အရာတော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ကိုးဦးသေဆုံး

RFA Burmese
2023.01.29
အရာတော်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ ကိုးဦးသေဆုံး အရာတော်မြို့နယ် သလဲဘာရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဇန်နဝါရီလ ၂၇ ရက် သောကြာနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ အဲဒီရွာနားမှာ လုံခြုံရေးယူထားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဇန်နဝါရီလ ၂၉ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

"ဘုန်းကြီးပျံလွန်တဲ့မူတယ်ဆိုတဲ့ သတင်းကတော့ လုံးဝသတင်းအမှားကြီးပါလို့ အဲဒါလေးပြောချင်ပါတယ်”

အဲဒီတိုက်ပွဲမှာ PDF တွေပစ်ခတ်လို့ သလဲဘာရွာက ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့သလို အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး သုံးယောက်သေဆုံးပြီး၊ အမျိုးသား နှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ အဲဒီတိုက်ပွဲမှာပါခဲ့တဲ့ စစ်ကိုင်းခရိုင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁၊ တပ်ရင်းမှူး ဗိုလ်ယက္ခက သူတို့အနေနဲ့ စစ်ရေးဆိုင်ရာစည်းကမ်းဥပဒေတွေကို ချိုးဖောက်ခဲ့တာမရှိဘူးလို့ RFA ကို ပြောပါတယ်။

“ဒီသတ်မှတ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေသတွေရော၊ ပြည်တွင်းလက်နက်ကိုင် ဥပဒေသတွေအရရော ဒီသာသနာအဆောက်အအုံထဲတို့၊ သာသနာ့နယ်မြေထဲတို့ ကျနော်တို့ ပစ်တာခတ်တာ မရှိပါဘူးဗျ။ ဒါကြောင့် ကျနော်တို့ရဲ့လက်နက်နဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးအင်အားစုတွေ လက်ချက်နဲ့ ဘုန်းကြီးပျံလွန်တဲ့မူတယ်ဆိုတဲ့ သတင်းကတော့ လုံးဝသတင်းအမှားကြီးပါလို့ အဲဒါလေးပြောချင်ပါတယ်”

တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရှစ်ယောက်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။ သလဲဘာရွာတိုက်ပွဲမှာ သေဆုံးသူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေ ဟုတ်၊မဟုတ်ဆိုတာ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

သလဲဘာရွာတိုက်ပွဲကို စစ်ကိုင်းခရိုင် PDF တပ်ရင်း(၁)၊ တပ်ရင်း (၂)၊ မြင်းခြံခရိုင်တပ်ရင်း (၆)၊ တပ်ရင်း(၇)၊ မုံရွာခရိုင်တပ်ရင်း (၆)၊ (၂၁)၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပါဝင်ခဲ့တဲ့သူတွေက ပြောပါတယ်။

စစ်ကောင်စီထုတ်ပြန်ချက်မှာ PDF ပူးပေါင်းတပ်တွေဟာ သလဲဘာရွာတောင်ဘက်က နေအိမ် ၈၀ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး PDF တွေက ငြင်းဆိုပါတယ်။

သလဲဘာရွာမှာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျုစောထီးအမည်ခံ အာဏာသိမ်းတာကို လိုလားတဲ့သူတွေ တပ်စွဲနေထိုင်ပြီး အဲဒီ အနားတစ်ဝိုက်ပတ်ဝန်းကျင်က ဒေသခံတွေကို နှိပ်ကွပ်နေတာလို့ ကဲဘာရွာသား တစ်ယောက်က ပြောပါတယ်။

“ရှိတာပေါ့ဗျ။ အဲဒီကျောက်ကုန်းဆိုရင် သူတို့ရှိသမျှပစ္စည်းတွေ အကုန်ယူတယ်။ ပြီးရင်သူတို့ အမြဲမူးရူးရမ်းကားပြီးတာ့ ကျောက်ကုန်းရွာဘက်ကို မီးရှို့တယ်။ ပြောရရင် NLD အိမ်တွေကို မီးရှို့တယ်။ ခေါင်းဆောင်တွေအိမ် မီးရှို့တယ်။ သူတို့ကရွာ နီးချုပ်စပ်တွေမှာ အကုန်လုံးလိုက်ပြီးတော့မှ သားပျိုမယားပျိုတွေကို ဖျက်ဆီးတယ်။ မီးရှို့တယ်။ ပစ္စည်းတွေယူတယ်”

တိုက်ပွဲဖြစ်တဲ့ကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သားတွေလည်း ရှိနေပါတယ်။ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က တာဝန်ရှိသူ တစ်ယောက်ကတော့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတစ်ရာကျော်ကို ကူညီထားတယ်လို့ RFA ကို ပြောပါတယ်။

“ပြည်သူဦးရေက တစ်ရာကျော်ရှိပါတယ်နော်။ လောလောဆယ်အနေအထားက ကူညီဖို့ သူတို့ကို ပျူရွာကဖြစ်တဲ့အတွက် စိစစ်နေတယ်ဗျာ။ ပျူမဟုတ်တဲ့သူမှန်သမျှကို ကျနော်တို့က ကူညီမှာပဲ။ ပြန်လွှတ်ပေးမှာ မဟုတ်ဘူး ကူညီမှာ တစ်ခါတည်း။ သူတို့ နေစရာ၊ စားစရာ အကုန်လုံးလုပ်ပေးရမှာပေါ့”

ayadaw-pdf.jpeg
အရာတော်မြို့နယ် သလဲဘာရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

သလဲဘာရွာမှာ အိမ်ခြေခုနစ်ရာကျော်ရှိပါတယ်။ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ရွာမှာအခြေစိုက်နေထိုင်လို့ ရွာလူဦးရေရဲ့ သုံးပုံတစ်ပုံက အရင်ကတည်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ စစ်ကောင်စီဟာ PDF နှိမ်နင်းရေးအတွက် အရပ်သားတွေ ထဲက စစ်အာဏာသိမ်းတာကို လိုလားတဲ့သူတွေကို လက်နက်တပ်ဆင်ပေးပြီး ပြန်လည် အသုံးချနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့အနေနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းတာရှိတယ်လို့ ၂၀၂၂ ခုနှစ်ထဲမှာ ပြောဆိုဖူးပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။