ ရထားပြေးဆွဲနေတာဗျ။ သုံးဆင့်ကန်မှာ ရထားနှစ်စီး ရောက်နေတာလေ။ ဒေသခံတွေကတော့ အများကြီး ထွက်ပြေးနေရတာပေါ့ဗျာ”

ဝက်လက်မြို့နယ်ထဲမှာ ထန်းကြီးရွာ၊ ပေါက်ကန်ရွာ၊ သုံးဆင့်ကန်ရွာနဲ့ ကူကောင်းရွာက အိမ်ရှစ်ရာဝန်းကျင် မီးရှို့ဖျက်စီးခံရပြီး ရွာပေါင်း ရှစ်ရွာက ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်တွေကိုဟန့်တားဖို့ ဒေသကာကွယ်ရေးတပ်တွေကလည်း ရထားလမ်း နေရာတချို့ကို ဖြတ်တောက်နေတာတွေ ရှိနေပါတယ်။ ဒါကြောင့် ရထားလမ်း ပြင်တဲ့အလုပ်ကို မြစ်ကြီးနားအထိ မဖြစ်နိုင်ဘူးလို့ ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ဗိုလ်ရဲခေါင်က ပြောပါတယ်။

“အစောပိုင်းကာလကတော့ ဝက်လက်နယ်အထိတော့ သူတို့ရှင်းလင်းရေး လုပ်တယ်။ ရှင်းလင်းရေးလုပ်ပြီးတော့ ရထားလမ်းနဲ့ နီးတဲ့ရွာတွေ ပတ်မွှေတယ် မီးရှို့တယ်။ ဖျက်ဆီးတယ်။ ရွှေဘိုဘက်အထိ ထပ်ဖောက်ဖို့ သူတို့ ပြင်ဆင်တယ်။ ဒါပေမဲ့ ရွှေဘိုအထိဆိုရင်တော့ ဝက်လက်နဲ့ ရွှေဘိုက မဝေးဘူးလေ။ နယ်မြေကျဉ်းတယ်။ သဘာဝ အကာအကွယ်အနေနဲ့ကလည်း အားနည်းချက် အားသာချက်တွေ ရှိတာကို။ ရွှေဘိုနဲ့ မြစ်ကြီးနားအထိ ဆိုတာတော့ လုံးဝ မဖြစ်နိုင်ဘူးဗျ”

မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။ (Photo: RFA)
မြစ်ကြီးနားမြို့မှ မန္တလေးမြို့ကို စုန်ဆင်းလာသည့် အမြန်ရထားတစ်စင်းအား ကချင်ပြည်နယ်အတွင်းရှိ ဘူတာတစ်ခုတွင် တွေ့ရစဉ်။ (Photo: RFA)

မန္တလေးမြို့ကနေ မြစ်ကြီးနားမြို့ကို ရထားလမ်း၊ ကားလမ်းနဲ့ ရေလမ်းစတဲ့ ထောက်ပို့ လမ်းကြောင်း သုံးကြောင်းရှိတဲ့အတွက် စစ်ကောင်စီက အဲဒီလမ်းတွေကို နယ်မြေစိုးမိုးနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရထားလမ်းကို ထောက်ပို့လမ်းကြောင်း တစ်ခုရအောင် လုပ်နေတာလို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ခံတစ်ယောက်က သုံးသပ်ပါတယ်။

“ထောက်ပို့လမ်းကြောင်း ရအောင်တော့ သူတို့ လုပ်နေတာပေါ့။ အဓိကကတော့ ကျွန်တော်တို့ ခန့်မှန်းမိသလောက်ဆိုရင် အထက်ပိုင်းကိုသယ်ကြတဲ့အခါမှာ မန္တလေး - မြစ်ကြီးနားလမ်း ခေါ်ရမှာပေါ့။ ဒီဗျူဟာလမ်းကို သူတို့ ကုန်းကြောင်းကနေ သွားလို့မရတဲ့အခါ ကျတော့ ဒီရေကြောင်းကနေ ပို့တာတွေ ရှိတယ်။ လက်တလောလည်း ရေကြောင်းကနေ ပို့နေတာပေါ့လေ။ အဲတော့ကျတော့ ဒီရေကြောင်းကလည်း သူတို့ထင်သလောက် ခရီးမပေါက်တဲ့အခါကျတော့ နောက်ထပ် ထောက်ပို့လမ်းကြောင်း တစ်ခုထပ်ရှာတဲ့သဘောလို့ ကျွန်တော်တို့ကတော့ ယူဆတာပေါ့”

စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်တွေမှာတော့ ရထားလမ်းပြင်နေတာ မရှိသေးဘူးလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“လာပြီးတော့ မောင်းဖို့အတွက် ပြင်ဆင်တာတွေ စစ်ဆေးတာတွေ ဒီဘက်မှာတော့ မရှိသေးပါဘူး။ နောက်ပြီးကျတော့ အဲဒီလိုမျိုး လုပ်လာတာတွေ အခုအချိန်အထိ မတွေ့သေးဘူးပေါ့နော်။ လောလောဆယ်တော့ ဒီနယ်မြေမှာ တိုက်ပွဲတွေ ဖြစ်တာမရှိဘူး”

လက်ရှိမှာ နမ္မားဘူတာနဲ့ ဟိုပင်ဘူတာကြားက တံတားဖျက်ဆီးခံထားရပါတယ်။ မြစ်ကြီးနားကနေ မိုးကောင်းအထိ လမ်းပိုင်းအချို့ ပြင်ဆင်နေတာတွေ ရှိပေမယ့်လည်း ပြေးဆွဲဖို့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်တွေကို RFA တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မြစ်ကြီးနားကနေ မန္တလေးအထိ ရထားပြန်ဆွဲနိုင်ဖို့ဆိုရင် မကြာခဏ ဒရုန်းတွေ၊ အဝေးထိန်းစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိနေလို့ ဆွဲဖို့မဖြစ်နိုင်ဖူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးရထားဝန်ထမ်း အရာရှိတစ်ယောက်က RFA ကို ပြောပါတယ်။

အခု အောက်တိုဘာလထဲမှာ ရထားလမ်းပြင်တဲ့ မီးရထားဝန်ထမ်း အလုပ်သမား လေးယောက် မိုင်းထိလို့ နှစ်ယောက်သေဆုံးပြီး နှစ်ယောက် ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဆိုပါတယ်။

မန္တလေး မြစ်ကြီးနား ရထားလမ်းဟာ မိုင်ပေါင်း ၃၄၀ ကျော်ရှည်ပြီး၊ ကြားမှာ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မြို့နယ်တွေ ဖြတ်သန်းရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းလိုက်တာကြောင့် မီးရထားဝန်ထမ်း ထောင်နဲ့ချီပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါခဲ့လို့ ရထားမဆွဲနိုင်တော့တာ ၂ နှစ်ခွဲလောက်ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။