စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း အချက်အလက်မမှန်နိုင်ကြောင်း လေ့လာသူတွေပြော
2024.10.11
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းမှုတွေနဲ့ ရွေးကောက်ပွဲ မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူနေပါတယ်။
ရရှိတဲ့အချက်အလက်တွေကို မကြာခင်ကျင်းပမဲ့ ရွေးကောက်ပွဲမှာ မဲစာရင်း မှန်ကန်ရေးအတွက် အသုံးပြုသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမဲ့ ဒီရလဒ်ဟာ မှန်ကန်တိကျမှု ရမှာမဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
“လက်ရှိအခြေအနေဟာ သဘာဝမကျသလို မှန်ကန်တဲ့စာရင်း ရလာမှာမဟုတ်ပါဘူး”
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP - Myanmar) ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် မြို့နယ်ပေါင်း ၂၃၃ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ဒါ့အပြင် ပြည်ပထွက်ခွာသူ၊ လက်နက်ကိုင် တိုက်ပွဲဝင်နေသူတွေနဲ့ ထောင်ကျခံနေရသူတွေ အများအပြားရှိတာကြောင့် သန်းခေါင်စာရင်း ကောက်ယူရာမှာ စာရင်းအမှန် ရမှာမဟုတ်ဘူးလို့ ဆိုကြတာပါ။
သန်းခေါင်စာရင်း ကောက်ယူမှုကို စောင့်ကြည့်လေ့လာနေတဲ့ ဒေါက်တာစန်းအောင်ကတော့ လက်ရှိအခြေအနေဟာ သဘာဝမကျသလို မှန်ကန်တဲ့စာရင်း ရလာမှာမဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
“တိုင်းပြည်က ပြည်တွင်းစစ် ဖြစ်နေတာ။ လူတွေ အကုန်လုံးက ပြေးလွှားပြီးတော့ ပုန်းခိုနေရတယ်။ တချို့တွေက တောထဲ ရောက်နေတယ်။ တချို့တွေက နယ်စပ် ရောက်နေတယ်။ တချို့တွေကလည်း အမှန် မပြောရဲကြဘူး။ ဒီလိုအခြေအနေမျိုးမှာ သန်းခေါင်စာရင်း ကောက်တာက အချိန်အခါ မဟုတ်ဘူးပေါ့နော်။ ဒီစာရင်းက ဘယ်လိုလုပ်မှန်မှာလဲ။ တကယ်တမ်းကျတော့။ သန်းခေါင်စာရင်း ကောက်တယ်ဆိုတာက တိုင်းပြည်အေးချမ်းတဲ့အခါမျိုးမှာ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးမှာ ကောက်ရမှာ”
နိုင်ငံတစ်ဝန်း ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းနီးပါးက ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်ကို စာရင်းကောက်ကွက် တစ်သိန်းကျော်နဲ့ သန်းခေါင်စာရင်းကောက်ယူသူ အင်အား လေးသောင်းခန့်ကို အသုံးပြု ကောက်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
ဆက်နွှယ်သောသတင်းများ
မဲစာရင်းအမှန်ရဖို့ သန်းခေါင်စာရင်းရလဒ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင် ပြော
စစ်ကောင်စီ လုံခြုံရေးတင်းကျပ်ပြီး သန်းခေါင်စာရင်း စတင်ကောက်ယူ
စစ်ကောင်စီသန်းခေါင်စာရင်း မြို့နယ်အချို့မှာ ဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့ ကြုံနေရ
၂၀၁၄ ခုနှစ်က ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုအကြာ လက်ရှိ အာဏာသိမ်းထားတဲ့ ၂၀၂၄ ခုနှစ်မှာ ထပ်မံကောက်ယူနေတာပါ။
“ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ အများဆုံးပါဝင်ပြီး လွတ်လပ်မှု မရှိပါဘူး”
၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာတော့ နယ်မြေမအေးချမ်းတဲ့ ဒေသတချို့ကိုပဲ စာရင်းမကောက်နိုင်ခဲ့ပြီး ၉၈ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ အချက်အလက် အမှားတွေကို ကောက်ယူနေတာလို့ သုံးသပ်ပါတယ်။
“သန်းခေါင်စာရင်း ကောက်ယူတာက မဲစာရင်းအတွက် ပြီးပြည့်စုံတယ်လို့ ထင်နေတဲ့ စစ်ကောင်စီခေါင်းဆောင်က သူ့ဥပဒေကို သေသေချာချာ မသိတာ။ အတုအယောင် ရွေးကောက်ပွဲဆိုတာ ပြောစရာကို မရှိဘူးဗျ။ ဒီမိုကရေစီကို အခြေခံတဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပမယ်ဆိုရင် ဒီမိုကရေစီနိုင်ငံ ဘယ်လောက် ဖြစ်နေပြီလဲဆိုတာ အရမ်း အရေးကြီးတယ်။ ဘယ်လောက်အထိ ကျင့်သုံးနေပြီလဲဆိုတာ အရမ်း အရေးကြီးတယ်။ ရာနဲ့ထောင်နဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ထဲမှာ ထည့်ထားပြီးတော့ ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ခု ကျင်းပမယ်ဆိုတာက အင်မတန်မှ ရယ်စရာ ကောင်းတယ်လို့ ကျွန်တော် ပြောချင်တယ်”
သန်းခေါင်စာရင်း ကောက်ယူရမှာ ပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးကတော့ ပြည်သူတွေအနေနဲ့ အချက်အလက်အတိအကျ ဖြေကြားတာမျိုးမရှိသလို သန်းခေါင်စာရင်း ကောက်ယူမှုအပေါ်လည်း မကြိုဆိုဘူးလို့ RFA ကို ပြောပါတယ်။
“လူတိုင်းနီးပါးက မဖြေချင်ကြဘူး။ တချို့ဆို တမင်လွှဲပြီး ဖြေကြတယ်ပေါ့နော်။ ကျွန်မတို့လည်းသိပေမဲ့ အပြစ်မတင်ပါဘူး။ မေးခွန်းတွေက စိတ်ရှုပ်စရာ ကောင်းတာကိုး။ ဒီမေးခွန်းတွေ ဖြေပြီးရင် သူတို့ကို ဖမ်းမှာလား။ ဘာလုပ်မှာလဲ တွေးကြတယ် ထင်တယ်။ အများစုက အချက်အလက်တွေအကုန် လွှဲပြီးဖြေကြတယ်။ တစ်ရာမှာ ကိုးဆယ်လောက်က အချက်အလက် အမှန်မပေးကြဘူး”
ပြည်ကြီးတံခွန် မြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကလည်း ဖြေရတဲ့မေးခွန်းတွေဟာ ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ အများဆုံးပါဝင်ပြီး လွတ်လပ်မှု မရှိဘူးလို့ RFA ကို ပြောပါတယ်။
“အခုဟာက လူတစ်ယောက်ရဲ့ ဘဝကို ခရေစေ့တွင်းကျ လိုက်မေးတဲ့ သန်းခေါင်စာရင်း ဖြစ်နေတယ်။ အတွင်းရေးကအစ သူတို့ကို ဖော်ပြပေးရမဲ့ပုံစံဖြစ်နေတယ်။ အဲဒီတော့ လူတစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ချပြရမဲ့ပုံစံ။ သန်းခေါင်စာရင်းကောက်တာ အဲဒီလို မဟုတ်ဘူးလေ။ အမျိုးသားက ဘာလုပ်တယ်။ အမျိုးသမီးက ဘာလုပ်တယ်။ သူတို့က အသက် ဘယ်လောက်ရှိပြီလဲဆိုတာ သန်းခေါင်စာရင်း ကောက်တာလေ။ မဲစနစ်မှာ ဒါမျိုး မလာခဲ့ဖူးဘူး။ အိမ်သာတောင် ဘိုထိုင်လား ဗမာထိုင်လား မေးတဲ့အဖွဲ့အစည်း ဖြစ်နေတယ်”
စစ်ကောင်စီကတော့ နိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်တဲ့ လုပ်ငန်းစဥ်တွေမှာ တိကျမှန်ကန်တဲ့ ကိန်းဂဏန်းတွေရရှိဖို့ လိုအပ်တာကြောင့် သန်းခေါင်စာရင်း ကောက်ယူတာဖြစ်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ကိုယ်ရေးအချက်အလက် အသေးစိတ်ကို ကောက်ယူနေတာကြောင့် သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“အိမ်သာကအစ ရေလောင်းအိမ်သာလား၊ ဘယ်လိုလဲ။ အိမ်မှာ ဘာဆန်စားလဲ။ အခန်း ဘယ်နှခန်းရှိလဲ။ နိုင်ငံခြား ထွက်နေတဲ့သူရှိလားလို့ မေးတယ်။ ဦး သားနှစ်ယောက်က စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြား လွှတ်ထားရတော့ ဒါကိုလည်း မေးသွားတယ်။ စစ်ကောင်စီကိုမယုံလို့ အမှန်မဖြေဘဲ အကုန်လုံးကိုတော့ လွှဲပြီးဖြေလိုက်တယ်”
၂၀၁၃ ခုနှစ် သန်းခေါင်စာရင်းဥပဒေမှာတော့ သန်းခေါင်စာရင်းက ကောက်ယူရရှိတဲ့ အချက်အလက်တွေကို အရေးယူတဲ့ကိစ္စတွေ အပါအဝင် အခြားနေရာတွေမှာ အသုံးပြုခွင့်မရှိဘူးလို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
စစ်ကောင်စီကလည်း သန်းခေါင်စာရင်း ကောက်ယူရာကနေ သိရတဲ့အချက်အလက်တွေကို အရေးယူဖမ်းဆီးတာတွေ လုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ပြောဆိုထားပေမဲ့ ပြည်သူတွေကတော့ အယုံအကြည် မရှိဘူးလို့ တုံ့ပြန်ကြပါတယ်။
၂၀၁၄ ခုနှစ်က ကောက်ယူတဲ့ သန်းခေါင်စာရင်းမှာ မေးခွန်း ၄၁ ခုသာပါပေမဲ့ အခုကောက်ယူတဲ့ သန်းခေါင်စာရင်းကို အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း (၆၈) ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း (၁၈) တို့ကို မေးမြန်း ကောက်ယူနေတာ ဖြစ်ပါတယ်။