လေးလအတွင်း စစ်ကောင်စီတပ်ဌာနချုပ်နဲ့ စခန်းတွေကို အကြိမ် ၇၀ တိုက်ခိုက်ခဲ့

RFA Burmese
2023.05.05
လေးလအတွင်း စစ်ကောင်စီတပ်ဌာနချုပ်နဲ့ စခန်းတွေကို အကြိမ် ၇၀ တိုက်ခိုက်ခဲ့ ၂ဝ၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်က သိမ်ဆိပ်ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်စဉ်။
သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

၂၀၂၃ ခုနှစ်အတွင်း စစ်ရေး ချိန်ခွင်လျှာပြောင်းလဲလာဖို့ ကြိုးစားနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီ တပ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပါတယ်။

ဒီနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း တပ်ဌာနချုပ်၊ တပ်စခန်း၊ လေတပ်စခန်းနဲ့ လက်နက်စက်ရုံတွေကို စုစုပေါင်းအကြိမ် ၇၀ တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီထဲက ၄၄ ကြိမ်ဟာ စခန်းသိမ်းနိုင်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေဟာ၂၀၂၃ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့် ပြင်းထန်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တစ်ဦးဖြစ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဒီနှစ်က စစ်ရေးအခြေအနေအရကို အပြောင်းအလဲ လုပ်မယ့်နှစ်လို့ ပြောတဲ့အခါတော့ အင်အားနည်းတဲ့ ရဲစခန်းတို့ ကင်းတပ်တို့ အဲဒါတွေ တိုက်ခိုက်မယ်။ တိုက်ခိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ လှုပ်ရှားနိုင်တဲ့နယ်မြေ ပိုပြီးတော့ ကျယ်ဝန်းလာမယ်။ အဲဒီ စခန်းသိမ်း တိုက်ပွဲတွေကနေပြီးတော့ လက်နက်ခဲယမ်းမီးကျောက် ကျွန်တော်တို့ ဝယ်စရာမလိုဘဲ ရမယ်ဆိုတော့ ဒါကနွေဦးတော်လှန်ရေးအတွက် အကျိုးရှိတဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့အတွက် အဲဒီတိုက်ပွဲတွေ ပိုပြီးတော့ များလာလိမ့်မယ်လို့ ကျွန်တော်တို့ကတော့ မျှော်လင့်ပါတယ် ခင်ဗျာ”

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကန်ရွာနယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက မတ်လ ၃၁ ရက်မှာ တိုက်ခိုက်ခဲ့ပါတယ်။ စခန်းရဲ့ ၇၅ ရာခိုင်နှုန်းကို သိမ်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ခဲ့တာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ တိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင် အမှတ် (၁၄) တပ်ရင်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့နယ်မြေမှာ စခန်းအကြီးဆုံးဆိုတာ ကန်စခန်းလေ။ ဒါကိုတောင် ကျွန်တော်တို့ ဝင်တိုက်ပြီးသွားပြီဆိုတော့ ကျန်တာ ရဲကင်းလေးနှစ်ခုနဲ့ မြို့ပေါ်ပဲ ကျန်တော့တာဆိုတော့ ကျွန်တော်တို့အနေနဲ့က ဒီလောက် ခက်ခက်ခဲခဲကြီး မရှိဘူး။ လေယာဉ်နဲ့လာပစ်တာကို ကျွန်တော်တို့က မကြောက်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ (စခန်း) နေရာထဲမှာ သူတို့ ပစ်ရင်လည်း သူတို့လူတွေပါ သေမှာဆိုပဲဆိုပြီးတော့။ ဒါပေမဲ့ လူချလာတဲ့အချိန်ကျတော့ မဖြစ်မနေ နောက်ဆုတ်ခဲ့ရတာ”

ကန်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၄၀ ဝန်းကျင်သေဆုံးနိုင်ပြီး PDF တွေဘက်က နှစ်ဦးသေဆုံးကာ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ သူက ပြောပါတယ်။

နေပြည်တော်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပစ်ခတ်တိုက်ခိုက်နေစဉ်။ (NPT-PDF)
နေပြည်တော်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပစ်ခတ်တိုက်ခိုက်နေစဉ်။ (NPT-PDF)

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားရ်ရွာအနီးက ရဲကင်းစခန်းကို ဧပြီလ ၁၀ ရက်မှာ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က တိုက်ခိုက်ခဲ့ပါတယ်။ စခန်းသိမ်းခံရပြီးနောက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗားရ်ရွာအနီးတစ်ဝိုက်၊ ဝေဘူလမြို့နဲ့ ရမ်ထလိုရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပါတယ်။

မြေပြင်တိုက်ပွဲမှာ အထိနာရင် အနီးပတ်ဝန်းကျင်က ရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်လေ့ရှိတယ်လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ကိုကျွန်းလှိုင်က ပြောပါတယ်။

“တစ်ခုရှိတာက စခန်းသိမ်းမှမဟုတ်ဘူး။ သူတို့ဘက်က အကျဆုံး အဆုံးအရှုံး များလာပြီဆိုရင် လေကြောင်းက တရစပ်ပဲ လာတော့တာ။ ပညာပေးပုံစံမျိုးတွေပဲ အရင်ဆုံးလုပ်မှဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဆီမှာ လေယာဉ်ပစ် လက်နက်လိုမျိုးတွေ မရှိတဲ့ အခါကျတော့လေ။ ပြည်သူတွေ အကျအရှုံး နည်းအောင်လို့ အသိပညာပေးတဲ့ ပုံစံမျိုး၊ နောက်ပြီးတော့ သတင်းလက်ဦးမှုရယူတဲ့ ပုံစံမျိုးတွေနဲ့ပဲ သွားနေရမယ့်ပုံစံဖြစ်တယ်”

ဧပြီလ ၁၇ ရက်မှာလည်း စစ်ကိုင်းတိုင်း ကနီမြို့နယ် တာဝါတိုင်စခန်းကို PDF ယင်းမာပင်ခရိုင် တပ်ရင်း (၁) က တိုက်ခိုက်ခဲ့ပါတယ် ။

အခုလိုတိုက်ခိုက်တာဟာ စခန်းကို အပြီးသိမ်းယူဖို့ မရည်ရွယ်ဘဲ စစ်ကောင်စီရဲ့ ခြေကုပ်စခန်းတွေကို ဖျက်ဆီးနိုင်ဖို့၊ စိတ်ဓာတ်ရေးရာ တုန်လှုပ်ခြောက်ခြားစေဖို့ ရည်ရွယ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

"သူတို့ဘက်က အကျဆုံး အဆုံးအရှုံး များလာပြီဆိုရင် လေကြောင်းက တရစပ်ပဲ လာတော့တာ။"

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ NUG မျှော်မှန်းသလို ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဝါဒဖြန့်ချိရေးအရတော့ အပေါ်မှ ကိန်းဂဏန်းတွေ မျိုးစုံတက်တာတွေတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီကိန်းဂဏန်းတွေကို သေသေချာချာ စုစုစည်းစည်းနဲ့ လေ့လာမယ် သုံးသပ်မယ် လက်ခံမယ်ဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ သိသွားပါလိမ့်မယ်။ အဓိကကတော့ ဝါဒဖြန့်ချိရေးအရ အင်တာဗျူးတွေမှာ၊ စကားတွေမှာ ထုတ်ပြန်ချက်တွေမှာ ဘယ်လိုပဲ ကြိုက်သလိုပြောလို့ရတယ်။ ဒါပေမဲ့ တကယ်တန်းမြေပြင်မှာ ဘယ်လောက်အထိ လုပ်နိုင်လဲဆိုတာ အဓိက အဆုံးအဖြတ်ပေးသွားမှာကိုး။ အဲဒီတော့ ၂၀၂၃ ဆိုပြီး သူတို့ ဦးတည်ချက်ပေးထားတဲ့ ကိစ္စရပ်က ဖြစ်လာစရာအကြောင်း လုံးဝမရှိပါဘူး”

ဒါပေမဲ့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ စခန်းသိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်တင်ပြီး မဟာဗျူဟာအရ တန်ပြန်ထိုးစစ် အကြိုကာလအဖြစ် ၂၀၂၃ ခုနှစ်ကို သတ်မှတ်ထားတယ်လို့ RFA ကိုပြောပါတယ်။

“ကျေးရွာတွေကို ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေကို ပိုမိုခိုင်မာပြီးတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်နိုင်ဖို့အတွက် မဟာဗျူဟာကျကျ လုပ်ကိုင်မယ်။ စခန်းသိမ်း တိုက်ပွဲတွေ မြှင့်တင်လုပ်ကိုင်မယ်။ မဟာဗျူဟာကျတဲ့ လက်နက်တွေရဖို့အတွက် ကြိုးစားလုပ်ကိုင်နေတယ်။ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် ပြင်ဆင်နေတယ်။ ဆိုတော့ ၂၀၂၃ ခုနှစ်ဟာ မဟာဗျူဟာအရ အကြမ်းဖက်စစ်တပ် ခေါင်းမထောင်နိုင်အောင် လုပ်မယ့်နှစ်ပေါ့နော်”

စစ်ကောင်စီကို ရင်ဆိုင်နိုင်မယ့် မဟာဗျူဟာမြောက် လက်နက်တွေ တပ်ဆင်ပြီးချိန်မှာတော့ တန်ပြန်ထိုးစစ်ကာလကို စတင်သွားမယ်လို့ NUG ရဲ့ မေလ ၃ ရက်နေ့ထုတ် နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံမှုတွေအတွင်း စစ်ကောင်စီတပ်သား သုံးသောင်းကျော် သေဆုံးပြီး တစ်သောင်းကျော် ဒဏ်ရာရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

NUG အစီရင်ခံစာအရ လက်ရှိ နိုင်ငံတစ်ဝန်းမှာ PDF တပ်ရင်းနဲ့ စစ်ကြောင်းပေါင်း ၃၀၀ ကျော်ဖွဲ့စည်းထားပြီး မြို့နယ် ၂၅၀ မှာ ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။