လျှပ်စစ်ဓာတ်အားခ နှစ်ဆကျော် တိုးကောက်ဖို့ရှိကြောင်း စစ်ကောင်စီပြော
2024.08.30
လာမဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားခတွေကို နှစ်ဆကျော် တိုးမြှင့်ကောက်ခံမယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သြဂုတ်လ ၃၀ ရက် ဒီနေ့ကြေညာပါတယ်။
ဓာတ်အားခ တိုးမြှင့်ကောက်ခံမဲ့အထဲ အိမ်သုံးနဲ့ လုပ်ငန်းသုံး နှစ်ခုစလုံးပါပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် ဘဏ္ဍာနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်လာတာကြောင့် အခုလို တိုးမြှင့်ကောက်ခံတာလို့လည်း ဆိုပါတယ်။
လက်ရှိ အိမ်သုံး လျှပ်စစ်မီတာခ နှုန်းထားဟာ ယူနစ် နှစ်ရာနဲ့အထက် တစ်ယူနစ်ကို ၁၂၅ ကျပ်ပဲရှိပေမဲ့ အခုတိုးမြှင့် ကောက်ခံမဲ့စျေးနှုန်းက တစ်ယူနစ်ကို သုံးရာကျပ်အထိ နှစ်ဆကျော် ပြောင်းလဲသတ်မှတ်ထားတာ တွေ့ရပါတယ်။
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး စီးပွားရေး ကျပ်တည်းမှုကြုံနေရချိန် လျှပ်စစ်ဓာတ်အားခတွေ တိုးကောက်တာဟာ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ကုမ္ပဏီဝန်းထမ်းတစ်ဦးက RFA ကိုပြောပါတယ်။
“ကြည့်လိုက်တော့ နှစ်ဆကျော် သုံးဆလောက် တက်သွားတယ်။ ကျွန်တော်တို့အစောကြီးကတည်းက ကြားထားတယ်ပေါ့။ နှစ်ဆတက်မယ်လို့ ကြားထားတယ်။ အခုဟာက နှစ်ဆကျော် ဖြစ်သွားတာတွေ့တယ်။ သေချာတာကတော့ ကျပ်တည်းတာတွေ ပိုပြီးကျပ်တည်းလာမယ်။ အကုန်လုံး တက်လာမယ်။ ကျွန်တော်တို့မှာ မတက်တာဆိုလို့ ကျွန်တော်တို့ရဲ့ လုပ်ခတွေ၊ လစာတွေ မတက်ဘူး”
အိမ်သုံးလျှပ်စစ်မီတာခတွေကို တစ်ယူနစ်ကနေ ငါးဆယ်ယူနစ်အထိ ငါးဆယ်ကျပ်၊ ၅၁ ယူနစ်က တစ်ရာယူနစ်အထိကို တစ်ရာကျပ်၊ ၁၀၁ ယူနစ်က နှစ်ရာယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို သုံးရာကျပ် တိုးမြှင့်ထားပါတယ်။
“အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်ပါတယ်”
အရင်ကောက်ယူနေတဲ့ အိမ်သုံး လျှပ်စစ်မီတာခ နှုန်းထားဟာ တစ်ယူနစ်ကနေ ငါးဆယ်ယူနစ်အထိ ၃၅ ကျပ်၊ ၃၁ ယူနစ်ကနေ ငါးဆယ်ယူနစ်အထိ ငါးဆယ်ကျပ်၊ ၅၁ ယူနစ်ကနေ ၇၅ ယူနစ်အထိ ခုနစ်ဆယ်ကျပ်၊ ၇၆ ယူနစ်ကနေ တစ်ရာယူနစ်အထိ ကိုးဆယ်ကျပ်၊ ၁၀၁ ယူစနစ်ကနေ ၁၅၀ ယူနစ်အထိ ၁၁၀ ကျပ်၊ ၁၅၁ ယူနစ်ကနေ နှစ်ရာယူနစ်အထိ ၁၂၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက်ကို ၁၂၅ ကျပ် ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မြို့နယ်မှာနေထိုင်တဲ့ စာရေးဆရာတစ်ဦးကတော့ တစ်နိုင်ငံလုံး အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန် အခုလို လျှပ်စစ်ဓာတ်အားခ တိုးကောက်ရင် ပြည်သူတွေ ပိုပြီးကျပ်တည်းလာမယ်လို့ RFA ကို ပြောပါတယ်။
“အခုကာလအခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတာ၊ တစ်ဘက်ကလည်း ကုန်စျေးနှုန်းတွေက မတန်တဆ တက်လာတယ်၊ စက်သုံးဆီပြဿနာတွေကလည်း မတည်ငြိမ်ဘူး။ ခဏခဏဖြစ်နေတယ်ပေါ့နော်။ ပြတ်လပ်မှုတွေက။ ဒီကြားထဲမှာမှ မီတာခတွေ ထပ်တက်တယ်ဆိုတော့ ပြည်သူလူထုက နစ်သထက်နစ်ဖို့ပဲ ရှိတာပေါ့”
အရင်က လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခအတွက် ယူနစ်တစ်သောင်းအထက်ကို တစ်ယူနစ် ၁၈၀ ကျပ်ရှိခဲ့ပေမဲ့ အခုပြောင်းလဲကောက်ခံမဲ့နှုန်းထားမှာ ယူနစ်တစ်သောင်း အသုံးပြုခ တစ်ယူနစ်ကို ကျပ်လေးရာနဲ့ ယူနစ်နှစ်သောင်းနဲ့အထက် အသုံးပြုခ တစ်ယူနစ်ကို ကျပ်ငါးရာအထိ တိုးမြှင့်ထားတာ တွေ့ရပါတယ်။
“ကုန်ထုတ်လုပ်မှုစရိတ် ပိုများလာပြီး ကုန်ပစ္စည်းဈေးနှုန်းတွေလည်း မြင့်တက်လာပါမယ်”
အခုလို လျှပ်စစ်ဓာတ်အားခ နှစ်ဆကျော် တိုးကောက်မှာကြောင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းသွားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စက်မှုလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“လုပ်ငန်းတွေအကုန်လုံးကလည်း အခက်အခဲတွေက နဂိုကတည်းက ရှိနေပြီးသားလေ။ လုပ်ငန်းအကြီးတွေရော၊ လုပ်ငန်းအလတ်တွေရော၊ လုပ်ငန်းအသေးတွေရော သူ့အတိုင်းအတာနဲ့သူ ထိခိုက်ကြမှာပေါ့နော်။ SME တွေကတော့ အခုလည်း တဖြုတ်ဖြုတ်နဲ့ ပြုတ်နေတာပဲဆိုတော့ SME ပိုင်းတွေက ပိုပြုတ်သွားမှာပေါ့နော်”
လျှစ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်မှုတွေ ဖြစ်ပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေရပ်ဆိုင်းပြီး ပြန်ထွက်သွားကြသလို ပြည်တွင်း စက်မှုလုပ်ငန်းတွေလည်း ဒီလျှပ်စစ်မီးကြောင့်ပဲ လုပ်ငန်းတချို့ ရပ်ဆိုင်းထားရပါတယ်။
ဓာတ်အားခနှုန်းထားတွေ တိုးလာတဲ့အခါ ကုန်ထုတ်လုပ်မှုစရိတ် ပိုများလာပြီး ကုန်ပစ္စည်းဈေးနှုန်းတွေလည်း မြင့်တက်လာမယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အဖွဲ့ဝင်လည်းဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“မီတာခတွေ တက်လာတယ်ဆိုတော့ ဘာပဲပြောပြော ကုန်ထုတ်လှုပ်မှုစရိတ်ကတော့ တက်လာမှာပဲလေ။ အရင်တုန်းက သုံးရာနဲ့ရောင်းတဲ့ပစ္စည်းက ငါးရာတွေ ခြောက်ရာတွေ ဖြစ်လာနိုင်တယ်။ ဒါက လျှပ်စစ်မီတာခ တက်သွားတဲ့အတွက် လုပ်ငန်းရှင်တွေဘက်ကရော ထုတ်ကုန်တစ်ခုထုတ်တဲ့အခါမှာ စျေးကွက်ကို ရောင်းတဲ့အတွက် ရောင်းမယ်ဆိုလို့ရှိရင် ကုန်ထုတ်လုပ်မှုအတွက် ကိုက်မလား။ မီတာခတက်တဲ့အတွက်ကြောင့် အဲဒီမီတာခကို Production Cost ထဲကို စျေးနည်းနည်း တင်ရောင်းမယ်ဆိုရင်ရော စားသုံးသူပြည်သူတွေက ဝယ်နိုင်မှာလား။ ကျိန်းသေတာ တစ်ခုကတော့ လူတွေ ဒီထက်ပိုပြီး ဒုက္ခရောက်မှာ သေချာတယ်”
ဒီအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးစိုးမြင့် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လာမဲ့ ၂၀၂၅ မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
မီတာခတွေ ပြင်ဆင်ကောက်ခံဖို့ စီစဉ်နေကြောင်း ဒုဝန်ကြီး ပြော
မီတာခမဆောင်ရင် အမှုဖွင့်မယ်လို့ ခြိမ်းခြောက်
လျှပ်စစ်မီတာခတွေ မပေးဆောင်ဖို့ CRPH ကြေညာ
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပေးနေတဲ့ ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးစက်ရုံ နှစ်ရုံ၊ နေရောင်ခြည် စွမ်းအင်သုံးစက်ရုံ ခြောက်ရုံကနေ နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာပါ။
တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်ခန့်ရှိပေမဲ့ လက်ရှိတစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်သာထုတ် လုပ်နိုင်တာကြောင့် နိုင်ငံတစ်ဝန်း ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
(မှတ်ချက်။ ။စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးနှင့် ရန်ကုန်မြို့ခံ နှစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)