နိုင်ငံတကာတိုက်တွန်းနေတဲ့ တွေ့ဆုံဆွေးနွေးရေး လက်ရှိမှာမဖြစ်နိုင်သေး
2023.04.07
မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ ဖြေရှင်းဖို့ နိုင်ငံတကာက လိုလားနေပေမယ့် စစ်ကောင်စီဘက်ကရော အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) ဘက်ကပါ လက်ရှိမှာ တွေ့ဆုံဆွေးနွေးလိုတဲ့ အခြေအနေ မရှိသေးဘူးလို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
စစ်တပ်ဖန်တီးထားတဲ့ လက်ရှိအကျပ်အတည်းကို အားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးရေးကသာ ဖြေရှင်းနိုင်မယ်လို့ ရန်ကုန်ရှိ ဗြိတိန်သံရုံးက မတ်လ ၃၀ ရက် နေ့က ထုတ်ပြန်ထားသလို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း မကြာခဏ တိုက်တွန်းနေတာပါ။
လက်ရှိအချိန်မှာ နှစ်ဘက်စလုံးက အခြေအနေ တင်းမာနေတဲ့အတွက် တွေ့ဆုံဆွေးနွေးဖို့ ဆိုတာ မဖြစ်နိုင်သေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်စလုံးက ဓားကြိမ်း ကြိမ်းနေကြတာပေါ့နော်။ NUG ဘက် ကလည်း လာမယ့် ၂၀၂၃ ဟာ သူတို့အတွက် အဆုံးအဖြတ်နှစ် ဖြစ်တယ်၊ နောက်တစ်နှစ် မရှိစေရတော့ဘူးဆိုပြီးတော့ အပြုတ်တိုက်ဖို့ဆိုပြီးတော့ သူတို့ကလည်း ယုံကြည်ချက် ရှိရှိနဲ့ အဲဒီလို ဆော်သြနေသလို၊ နစက ကလည်း မနေ့တစ်နေ့ကတင်ပဲ နစကဥက္ကဋ္ဌက တပ်မတော်နေ့မှာ NUG၊ PDF တွေကို အမြစ်ပြတ်ချေမှုန်းမယ်လို့ ပြောထားတော့ အခုအခြေအနေမှာ တွေ့ဆုံဆွေးနွေးဖို့ကတော့ မဖြစ်နိုင်ဘူးလို့ပဲ ပြောရမှာပေါ့နော်"
နိုင်ငံတကာအသိုက်အဝန်းက ထောက်ပြနေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ဆိုတာလည်း နှစ်ဖက်စလုံးကို ရည်ညွှန်းနေတာဖြစ်တယ်လို့ ဦးရဲထွန်းက ပြောပါတယ်။
NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ ပြည်သူ့အကျိုးနဲ့ နိုင်ငံ့အကျိုးကို ရှေးရှုပြီး မဖြစ်မနေ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရမယ်ဆိုရင်တော့ တပ်မတော်ဟာ နိုင်ငံရေး ကနေ လုံးဝစွန့်ခွာမယ်ဆိုတာကို အာမခံချက်ပေးရမယ်လို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းလိုက်ပြီဆိုတာကို လက်ခံဖို့၊ ပြည်သူလူထုကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတကာအကူအညီတွေကို အနှောင့်အယှက်မလုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးမှာ နိုင်ငံတကာက ကြားခံအဖြစ် ဆောင်ရွက် ပေးဖို့ စတဲ့အချက်တွေကို ရိုက်တာသတင်းဌာနနဲ့ မေးမြန်းခန်းအတွင်း ယာယီသမ္မတ ဒူဝါလရှီးလက ရှင်းပြသွားပါတယ်။
စစ်ကောင်စီဘက်ကလည်း တွေ့ဆုံဆွေးနွေးဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်သိမ်းရ၊ စစ်ကောင်စီအဖွဲ့ကို မဖျက်သိမ်းရ၊ အစားမထိုးရ ဆိုတဲ့အချက်တွေကို ဆုပ်ကိုင်ထားတာကြောင့် NUG နဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးဖို့ဆိုတာ လက်ရှိမှာ ခဲယဉ်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းရဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာရင်တောင် ဒီနှစ်နှစ်ကျော်အတွင်း စစ်ကောင်စီ ဘက်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အပြစ်ရှိသူကိုယ်တိုင် တာဝန်ခံရလိမ့်မယ် လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
"ကျနော်တို့ ယာယီ သမ္မတကြီးအနေနဲ့လည်း ပြောထားတာရှိတယ်ပေါ့နော်၊ အဓိက ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်မသွားဘူး။ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ပေါ့နော်၊ နိုင်ငံတကာရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့ပေါ့နော်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ယာယီသမ္မတကြီးလည်း ပြောထားတာ ရှိပါတယ်။ အဲဒီထဲမှာမှ အရေးကြီးဆုံးတစ်ခုကို ထည့်ပြောရရင်တော့ Immunity ပေါ့နော်။ အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုရှိစွာနဲ့ တကယ် တာဝန်ရှိတဲ့သူက ပြည်သူလူထုရဲ့ ဥပဒေအရ စီရင်မှုကို ဒါသေချာလိုက်နာရမယ်ပေါ့နော်"
ဒီလိုတာဝန်ယူမှသာ နှစ်ဖက်တွေ့ဆုံဆွေးနွေးရေးဖြစ်လာနိုင်ပြီး အပြောင်းအလဲအတွက် အဖြေရှာနိုင်မှာဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။
"အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကို ပြန်မသွားဘူး။ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရမယ်ပေါ့နော်"
နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီဘက်က တွေ့ဆုံဆွေးနွေးရေးကို NUG၊ PDF တွေနဲ့ မစတင်ဘဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စတင်တွေ့ဆုံတာမျိုး ရှိကောင်းရှိလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။
စစ်တပ် အာဏာစသိမ်းကတည်းက အဖမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဒ်မမျိုးစုံနဲ့ ထောင် ၃၃ နှစ် ချမှတ်ခံထားရပြီး နေပြည်တော်အချုပ်ထောင်မှာ ရှိနေဆဲလို့ ယူဆရပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာတို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့် အကြိမ်ကြိမ်တောင်းခဲ့ကြပေမယ့် စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြောခွင့်ရသူတစ်ဦးကတော့ အခုချိန်မှာ နှစ်ဖက်စလုံးက အလျှော့ ပေးမယ့်ပုံ မပေါ်လို့ တွေ့ဆုံဆွေးနွေးရေးက မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
"လက်ရှိ အခြေအနေအရကတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာတော့ အချိန်တော့ ယူရဦးမယ်လို့ထင်တယ်။ မြေပြင်မှာပဲကြည့်ကြည့်၊ နိုင်ငံရေး ယှဉ်ပြိုင်မှုအရပဲ ကြည့်ကြည့် နှစ်ဖက်စလုံးက မလျှော့ဘဲနဲ့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေကြ တာပေါ့"
NUG လက်အောက်ခံ PDF တွေဘက်က အင်အား မတည်ဆောက်နိုင်သေးသရွေ့၊ စစ်တပ်ဘက်က အသာစီးရနေသရွေ့ စစ်ကောင်စီဘက်ကလည်း ဆွေးနွေးပွဲကို ဝင်လာမှာမဟုတ်ဘူးလို့ တန့်ဆည် PDF ပြောခွင့်ရသူက ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးရေးလို့ပြောရင် ဘယ်လို ဦးတည်ချက်လဲ၊ ဘယ်သူတွေ ပါမှာလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။
"ပဋိပက္ခတွေ၊ အဆင်မပြေတာတွေ ငြိမ်းချမ်းသွားဖို့အတွက် ဒီတွေ့ဆုံဆွေးနွေးရေး တစ်ခုတည်းကနေ အဆင် ပြေနိုင်မယ်ဆိုရင်တော့၊ သွားရမယ့်လမ်းကြောင်းက မှန်မယ်ဆိုရင်တော့ ဒါမျိုးက ပြဿနာ မရှိပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမယ်လို့ မျှော်လင့်ချက် ရှိတာပေါ့၊ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အပိုင်းမှာ ဘယ်သူတွေကို ခေါ်မှာလဲ၊ ဘယ်လောက်အထိ တွေ့မှာလဲ၊ ဘယ်လို ဦးတည်ချက်လဲ၊ အဲဒါတွေ ရှင်းရှင်းလင်းလင်းရှိဖို့ လိုအပ်တယ်လို့တော့ မြင်တယ်။ မဟုတ်ရင် အဆင်ပြေမှာ မဟုတ်ဘူး"
မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အဖွဲ့အစည်းတွေရဲ့ လိုလားချက်တွေကမတူညီတာကြောင့် လုပ်ခဲ့တဲ့တွေ့ဆုံဆွေးနွေးရေးတိုင်းက အဆင်မပြေခဲ့ဘူးလို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။
မကွေး၊ စစ်ကိုင်း၊ ကရင်၊ ကရင်နီနဲ့ ချင်းပြည်နယ်က ဒေသခံတွေကလည်း စစ်တပ်ရဲ့ အင်အာသုံးချေမှုန်းတာကို အကြီးအကျယ် ရင်ဆိုင်နေရတာကြောင့် အမုန်းတရားနဲ့ နာကျည်းချက်တွေသာ ပိုများလာတယ်လို့ ပြောပါတယ်။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ ကြွေးကြော်ထားတာဟာ မုန်းတီးမှု သက်သက်၊ လက်စားချေလိုစိတ် သက်သက်နဲ့ မဟုတ်ဘဲ တကယ့် နိုင်ငံရေး၊ စစ်ရေးအရကို ဆွေးနွေးစရာ မရှိတော့တာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသိန်းစိုးနိုင်က ပြောပါတယ်။
"သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးလို့ NUG အင်အားစုတွေကနေ ကြွေးကြော်သံ ထုတ်တယ်ဆိုတာက မုန်းတီးမှု သက်သက်၊ စစ်ကောင်စီကို လက်စားချေလိုစိတ် သက်သက်နဲ့ ထုတ်ပြန်တာ မဟုတ်ပါဘူး။ တကယ့် နိုင်ငံရေး၊ စစ်ရေး ဘက်ပေါင်းစုံ အနေအထားကိုက ဆွေးနွေးစရာ အကြောင်းအချက် မရှိတော့လို့နော်။ အဲဒီ ကြွေးကြော်သံကို ထုတ်တာ ဖြစ်ပါတယ်"
မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းက ကြိုးစားနေတာ နှစ်နှစ်ကျော်လာပေမယ့် စစ်ကောင်စီက ဘယ်သူပြောတာကိုမှ လက်မခံတဲ့အတွက် လက်ရှိမှာ ဆွေးနွေးပွဲကလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်ကောင်စီဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့၊ NCA မထိုးရသေးတဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့အပြင် နိုင်ငံရေးပါတီအချို့က ကိုယ်စားလှယ်တွေကို နေပြည်တော်မှာ မကြာခဏ ဖိတ်ခေါ်ဆွေးနွေးနေပါတယ်။
ဒါပေမဲ့ လက်တွေ့တိုက်နေကြတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ကရင်နီတပ်မတော် KA နဲ့ NUG၊ PDF တွေကို ဖိတ်ခေါ်ဆွေးနွေးတာမျိုး မရှိပါဘူး။
NUG၊ PDF တွေနဲ့ သူတို့ကို လက်ခံကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းမယ်လို့သာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက်၊ ၇၈ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။