စစ်မှုထမ်းဥပဒေနှင့် နောက်ဆက်တွဲ အဂတိလိုက်စားမှုများ
2024.04.25
အာဏာသိမ်း မြန်မာစစ်ကောင်စီက အရွယ်ရောက်သူတွေ စစ်မှုမထမ်းမနေမရ ဥပဒေကို ကျင့်သုံးတော့မယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာပြီးနောက်ပိုင်း ဖေဖော်ဝါရီလကုန်နဲ့ မတ်လဆန်းကစပြီး စစ်မှုမထမ်းမနေရ ဥပဒေ အကောင်အထည်ဖော်ဖို့အတွက် ဥပဒေနဲ့အကျုံးဝင်သူတွေကို အမည်စာရင်းကောက်ယူတာ၊ ပြည်သူ့စစ်ဖွဲ့ဖို့ အတင်းအကျပ် ခေါ်ယူတာတွေ ရှိလာပါတယ်။
စစ်ကောင်စီ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေက နေရာဒေသအလိုက် စာရင်းကောက်ယူရာမှာ စစ်မှုထမ်းအလုပ်ကို ရှောင်ရှားချင်သူတွေ၊ အတင်းအကျပ်ဖိအားပေးခိုင်းစေခံရသူတွေက လာဘ်ငွေပေးပြီး စစ်မှုမထမ်းရအောင် ရှောင်ရှားဖို့ ကြိုးစားလာတာတွေနဲ့အတူ အဂတိလိုက်စားမှုတွေလည်း ဖြစ်ပေါ်လာပါတယ်။
ဒီအဖြစ်အပျက်တွေဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပြင် နယ်မြို့တွေမှာပါ ပုံစံအမျိုးမျိုးနဲ့ ရှိလာတယ်လို့ RFA က စုံစမ်းချက်တွေအရ သိရပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေရဲ့ လုံခြုံရေးနဲ့ ဒီအဂတိလိုက်စားမှုတွေက လူအများစုအတွက် ထွက်ပေါက်တစ်ခုလို ဖြစ်နေတဲ့အတွက် တရားဝင်လူသိရှင်ကြား ထုတ်ဖော်ပြောဖို့ ဆန္ဒမရှိကြပါဘူး။
“ရသလောက် လိုက်ချေးပြီး သိန်း ၅၀ ပြည့်တော့ သွားပေးတဲ့အခါ သိန်း ၅၀ မရဘူး။ နောက်ထပ် သိန်း ၃၀ ထပ်ပေးရမယ်ဆိုပြီး သိန်း ၅၀ ယူပြီး ပြန်လွှတ်လိုက်တယ်။ အဲဒီမှာ ဒီကလေးက သူ့အမေကို သနားလာတယ်၊ သူ့အမေကလဲ သိန်း ၃၀ ထပ်ရှာတယ်။ ထပ်ရှာနေချိန်မှာပဲ အဲဒီကလေးက သူ့ကိုယ်သူ သတ်သေသွားတယ်"
ပဲခူးတိုင်းအရှေ့ခြမ်းက ရွာတစ်ရွာမှာ အသက်အရွယ်ကြီးရင့်သူတွေကိုပါ ထည့်သွင်းစာရင်းကောက်ယူခဲ့တဲ့ အဖြစ်အပျက် ရှိခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ် ရွာသားတစ်ဦး မဲပေါက်ခဲ့လို့ မိသားစုနဲ့ ဆွေမျိုးမိတ်ဆွေတွေက အစားထိုးတာဝန်ယူမယ်လို့ ပြောခဲ့ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူးက လက်မခံဘဲ သူ့လူရင်းတွေကို အစားထိုးခဲ့ပါတယ်။ ပြီးမှ မဲပေါက်သူ ရှစ်ဦးထံက တစ်ဦးကို ၂၅ သိန်းတောင်းခံခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသူတစ်ဦးက ပြောပါတယ်။
“ဒီစစ်မှုထမ်းဥပဒေ ထွက်ခါစလေးမှာ လူတွေက သို့လောသို့လောပေါ့လေ ကျေးလက်ပိုင်းဆိုတော့လေ။ အဲဒီမှာ မဲနှိုက်တာ ၅၉ နှစ်က မဲပေါက်တာ။ သူက အုပ်ချုပ်ရေးမှူးနဲ့ရင်းနှီးတယ်ဆိုတော့ အဆင်ပြေမယ် အောက်မေ့လိုက်တာ နောက်ကျတော့ အုပ်ချုပ်ရေးမှူးက ကျုပ်ကို စာရင်းတောင်းနေပြီ စာရင်းပေးရတော့မယ် ဟိုဟာမဖြစ်ရင် အိမ်ချိတ်ပိတ်မှာဆိုတော့ အဲဒီလူက အဲဒါဆိုရင် ကျွန်တော်က ၅၉ နှစ် ဖြစ်နေတယ်။ ကျွန်တော့်ကိုယ်စား လိုက်ပေးမယ့်သူရှိတယ်။ လူငယ်ဆိုတော့ ပိုကောင်းတယ်ဆိုတော့ အုပ်ချုပ်ရေးမှူးက မရဘူးတဲ့၊ ကျွန်မတို့ မျက်မြင်ပေါ့နော်။ တပည့်တွေကို လုပ်ခိုင်းလိုက်မယ်ဆိုပြီး တစ်ယောက်ကို ၂၅ သိန်း တောင်းတယ်၊ အဲဒါရွာက မဲပေါက်တဲ့သူ ရှစ်ဦးက ၂၅ သိန်းစီပေးရတယ်”
စစ်မှုထမ်းဖို့ အသက်သတ်မှတ်ချက်က ၁၈ နှစ်ကနေ ၃၅ နှစ် ဖြစ်တာကြောင့် ငွေမပေးဖို့ အဲဒီရွာသားကို ပြောခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးရဲ့ ခြိမ်းခြောက်မှုကြောင့် ကြောက်လန့်ပြီး ငွေပေးခဲ့ရတယ်လို့ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးကို ငွေပေးလိုက်ရသူတွေထဲက တစ်ဦးရဲ့သားသမီးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ဒီအဖြစ်အပျက်ကို အွန်လိုင်းပေါ်တင် ဖြန့်ဝေလိုက်တဲ့အခါမှ တာဝန်ရှိသူတွေသိသွားပြီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုစစ်ဆေးပြီးနောက်ပိုင်း တစ်ဦးကို ၁၅ သိန်းစီပြန်ပေးခဲ့ပေမယ့် ငွေအကုန်ပြန်ပေးပါတယ်လို့ အုပ်ချုပ်ရေးမှူးက ပြောခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဒိုက်ဦးမြို့မှာလည်း လူငယ်တစ်ဦး စစ်မှုမထမ်းရဖို့အတွက် မိခင်ကို ကျပ် သိန်း ၅၀ တောင်းခဲ့ပြီး ငွေသားပေးတဲ့အချိန် ထပ်မံငွေတောင်းတဲ့အတွက် သားဖြစ်သူ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်လို့ အဲဒီရွာသားလူငယ်နဲ့ နီးစပ်သူကပြောပါတယ်။
“မုဆိုးမ သားအမိနှစ်ယောက်၊ သူ့သားက နာမည်စာရင်းပါတယ်ဆိုပြီး ဥက္ကဋ္ဌက လှမ်းပြောတယ်။ ပြောလိုက်တဲ့အခါ ရပ်ကွက်ရုံးက စစ်ဗိုလ်ကို သွားတောင်းပန်တယ်။ လင်ယောကျ်ားမရှိဘူး သားအမိနှစ်ယောက်တည်း နေရတာဖြစ်တော့ သူ့သားလေးကို စာရင်းမထည့်ပေးဖို့ ပြောပြီးတောင်းပန်တယ်။ အဲဒီတော့ သိန်း ၅၀ ပေးရင်ရတယ်ပြောတယ်။ ရသလောက် လိုက်ချေးပြီး သိန်း ၅၀ ပြည့်တော့ သွားပေးတဲ့အခါ သိန်း ၅၀ မရဘူး။ နောက်ထပ် သိန်း ၃၀ ထပ်ပေးရမယ်ဆိုပြီး သိန်း ၅၀ ယူပြီး ပြန်လွှတ်လိုက်တယ်၊ အဲဒီမှာ ဒီကလေးက သူ့အမေကို သနားလာတယ်၊ သူ့အမေကလဲ သိန်း ၃၀ ထပ်ရှာတယ်။ အဲဒီထပ်ရှာနေချိန်မှာပဲ အဲဒီကလေးက သူ့ကိုယ်သူ သတ်သေသွားတယ်”
စစ်မှုထမ်းအမိန့်ကြောင့် အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးနဲ့ ပေါ်ပေါက်လာတာ နယ်မြို့တွေမှာတင်မက ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာလည်း ရှိနေတယ်လို့ စုံစမ်းသိရပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်းက ရပ်ကွက်ကြီးတစ်ခုမှာဆိုရင်လည်း လုံခြုံရေးအရ အမည်နေရပ်မဖော်စေလိုတဲ့ အမျိုးသားတစ်ဦးဟာ စစ်မှုထမ်းဥပေဒနဲ့တစ်နှစ်သာ အကျုံးဝင်နေပြီး ဒီနှစ်စာရင်းမှာ သူ့အမည်မပါဖို့အတွက် ရပ်ကွက်အာဏာပိုင်တွေကို ငွေကြေးပေးခဲ့ရတယ်လို့ ပြောပါတယ်။
"ကျွန်တော်က အသက် ၃၄ နှစ်ဆိုတော့ တစ်နှစ်ညှိနေတယ်။ ထွက်လည်း မပြေးချင်ဘူး၊ စစ်ထဲလည်း မဝင်နိုင်ဘူး။ အဲဒီတော့ ကိုယ်နဲ့ နီးစပ်တဲ့ ရပ်ကွက်လူကြီးတွေကို ညှိပြီး ဒီနှစ်စာရင်းထဲက ထုတ်ပေးထားဖို့ အကူအညီတောင်းခဲ့ရတယ်။ အဲဒီအတွက် ၁၅ သိန်း ပေးရပါတယ်”
ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်က ရပ်ကွက်တစ်ခုမှာဆိုရင် စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တစ်ဦးကို စစ်မှုမထမ်းချင်ရင် ငွေပေးဖို့ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က တိုက်ရိုက်တောင်းခံတာမျိုးရှိတယ်လို့ စုံစမ်းသိရပါတယ်။
“အုပ်ချုပ်ရေးမှူးက လာပြောတယ်။ မင်း စာရင်းထဲမှာပါတယ် စစ်မှုမထမ်းချင်ရင် လူရှာထည့်ပေးလို့ရတယ်။ သိန်း ၃၀ ပေးရမယ်လို့ ပြောတယ်၊ အဲဒါနဲ့ ၃ဝ ပေးလိုက်ရတယ်။”
စစ်ကောင်စီရဲ့အတင်းအကျပ် တပ်သားစုဆောင်းမှုတွေနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီအတွက် တပ်သားစုဆောင်းသူတွေကို ပစ်ခတ်အရေးယူမယ်ဆိုတဲ့ ကြေညာချက်တွေလည်း ပေါ်လာခဲ့ပါတယ်။
အဲဒီလိုကြေညာပြီးနောက်ပိုင်း မတ်လ ၂၆ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်မှုထမ်းစာရင်းကောက်ယူသူ၊ ဟောပြောစည်းရုံးသူ အနည်းဆုံး ၁၉ ဦး သတ်ဖြတ်ခံခဲ့ရ ပါတယ်။ အသတ်ခံရသူတွေဟာ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူးတွေ ဖြစ်ပါတယ်။
ဒီလို နှစ်ဖက်က ခြိမ်းခြောက်ဖိအားပေးတာတွေရှိလာတာနဲ့အမျှ တချို့ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အစစ်အမှန်မိသားစုတွေဆီက တပ်သားမကောက်ခံတော့ဘဲ နီးစပ်ရာလူကို ငွေကြေးပေး အစားထိုးလွှတ်တာမျိုးလည်း ရှိလာပါတယ်။ ဒီလို အစားထိုးလိုက်ရတဲ့သူရဲ့ မိသားစုတွေကို ရပ်ကွက်လူကြီးဦးဆောင်မှုနဲ့ ကျန်တဲ့ ဒေသခံတွေက ငွေကြေးထည့်ပေးရတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းက နောက်ထပ်ရပ်ကွက်ကြီးတစ်ခုမှာဆိုရင်လည်း ဒေသဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှာလည်း ကြောက်ရ၊ ရပ်ကွက်နေ ပြည်သူတွေရဲ့အမုန်းကိုလည်း ကြောက်ရ၊ စစ်ကောင်စီရဲ့ အမိန့် အာဏာကိုလည်း ကြောက်ရတဲ့အတွက် ရပ်ကွက်မှာ ကျူးကျော်အဖြစ် တရားဝင်နေခွင့်မရတဲ့ မိသားစုတွေဆီက လူငယ်တွေကို ငွေကြေးနဲ့အာဏာသုံးပြီး တပ်ထဲ စာရင်းပေး စေလွှတ်တာမျိုးလည်း ရှိခဲ့တယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျွန်တော်တို့ ရပ်ကွက်မှာကျ တစ်အိမ်တစ်ယောက် လာမကောက်ဘူး။ တစ်ရပ်ကွက် နှစ်ယောက်နှုန်းဆိုတော့ လူ နှစ်ယောက်ကို နေစရာမရှိတဲ့ ကျူးကျော်မိသားစုတွေဆီက နှစ်ယောက်ကို ငွေနဲ့ ခေါ်ပြီး ထည့်ပေးလိုက်တယ်။ ရပ်ကွက်လူထုက ငွေဝိုင်းထည့်ပြီး ကျန်တဲ့ မိသားစုတွေ ထောက်ပံ့ပေးကြရတာပေါ့”
ဒီလိုအခြေအနေတွေကြောင့် လူစားထိုးတဲ့ လုပ်ငန်းစဉ် အသစ်တစ်ခုပေါ်လာတဲ့အတွက် လူစားထိုးတွေအတွက် ငွေကြေးတောင်းတာတွေ၊ ကောက်ခံတာတွေနဲ့ နောက်ဆက်တွဲ အဂတိလိုက်စားမှုတွေ ပေါ်လာပြန်ပါတယ်။
စစ်မှုမထမ်းလိုတဲ့အတွက် လူစားထိုးဖို့ ငွေကြေးတောင်းခံတာမျိုးတွေအပြင် စစ်မှုထမ်းမယ့်သူတွေရဲ့ ကျန်ခဲ့တဲ့မိသားစုကို ထောက်ပံ့ကြေးပေးဖို့ အုပ်ချုပ်ရေးမှူးတွေက ငွေကြေးကောက်ခံတာတွေ နေရာအနှံ့မှာတွေ့နေရပါတယ်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်က ကျေးရွာတစ်ရွာမှာဆိုရင် တစ်အိမ်ထောင်ကို ကျပ် ငါးသောင်းကနေ တစ်သိန်းခွဲအထိ ကောက်ခံနေတယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာသားလူငယ်ကပြောပါတယ်။
“ကျွန်တော်တို့ရွာမှာ စစ်မှုထမ်းဖို့ကောက်တာ တစ်အိမ်ထောင်ကို ငါးသောင်း၊ တစ်သိန်း၊ တစ်သိန်းခွဲ ထည့်ရမယ်တဲ့။ ပိုက်ဆံတတ်နိုင်တဲ့သူတွေက တစ်သိန်း တစ်သိန်းခွဲ ထည့်ရမယ်တဲ့။ ကျွန်တော်တို့ အိမ်ကတော့ ငါးသောင်းထည့်ရမယ်၊ အမေက ကျန်းမာရေးမကောင်းလို့ မဲမနှိုက်ရပေမယ့် မဲနှိုက်ဖို့ စာရင်းဝင်တဲ့ အိမ်ထောင်စုတွေထဲမှာပါလို့ ပိုက်ဆံပေးရမယ်တဲ့။ ရွာမှာတော့ ဝင်မယ့်သူ နှစ်ယောက်ရှိတယ် ဒါ လူကြီးတွေက ရှာထားတာပေါ့။ အဲဒီ နှစ်ယောက်အတွက် သိန်း ၇၀ ပေးရမယ်လို့ကြားတာပဲ”
ဧရာဝတီတိုင်း ပုသိမ်မြို့က မိဘတစ်ဦးကလည်း သူတို့မြို့မှာ စစ်မှုထမ်းမိသားစုကို ထောက်ပံ့ဖို့ အမိန့်ညွှန်ကြားချက်နဲ့ ကောက်ခံနေတယ်လို့ RFA ကို ပြောပါတယ်။
“စစ်မှုထမ်းသွားမယ်ဆိုရင် ကျန်ရစ်ခဲ့တဲ့ စစ်မှုထမ်းမယ့်သူရဲ့မိသားစုကို ထောက်ပံ့ရမယ် ဒါက အထက်က ညွှန်ကြားချက်လာတာပေါ့နော်။ သူတို့သင်တန်းတက်နေတုန်း ဒီမိသားစုစားရအောင် ထောက်ပံ့ဖို့၊ အပတ်စဉ်နဲ့လာနေမှာဆိုတော့ တကယ်လို့ သုံးလတစ်ပတ် လေးလ တစ်ပတ်ဆိုရင်လည်း သုံးလကို ငါးထောင်ပေါ့။ အဲဒါတော့ မုဆိုးမရော ဘာရော အကုန်လုံး အိမ်ထောင်စုရှိသလောက် ပေးရတာ။”
ပြီးခဲ့တဲ့ သီတင်းပတ်တွေကဆိုရင်လည်း စစ်မှုထမ်းသူရဲ့ မိသားစုကိုထောက်ပံ့ဖို့ဆိုပြီး ရခိုင်ပြည်နယ် စစ်တွေမြို့က ဒုက္ခသည်စခန်းမှာခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထံကနေ စခန်းကော်မတီဝင်က အဓမ္မငွေကြေးကောက်ခံတာ ရှိခဲ့ပါတယ်။
စစ်ကောင်စီက အရွယ်ရောက်ပြီးသူတိုင်း ငါးနှစ်အထိ စစ်မှုထမ်းရမယ့်ဥပဒေကို အသက်သွင်းကြောင်း ကြေညာလိုက်ပြီးနောက် စစ်သားစုဆောင်ရေးကို အလျင်အမြန်အကောင်ထည်ဖော်ခဲ့တာဖြစ်ပါတယ်။ မတ်လဆန်းကစပြီး အုပ်ချုပ်ရေးမှူးတွေက လူစာရင်းကောက်တာ မဲနှိုက်လူရွေးချယ်တာတွေ လုပ်ခဲ့ပြီး ငွေကြေး ပြောင်ပြောင်းတင်းတင်း ကောက်ခံလာခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်
စစ်မှုထမ်းဖို့အတွက် တစ်လမှာတစ်ကြိမ် သင်တန်းပေးမှာဖြစ်ပြီး သင်တန်းတစ်ကြိမ်မှာ ဒေသအသီးအသီးက သင်တန်းသား ငါးထောင်နှုန်းနဲ့ ပထမနှစ်မှာ ငါးသောင်းအထိ ခေါ်ယူမယ်လို့လည်း စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပြောဆိုထားပါတယ်။