ဗိုလ်ချုပ်မှူးကြီး အရပ်ဖက်အုပ်ချုပ်ရေးကို ပြောင်းတော့မလား


2019.10.11
minaunghlaing-622.jpg တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၂၀ သင်တန်းဆင်းပွဲမှာ တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး - VK

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ အရပ်ဖက်အုပ်ချုပ်ရေးပိုင်းကို ပြောင်းဖွယ်ရှိတယ်ဆိုတဲ့ ယူဆသူ အများအပြား ရှိနေပါတယ်။

၂၀၁၆ မှာ  အသက် ၆၀ ပြည့်သွားပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အငြိမ်းစားယူဖို့ အစီအစဉ် မရှိသေးကြောင်း အဲဒီတုန်းက သတင်းမီဒီယာတွေကို တရားဝင် ထုတ်ပြောခဲ့ပါတယ်။

တာဝန် ဆက်လက်ထမ်းဆောင်မယ့် သက်တမ်းကို ငါးနှစ်တိုးခဲ့ရာမှာ အခုဆိုရင် သက်တမ်းတိုးတာ   သုံးနှစ်ကျော်ကာလ ရောက်ရှိလာပါပြီ။

ဒီအစိုးရသက်တမ်းကုန်ရင် ကာကွယ်ရေးဦးစီးချုပ်လည်း တပ်မတော်ကနေ အငြိမ်းစားယူနိုင်ဖွယ်ရှိပြီး အရပ်ဖက် အုပ်ချုပ်ရေးပိုင်းကို ပြောင်းလာနိုင်တယ်ဆိုတဲ့ ယူဆပြောဆိုချက်တွေက ထပ်မံထွက်ပေါ် လာနေပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဗိုလ်ချုပ်မှူးကြီး တပ်ကနေ အနားယူတဲ့အခါ နိုင်ငံ့တာဝန်ကို တစ်နေရာမဟုတ် တစ်နေရာမှာ ထမ်းဆောင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အနေနဲ့လည်း အနေအထား၊ အခြေအနေပေါ် မူတည်ပြီးမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ပြီးဆုံးတဲ့ အခြေအနေမျိုးမှာ ဆိုလို့ရှိရင်လည်း တစ်နေရာမဟုတ် တစ်နေရာတော့ နိုင်ငံတာဝန်တွေကို သူစွမ်းဆောင်နိုင်သမျှ၊ စွမ်းဆောင်နိုင်လိမ့်မယ်လို့တော့ ယုံကြည်ပါတယ်”

ဗိုလ်ချုပ်မှူးကြီးက သူတာဝန်ထမ်းခွင့် သက်တမ်းတိုးမှုဟာ ၁၉၇၃ ခုနှစ်က ထုတ်ပြန်ထားခဲ့တဲ့ ကာကွယ်ရေးဌာန ကောင်စီအမိန့်အရ ဆောင်ရွက်တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ကောင်စီအမိန့်ဟာ လက်ရှိအချိန်အထိ အတည်ဖြစ်နေသေးပြီး အဲဒီအမိန့်အရ ပြန်တမ်းဝင် အရာရှိအဖြစ် တာဝန်ပေးအပ်ခံရသူဟာ စစ်ဘက်ဆိုင်ရာ ဆက်လက်အမှုထမ်းဖို့အတွက် လိုအပ်တဲ့ကာလ တလျှောက်လုံး စစ်မှုထမ်းရမယ်လို့ ဖော်ပြထားကြောင်းနဲ့ ဒါဟာအသက်အကန့်အသတ်မရှိတဲ့ သဘောဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ပြောခဲ့ပါတယ်။

သူ့အရင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာလည်း သူရဲ့ကာကွယ်ရေး ဦးစီးချုပ်သက်တမ်း အနှစ် ၂၀ နီးပါးလုံးကို သက်တမ်းတိုးခဲ့တာပါ။ ကာကွယ်ရေးဌာန ကောင်စီအမိန့်အရဘဲ ဆောင်ရွက်ခဲ့တာလို့ ယူဆသူတွေ ရှိပါတယ်။

လက်ရှိအချိန်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အရပ်ဖက်အုပ်ချုပ်ရေးကို ပြောင်းရမလားဆိုပြီး စမ်းသပ်နေ ချိန်ဖြစ်တယ်၊ ပြောင်းမယ်ဆိုရင်လည်း သူရည်မှန်းတဲ့ရာထူးက သမ္မတရာထူး ဖြစ်လိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

တပ်က ကျောထောက်နောက်ခံပြုခဲ့ပြီး တပ်ခေါင်းဆောင်တွေ ထိပ်တန်းနေရာယူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်တွေက ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွှတ်တော်မှာ  ၂၅ ရာခိုင်နှုန်းကျော် နေရာရခဲ့ရင်တော့ ဒီသုံးသပ်မှုအတိုင်း သူသမ္မတ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအင်အားစုနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အင်အားစုတို့ ပူးပေါင်းရွေးချယ်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သမ္မတရာထူး ရသွားနိုင်ပါတယ်။

လူထုထောက်ခံမှုများတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ NLD မဲ အပြတ်အသတ် အနိုင်ရဦးမယ်ဆိုရင်တော့  ဗိုလ်ချုပ်မှူးကြီးက ဒုသမ္မတရ ာထူးအထိပဲ ရနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်

“လာမယ့် ၂၀၂၀ မှာ NLD က အစိုးရဖွဲ့နိုင်မယ့် အနေအထားမျိုး မရှိဘူးဆိုရင်တော့၊ သူက အများဆုံးရနိုင်တဲ့ နေရာထက် ကျော်လွန်ပြီးတော့ သူက တာဝန်ရနိုင်စရာရှိတယ်။ သူသည် တော်တော်လေး တာဝန်ကြီးတဲ့ နေရာမျိုး ရနိုင်လောက်တယ်။ ဘယ်လောက်ရမယ် ပြုမယ်မျိုး မပြောလိုဘူး။ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီးလို အတွေ့အကြုံရှိတယ်။ စစ်ရေးအရကော၊ နိုင်ငံရေးအရကော တစ်စုံတစ်ရာ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ တိုင်းပြည်အတွက် အလုပ်လုပ်တာ ဘယ်နိုင်ငံရေးသမားဖြစ်ဖြစ် ကြိုဆိုကြမှာပါပဲ”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနဲ့ ဒုသမ္မတတွေဟာ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေဖြစ်ဖို့ မလိုပါဘူး။ ဒါကြောင့် ကာ ကွယ်ရေးဦးစီးချုပ်ဟာ ရွေးကောက်ပွဲကနေ  အရပ်ဖက်အုပ်ချုပ်ရေးကို ကူးပြောင်းဖို့ထက် တပ်မတော်သား အစုအဖွဲ့ကတင်သွင်းတဲ့ ဒုသမ္မတကနေတဆင့် နိုင်ငံရေးလောကထဲ ရောက်လာဖို့က များတယ်လို့ ပြောကြပါတယ်။

ဒုသမ္မတ ၃ ဦးထဲကနေ သမ္မတအဖြစ် အရွေးခံရဖို့ သူ့အနေနဲ့ဆောင်ရွက်ဖို့လိုတဲ့ အချက်တွေကို တပ်မတော် အငြိမ်းစား အရာရှိတစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်မျိုးပြောတာက

“တိုင်းရင်းသားတွေရဲ့အမြင် တပ်မတော်ပေါ်မှာ ပြောင်းလဲနိုင်အောင် စွမ်းဆောင်နိုင်မယ့်အပေါ်မှာ မူတည်တယ်။ ကြံ့ခိုင်ရေးကို သွားအားကိုးဖို့တော့ မလွယ်ဘူး။ ကြံ့ခိုင်ရေးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသန်းဌေးက စစ်တက္ကသိုလ် အပတ်စဉ် ၁၈ က၊ ပြီးတော့ သူက ၁၉ က ကြံ့ခိုင်ရေးမှာလည်း သူထက် စီနီယာကျတဲ့ ဗိုလ်ချုပ်ကြီးတွေ ရှိနေတယ်။ သမ္မတဖြစ်ချင်ရင် လွယ်လွယ်လေး၊ တိုင်းရင်းသားတွေရဲ့အမြင် ပြောင်းလဲအောင် သူလုပ်နိုင်မလား။ ဘာက ခက်လဲဆိုရင် ပထမလူတွေချမှတ်ထားတဲ့ ဒို့တာဝန်အရေးသုံးပါးထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ဒို့အရေးလို့ ပြောပြီးတော့ လက်တွေ့မှာ တိုင်းရင်းသားတွေ ဘာသာခြားဇနီးကို ယူထားတဲ့ အရာရှိတွေကိုတောင်မှ အဆင့်တိုးမြှင့်ရေးကို လက်မခံဘဲနဲ့ လုပ်ခဲ့တာတွေ၊ တိုင်းရင်းသားတွေရဲ့ တပ်ရင်းတွေ အမည်တွေကို ဖျောက်ခဲ့တဲ့ဟာတွေ ဒါတွေကို သူကနေပြီးတော့ ပြန်ပြီးအဖက်ဆယ်ရမယ်”

အငြိမ်းစားဗိုလ်မှူး ဒေါက်တာအောင်မျိုးအငြိမ်းစားဗိုလ်မှူး ဒေါက်တာအောင်မျိုးဟာ တပ်မတော်မှာ အနှစ် ၂၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။

ကာကွယ်ရေးဦးစီးချုပ်သာ ၂၀၂၀ ရွေးကောက်ပွဲအလွန် သမ္မတဖြစ်လာမယ်ဆိုရင် တပ်မတော်နဲ့ အစိုးရ တစ်သား တည်းဖြစ်ပြီး အုပ်ချုပ်ရေးယန္တရား ပိုကောင်းလာနိုင်စရာရှိတယ်ဆိုတဲ့ အမြင်တွေရှိသလို တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုအပိုင်းတွေဟာ ပိုဝေးသွားနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေကလည်း ရှိနေပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ကာကွယ်ရေးဦးစီးချုပ် သမ္မတဖြစ်လာတဲ့အခါ ကြုံတွေ့နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေတွေအပေါ် အခုလို သုံးသပ်ပါတယ်။နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတတက်လုပ်မယ်ဆိုရင် ဗမာပြည်မှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု အလားအလာနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုက တော်တော်လေး အားနည်းသွားနိုင်တယ်။ နောက်တစ်ခုက ဗမာပြည်စီးပွားရေး နလန်ထဖို့အတွက်က တော်တော်လေး အရေးကြီးနေတယ်။ လူထုက တော်တော်အနေ အစား ကြပ်နေတယ်။ အခု ကျနော်တို့ နိုင်ငံတကာက အဓိက စွဲချက်တင်ပြီးတော့ အရေးယူဖို့ ကြိုးစားနေတာ ဗိုလ်ချုပ်မှူးကြီး အပါအဝင် တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင် ခြောက်ဦး၊ အဲ့တော့ သူတို့တစ်တွေ အဲ့နေရာ ရလာလို့ရှိရင် ဗမာပြည်ကို စီးပွားရေးအရ အကူအညီပေးမယ့် အကူအညီတွေ ရပ်ဆိုင်းသွား လိမ့်မယ်ထင်တယ်”

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ၂၀၀၄ ခုနှစ် တိုင်းမှူးဘဝကတည်းက အရပ်ဖက်လုပ်ငန်း ဆောင်ရွက်ဖူးခဲ့တဲ့ အတွေ့အကြုံရှိတယ်လို့ RFA ကို ပြောပါတယ်။

“၂၀၀၄ ခုနှစ်ထဲကစပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းမှူးပေါ့၊ အဲဒီတုန်းကတော့ သူက ပရက လည်းကိုင်ရတော့ ပြည်နယ်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ တိုင်းအေးချမ်းသာယာရေးတပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနဲ့ ဖွံ့ဖြိုးရေးကောင်စီတို့ ကိုင်ရတော့ ၂၀၀၄ ခုနှစ်ကစပြီး တိုင်းတစ်တိုင်း ဒါမှမဟုတ် ပြည်နယ် တစ်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍပေါင်းစုံ ဦးဆောင်ခဲ့ရတဲ့ အတွေ့အကြုံရှိပါတယ်။ ဒီအတွေ့အကြုံတွေပေါ် တိုင်းပြည်ကောင်းရာ ကောင်းကျိုးအတွက် ဆက်လက်ဆောင်ရွက်သွားနိုင်ပါတယ်ခင်ဗျ”

တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ကြားရတဲ့ သတင်းတွေအရ ကာကွယ်ရေးဦးစီးချုပ်ဟာ လာမယ့် ၂၀၂၂ မှာ သက်တမ်းပြည့်မယ်လို့ သိရပါတယ်။

သူ့အနေနဲ့  သက်တမ်းဆက်တိုးမယ်ဆိုရင် နိုင်ငံတော်သမ္မတထံ တင်ပြရမှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။