အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ NGO နဲ့ INGO တွေအပါအဝင် ဘယ်လူပုဂ္ဂိုလ်အဖွဲ့အစည်းမဆို အစည်းအဝေး၊ သင်တန်း၊ ဆွေးနွေးပွဲနဲ့ ဟောပြောပွဲတွေပြုလုပ်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်း ထောက်ခံချက်နဲ့အတူ သက်ဆိုင်ရာမြို့နယ်ထွေအုပ်ရုံးကို နှစ်ပတ်ကြိုတင်လျှောက်ထားဖို့ ကန့်သတ်တာကို တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တချို့မှာ တွေ့လာရပါတယ်။
ဒီလိုကန့်သတ်တားမြစ်တာဟာ ဒီမိုကရေစီ စံနှုန်းတွေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။
RFA သတင်းထောက် ကိုသန့်ဇင်ဦးနဲ့ ကိုကျော်လွင်ဦး စုစည်းပေးပို့ထားတာကို ကိုသန့်ဇင်ဦး တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~
ဆွေးနွေးဟောပြောပွဲကန့်သတ်မှုတွေနဲ့ ဒီမိုကရေစီစံနှုန်း
(သန့်ဇင်ဦး၊ ကျော်လွင်ဦး)
■ ဒီမိုကရေစီအစိုးရလက်ထက်မှာ ခွင့်ပြုချက်တောင်းပြီးမှ အစည်းအဝေးတွေ၊ ဟောပြောဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေရှိနေပေမယ့် လက်ရှိအချိန်ထိ မန္တလေးတိုင်း၊ တနင်္သာတိုင်းနဲ့ ကယားပြည်နယ်တို့မှာ အစိုးရက ညွန်ကြားစာ ထုတ်ပြန်ပြီး တားမြစ်တာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှာ အရပ်ဘက်အဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို မြို့နယ်ထွေအုပ်က ခွင့်မပြုလို့ဆိုပြီး တခြားနေရာကို ရွှေ့ပြောင်းကျင်းပခဲ့ရပါတယ်။
အဲဒီနောက်မှာ အရပ်ဘက်အဖွဲ့တွေအနေနဲ့ အခမ်းအနားတွေ ၊ ဟောပြောပွဲတွေ ၊ အစည်းအဝေးတွေ ပြုလုပ်မယ်ဆိုရင် သက်ဆိုင်ရာ အာဏာပိုင်တွေထံကို ၁၀ ရက်ကြိုတင် တင်ပြဖို့နဲ့ အာဏာပိုင်တွေအနေနဲ့ အစိုးရအဖွဲ့ရုံးကို ၇ ရက် ကြိုတင်ရမယ်လို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီဖိုရမ်ကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး အရပ်ဘက်အဖွဲ့အစည်များကွန်ရက် ညှိနှိုင်းရေးမှူး ကိုမိုးသူအောင်က မြို့နယ်ထွေအုပ်က ခွင့်မပြုတာနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
"တကယ်တမ်းကျတော့ ဟိုဘက် ဦးသိန်းစိန် အစိုးရလက်ထက်မှာတောင် ပွဲတွေအများကြီးလုပ်လာခဲ့တယ်၊ အဲဒီ အချိန်မှာတောင်မှ အသိပေးအကြောင်းကြားစာပဲ ပို့ခဲ့တယ်၊ အဲ့တော့ ဒီဘက်ဒီမိုကရေစီ အစိုးရခေတ်ကို ရောက်မှ ခွင့်ပြုမိန့်ရမှ ဒီပွဲတွေကိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ အမိန့်တွေထုတ်လာတဲ့ဟာက ဘယ်လိုမှကို ဒါက ဒီမိုကရေစီဆိုတာနဲ့ မအပ်စပ်ဘူးလို့မြင်တယ်"
နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ဘာသာရေးပွဲတွေတင်မကပဲ ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတွေရဲ့ အစည်းဝေးပွဲတွေ၊ သင်တန်းတွေကိုပါ အခုလိုခွင့်ပြုချက် ကြိုတင်ခိုင်းတာ၊ တင်တဲ့အခါမှာလည်း ပြုလုပ်မယ့်အကြောင်းအရာ အချက်အလက်တွေအပြင် ပါဝင်ဆွေးနွေးမယ့်သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုပါ တင်ပြရတာဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီအရ လွတ်လပ်မှုကိုပါ ထိန်းချုပ်ချင်တဲ့ပုံစံဖြစ်နေတယ်လို့ ဝေဖန်နေကြပါတယ်။
ဒါပေမဲ့ အခုလိုတားမြစ်တာတွေဟာ ဆွေးနွေးဟောပြောပွဲတွေကတစ်ဆင့် ပြည်သူလူထု နားလည်မှုလွဲစေမယ့် အပြောအဆိုတွေ ဖြစ်ပေါ်လာနိုင်လို့ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောထားပါတယ်။
"အပြောအဆိုဖြစ်ဖြစ်၊ အပြုအမူဖြစ်ဖြစ်ပေါ့လေ ပြည်သူတွေကိုဟောမယ် သတင်းအမှားတွေပေးမိမှာ စိုးလို့ပါ၊ တချို့ကိစ္စတွေကျတော့ အင်မတန်သိမ်မွေ့တဲ့ကိစ္စတွေရှိတယ်၊ အဲဒီသိမ်မွေ့တဲ့ကိစ္စတွေကို ကိုယ့်အထင်နဲ့ကိုယ် ပြောလိုက်ရင် ပြည်သူတွေနားလည်လွဲပြီး အထင်အမြင် လွဲမှာဆိုးလို့ပါခင်ဗျာ"
အရင်အစိုးရဟောင်း ဦးသိန်းစိန် လက်ထက်မှာတောင် အခုလိုကြိုတင်ပြီး ခွင့်ပြုချက်ရဖို့ တင်ပြရတာမျိုးတွေမရှိခဲ့ဘဲ လက်ရှိအစိုးရလက်ထက်ကျမှ အခုလိုတားမြစ်ချက်တွေ ထုတ်ပြန်တားမြစ်နေတာဟာ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီပါသလားဆိုတာ မေးခွန်းထုတ်စရာပါ။
ဒါ့အပြင် မန္တလေးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပဖို့ စီစဉ်ထားတဲ့ မန္တလေးမြို့ လုံခြုံရေး လူထုစကားဝိုင်းကို မကျင်းပဖို့နဲ့ အောက်တိုဘာလလယ်လောက်ကပြုလုပ်ခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကော်မတီအစည်းအဝေးတွေကိုလည်း ရပ်ဆိုင်းဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူတွေက တားဆီးတာတွေ ရှိခဲ့ပါတယ်။
အခုလိုလုပ်ဆောင်တာဟာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အားကောင်းလာမှုကို ဆုတ်ယုတ်အောင် လုပ်ဆောင်နေတာဖြစ်သလို ကြိုးနီစနစ်ကို ပြန်လည်အသက်သွင်းနေသလိုလည်း ဖြစ်နေတယ်လို့ ပြည်သူတချို့က ဝေဖန်ပြောဆိုနေကြပါတယ်။
ဒီလိုကန့်သတ်မှုတွေကြောင့် အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြား ပိုစိမ်းလာသလိုဖြစ်ပြီး အစိုးရကလည်း သူတို့ဘာသာ ဦးဆောင်ချင်တဲ့ပုံစံဖြစ်နေတယ်လို့ မန္တလေးမြို့ မေတ္ကာကမ်ပိန်းအဖွဲ့ တာဝန်ခံ ဦးညီညီကျော်က ပြောပါတယ်။
"အခုလို ပွဲမိန့်တွေနဲ့ ထပ်ကန့်သတ်လိုက်တဲ့အခါမှာ ကျနော်တို့ဟာ ဟိုးအရင်ကလိုပဲ အဆင်ပြေသလို လုပ်ကြရတယ်၊ သေချာတာကတော့ အရပ်ဘက်အဖွဲ့အစည်းနဲ့ ခပ်စိမ်းစိမ်နေတယ်ဆိုတာကတော့ ဒါ တော်တော်ထင်ရှားတဲ့ ကိစ္စပါ၊ တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ဒီအပြောင်းအလဲအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါတယ်၊ ဒီနေရာမှာ ဖက်ဒရယ်အပါအဝင် ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စမျိုးတွေ ဒါမျိုးတွေ ကျနော်တို့လုပ်ကြတဲ့အခါမှာ အခုလိုကန့်သတ်ပြီးတော့ အစိုးရတစ်ခုတည်းကပဲ ဦးဆောင်ပြီး သွားချင်တယ်ဆိုတဲ့ဟာကတော့ သိပ်မဆင်ပြေဘူးလို့ပဲ ပြောချင်တယ်ဗျ"
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကတော့ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးမယ့်သူတွေဟာ အများပြည်သူ လေးစားတဲ့သူဖြစ်ရမှာဖြစ်ပြီး တွေ့ကရာလူ ကောက်တင် လူနည်းနည်းနဲ့လုပ်တာမျိုး မဖြစ်သင့်ဘူးလို့ နိုဝင်ဘာလ ၁ ရက်နေ့က RFA ကမေးမြန်းစဉ် ပြောကြားခဲ့ပါတယ်။
"ဆွေးနွေးတယ်ဆိုတာ ဆွေးနွေးနိုင်တဲ့သူက အများပြည်သူ လေးစားရတဲ့သူဖြစ်ရမယ်။ အတွေ့အကြုံရှိရမယ်။ ဟိုလူကောက်တင်၊ ဒီလူကောက်တင် ပွဲလေးဖြစ်ပြီး လူလေး ၇၀ လောက်နဲ့ဆိုရင် စဉ်းစားပေါ့ဗျာ။ အရပ်ဘက်အဖွဲ့ဆိုတာ မရှိလို့မဖြစ်ဘူး၊ ဒါပေမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့သုံးငွေ ဘယ်ကရလဲ။ ရန်ပုံငွေ ဘယ်ကရလဲ၊ ဘယ်သူတွေ လှူနေလဲ၊ ပွဲတစ်ပွဲလုပ်ရင် ဘယ်လောက်သုံးနေလဲ၊ ဘယ်သူမှမတင်ဘူး"
အလားတူ ကယားပြည်နယ်က အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း ဆွေးနွေးဟောပြောပွဲတွေ ပြုလုပ်မယ်ဆိုရင် ၁၅ ရက်ကြိုတင်ပြီး အစိုးရကိုတင်ပြဖို့ သြဂုတ်လကုန်ရက်စွဲနဲ့ ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
အဲဒီလို ကြိုတင်တင်ပြဖို့ ညွှန်ကြားပေမယ့်လည်း ခွင့်ပြုချင်မှ ခွင့်ပြုတာဖြစ်တဲ့အတွက် ပြည်သူတွေပဲ နစ်နာ တယ်လို့ ကယားပြည်နယ် Kaya Earth Right International Network ညှိနှိုင်းရေးမှူး ခွန်စိုးမိုးအောင်က ပြောပါတယ်။
"မှတ်ပုံတင်မထားတဲ့ အဖွဲ့အစည်းတွေက ပိုပြီးတော့ခက်တယ်၊ တစ်ခုခုလုပ်လို့ တကယ်လို့ တင်လိုက်ပြီဆိုရင်လည်း လုပ်ခွင့်မပေးဘူးပေါ့နော်၊ အထူးသဖြင့် ဒီလူ့အခွင့်အရေးနဲ့ သဘဝပတ်ဝန်းကျင် အခွင့်အရေးနဲ့ပတ်သက်တဲ့ ဘယ်အလုပ်ကိုမဆိုပေါ့နော် လူအစုအဝေးနဲ့ ပြုလုပ်ရတဲ့ဟာတွေဆိုရင် အရမ်းအခက်အခဲရှိတယ်"
အခုလိုထုတ်ပြန်တားမြစ်ချက်တွေဟာ ဒီမိုကရေစီစံနှုန်းနဲ့လည်း မကိုက်ညီပါဘူး။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း(၈) အပိုဒ် (၃၅၄)မှာ ပြဌာန်းထားတဲ့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားတဲ့ဥပဒေတွေနဲ့ မဆန့်ကျင်ရင် မိမိရဲ့ယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ အသင်းအဖွဲ့တွေ အစည်းအရုံးတွေ ဖွဲ့စည်းဆောင်ရွက်ခွင့် ရှိတယ်ဆိုတဲ့ အခြေခံရပိုင်ခွင့်တွေကိုလည်း ဖောက်ဖျက်ရာ ရောက်နေပါတယ်ခင်ဗျာ။