တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေ အရေး


2020.02.25

ထိုင်းနိုင်ငံမှာ စစ်တပ်အရာရှိတစ်ဦးနဲ့ အခြားအဆင့်တစ်ဦးတို့  ပုဂ္ဂိုလ်ရေးအကျိုးစီးပွား ပဋိပက္ခကြောင့် အရာရှိဖြစ်သူကို တပ်ကြပ်ကပစ်သတ်ပြီး မဆိုင်တွေကိုပါ ပစ်ခဲ့တဲ့အတွက် လူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်တပ်ကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က သုံးသပ်ပြီး တပ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းလိုက်ပါတယ်။

စစ်တပ်က မကြာခဏ အာဏာသိမ်းလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်း စစ်တပ်ဟာ တခြား အရပ်ဘက် ဝန်ထမ်းတွေထက်အခွင့်အလမ်း ပိုပိုသာသာရှိနေပါတယ်။ စစ်တပ်ကလုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့်ပါ။ ဒါပေမဲ့ တပ်ထဲမှာတော့ ဒီစီးပွားရေး လုပ်ငန်းတွေကြောင့် ပြဿနာတွေရှိနေတာကို မြင်တွေ့နေရပါတယ်။  ထိုင်းစစ်တပ်အတွင်း ရာထူးကြီးသူနဲ့ ရာထူးငယ်သူတွေကြား စီးပွားရေးနဲ့ပတ်သက်ပြီး ပြဿနာတွေ အများကြီးရှိနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလ ၈ ရက်နေ့ညက ဘန်ကောက်မြို့မှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းတွင်တဲ့ ပစ်ခတ်မှုဟာ တပ်တွင်း စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေပါတယ်။ ထိုင်းကာကွယ်ရေးဦးစီးချုပ် အပီရတ်ခွန်ဆမ်ပွန်ကတော့... အရာရှိတစ်ယောက်ရဲ့ ငွေအလွဲသုံးစားလုပ်တာ ခံရတဲ့ တပ်ကြပ်က လူတွေကိုပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်ကိုအပြစ်မတင်ပါနဲ့၊ ပစ်တဲ့ စစ်သားကိုလည်း အပြစ်မတင်ပါနဲ့၊ ကျနော်ကိုသာ အပြစ်တင်ပါ။ ဝေဖန်တာတွေအားလုံး ကျနော်လက်ခံပါတယ်၊ ကျနော့်ကိုသာ အပြစ်တင်ကြပါ။ ကျနော်ဟာ တပ်ကိုခေါင်းဆောင်သူ ဖြစ်နေလို့ပါ" ... ဆိုပြီး ထိုင်းကာကွယ်ရေးဦးစီးချုပ်က မျက်ရည်လယ်ရွဲနဲ့ ပြောသွားပါတယ်။

ထိုင်းစစ်တပ်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့စစ်တပ် ဖြစ်စေရပါမယ်လို့လည်း ကတိပြုသွားပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ထိုင်းစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်း ထိုင်းစစ်တပ်က ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးလိုက်တဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၄ဝ ကျော် ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က စီးပွားရေးစတင်လုပ်တာဟာ ၁၉၉ဝ ပြည့်နှစ်လောက်က ဖြစ်ပြီး  ဦးပိုင်ကုမ္ပဏီကို ပထမဆုံး တည်ထောင်ခဲ့တာပါ။ အခုဆိုလုပ်ငန်းပေါင်း ၁၂ဝ ကျော်ရှိတယ် ဆိုတဲ့သတင်းတွေ ထွက်နေပေမဲ့ အတိအကျ ထုတ်ဖော်ကြေညာတာတော့ မရှိပါဘူး။  

ဦးပိုင်တည်ထောင်ပြီး ၇ နှစ်အကြာမှာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆိုတာကို တပ်မတော်က တည်ထောင်ပါတယ်။ MEC အောက်မှာ လုပ်ငန်းအများစုဟာ ကုန်ထုတ်လုပ်ရေးစက်ရုံတွေဖြစ်ပြီး စက်ရုံပေါင်း ၂ဝလောက်ပါတယ်လို့ MEC ရဲ့ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၅ ရက်နေ့ကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) က ထုတ်ပြန်တဲ့ မြန်မာ့တပ်မတော်အကျိုးစီးပွား အစီရင်ခံစာမှာ... တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်တွင်းမှာ ဖက်စပ်လုပ်ကိုင်တဲ့ နိုင်ငံခြားကုမ္ပဏီ ၁၅ ခု၊ တခြားသော စီးပွားရေး ဆက်ဆံမှုတွေ ပြုလုပ်တဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုလောက် ရှိပြီး၊ စုစုပေါင်း ကုမ္ပဏီ ၅၉ ခုလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီကုမ္ပဏီတွေနဲ့ အလုပ်မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

အလားတူ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကပါ... စစ်တပ်ဟာ စီးပွားရေးလုပ်ငန်းက ရတဲ့ငွေတွေနဲ့ လက်နက်တွေဝယ်ယူတယ်ဆိုပြီး စွပ်စွဲတာတွေလည်း ရှိနေပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက... တပ်မတော်က စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာဟာ တပ်ရဲ့သက်သာချောင်ချိရေးအတွက် ဖြစ်ပြီး၊ ဒီငွေတွေနဲ့ လက်နက်ခဲယမ်းဝယ်တာ မရှိဘူးလို့ ပြောပါတယ်။ ဒီလုပ်ငန်းတွေဟာ တရားဝင်ကုမ္ပဏီတွေ ဖြစ်တဲ့အတွက် ဒီကုမ္ပဏီတွေရဲ့ ကုန်ထုတ်လုပ်မှု စာရင်းဇယားတွေ၊ ခွဲဝေသုံးစွဲမှုတွေကို အချိန်မရွေးစစ်ဆေးနိုင်တယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်က အချိန်မရွေး စစ်ဆေးနိုင်တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်းမှာတော့ တပ်မတော်ကို စစ်ဆေးအရေးယူခွင့် မရှိပါဘူးလို့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသုတေသီ ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်ကို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ပေးရမှာ ဖြစ်ပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေအရ  ဒီအခွင့်အရေးကို ပေးမထားသလို၊ တပ်မတော်ကို အကာအကွယ်ပေးဖို့သာ ရေးဆွဲထားတယ်လို့ ဦးတင်မောင်သန်းက ပြောပါတယ်။ တပ်မတော်ဟာ ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲထားတဲ့အတွက် ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ မေးမြန်းချက်တွေကို တာဝန်ခံဖြေကြားဖို့၊ ပွင့်လင်းမြင်သာမှုရှိရှိ တင်ပြရမယ့် တာဝန်ရှိပေမယ့် ဒီတာဝန်ပိုင်းကို တပ်မတော်ဘက် ကာထားတယ်လို့လည်း ဦးတင်မောင်သန်းက ပြောပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နစ်ကေးသတင်းစာ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားချက်အရ... ဦးပိုင်ဟာ မြန်မာနိုင်ငံမှာ စျေးကွက်နဲ့လုပ်ငန်းပိုင်းမှာ ပြိုင်မဲ့သူမရှိသလောက် လုပ်ငန်းနယ်ပယ်စုံမှာ လွှမ်းမိုးထားနိုင်တယ်လို့ ဝေဖန်ပါတယ်။  ဦးပိုင်ရဲ့ အကျိုးအမြတ်တွေကို စစ်ဗိုလ်ချုပ်တွေက ချုပ်ကိုင်ထားသလို တပ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ ခရိုနီတွေဟာလည်း ဦးပိုင်နဲ့ စီးပွားရေးလုပ်ပြီး အကျိုးအမြတ်တွေ ရနေကြတယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ကြားရတယ်လို့ ဆောင်းပါးမှာ ရေးသားထားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ထိုင်းတပ်မတော်လို အပြောင်းအလဲလုပ်ဖို့ စီစဥ်လာနိုင်ပါသလား ဆိုတဲ့အပေါ် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသုတေသီ ဒေါက်တာတင်မောင်သန်းကို  RFA  က မေးမြန်းရာမှာတော့... မြန်မာ့တပ်မတော်အနေနဲ့ အကြပ်အတည်းတစ်ခု ကြုံလာတဲ့အခါမှသာ အပြောင်းအလဲရှိလာဖို့ မျှော်လင့်နိုင်မယ်လို့ ဒေါက်တာတင်မောင်သန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့အတွက် လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်တဲ့နည်းနဲ့ ကြိုးပမ်းနေပေမယ့်၊ လက်ရှိ တပ်မတော်ဘက်က တုံ့ပြန်ပုံ တုံ့ပြန်နည်းတွေကို လေ့လာမယ်ဆိုရင် ဒီလမ်းကြောင်းကို တပ်မတော်က လိုက်ချင်တဲ့ပုံ မရှိသေးဘူးလို့လည်း ဒေါက်တာတင်မောင်သန်းက မှတ်ချက်ချပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။