စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှု စစ်ကောင်စီနဲ့ NUG အပြန်အလှန်စွပ်စွဲ
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းပေါင်း ၁၉၀ ကျော် တိုက်ခိုက်ခံ ခဲ့ရကြောင်းနဲ့ စာသင်ကျောင်းတွေမှာ အခြေချတပ်စွဲတာတွေ မလုပ်ဖို့၊ ပညာရေးအဆောက် အအုံတွေကို တိုက်ခိုက်တာတွေ မလုပ်ဖို့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ Global Coalition to Protect Education from Attack (GCPEA) က စက်တင်ဘာ ၉ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
“တိုက်ခိုက်မှုတွေအောက်က ပညာရေး ၂၀၂၂” လို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေကြောင့် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမနဲ့ ပညာရေးကျွမ်းကျင်သူ စုစုပေါင်း လူ ကိုးထောင်ကျော်ဟာ သေဆုံးမှု၊ ဒဏ်ရာရမှု၊ ထိခိုက်ပျက်စီးမှုတွေကို ကြုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
“ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ဟာတွေကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်"
အဲဒီတိုက်ခိုက်မှုတွေဟာ နိုင်ငံတစ်ဝန်းက တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ ဖြစ်ခဲ့တာလို့ ဆိုပါ တယ်။
ဒီအစီရင်ခံစာထွက်လာပြီး လေးရက်အကြာ စက်တင်ဘာ ၁၃ ရက်နေ့မှာပဲ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကလည်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး စာသင် ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုနဲ့ အခြေချတပ်စွဲမှုတွေကို ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
စာသင်ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တာမျိုး ရှိရင် NUG အစိုးရကို တိုင်ကြား နိုင်တယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က RFA ကို ပြောပါတယ်။
“ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ဟာတွေကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဘယ်အဖွဲ့ပဲ လုပ်လုပ်ပေါ့နော်။ အဲဒါကိုလည်း ကျနော်တို့ရဲ့ ပူးတွဲကြေညာ ချက်ထဲမှာ ထုတ်ပြန်ထားတာကို လည်း တွေ့ရပါလိမ့်မယ်။ ဒီလိုကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တာရှိရင် ကျနော်တို့ အစိုးရအဖွဲ့ကို တိုင် ကြားနိုင်ဖို့အတွက် လည်း ကြေညာထားတာ ရှိပါတယ်”
စစ်ကောင်စီတပ်တွေဟာ စာသင်ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အပြင် စာသင် ကျောင်းတွေမှာ အခြေချတပ်စွဲတာနဲ့ စာသင်ကျောင်းတွေကို အချုပ်ထောင်အနေနဲ့ စစ်ကြောရေးစခန်းအဖြစ် အသုံးပြုနေတယ်လို့ ဦးကျော်ဇော် က ပြောပါတယ်။
စာသင်ကျောင်းတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့ လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းတွေ ကိုဖြစ်စေ သက်သေအထောက်အထားတွေနဲ့တကွ ICJ လို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲသွားမယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ CRPH ၊ NUG နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ ပညာရေးအဆောက်အအုံ ၅၀၄ ခု ပျက်စီးခဲ့ကြောင်း ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း တစ်နှစ်ပြည့် မိန့်ခွန်းမှာ စွပ်စွဲ ထားပါတယ်။
မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ပညာရေးအဆောက်အအုံတွေ တိုက်ခိုက်ခံရတာ နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ NUG နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲနေကြတာပါ။
GCPEA အစီရင်ခံစာမှာတော့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး လက်နက်ကိုင်အဖွဲ့ အစည်း နှစ်ဖက်လုံးက ပညာရေးအဆောက်အအုံတွေကို တိုက်ခိုက်တာနဲ့ အခြေစိုက်စခန်း၊ အချုပ်ခန်း၊ လက်နက်သိုလှောင် တဲ့ နေရာတွေအဖြစ် အသုံးချနေတယ်လို့ ဖော်ပြထားပါ တယ်။
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ အစီရင်ခံစာမှာ အာဏာသိမ်း စစ်တပ်နဲ့ ကာကွယ်ရေး တပ်တွေကို နှိုင်းယှဉ်ဖော်ပြတာကို လက်မခံနိုင်ဘူးလို့ ပြည်တွင်း ပညာရေးသမဂ္ဂ ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“အချုပ်ပြောရရင် ကျနော်တို့ ဒီမှာ ကျောင်းပေါင်း ၁၉၀ ကို တိုက်ခိုက်တယ်ပေါ့နော်။ စစ်တပ် နဲ့ ဒီဘက် တော်လှန်ရေးအင်အားစုတွေကို နှိုင်းယှဉ်ပြီး ပြောလိုက်တာမျိုးကို တော့ ကျနော်တို့ လက်မခံဘူး။ ဒါ အန္တရာယ်များတယ်လို့တော့ ကျနော်တို့ ယူဆတယ် ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့တွေဟာ မတရားမှုတွေကို ခုခံကာကွယ်နေကြ တာ ဖြစ်ပါတယ်။ တကယ် ဖက်ဆစ်ဆန်ဆန် ပြုမူနေတာသည် အကြမ်းဖက်စစ်တပ်သာ လျှင် ဖြစ်တယ်ပေါ့နော်”
လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စာသင် ကျောင်းတွေ ပျက်စီးတာဟာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ထိခိုက်ပျက်စီးရတာလို့ RFA ကိုပြောပါတယ်။
“သူတို့ (စစ်ကောင်စီတပ်) ကတော့ ရွာထဲဝင်ရင် ရှိသမျှဟာ လက်နက်ကြီး ရမ်းသန်းပစ်တာကိုးဗျ။ ဆိုတော့ အကုန်ထိ၊ အကုန်ပြို၊ အကုန်မီးလောင်တာ။ ရွာထဲဝင်ရင် ရွာလုံးကျွတ်မီးရှို့ တာတို့၊ အဓိကကတော့ PDF ထာက်ခံရင် မထောက်ခံအောင်၊ ထောက်ခံရင် ဒီလိုမျိုးဖြစ်မယ် ဆိုတဲ့ပုံစံပေါ့”
လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းထဲက ကလေးနည်းပညာတက္ကသိုလ်နဲ့ ကလေးတက္ကသိုလ် တွေမှာ စစ်ကောင်စီ တပ်တွေက တပ်စွဲထားတယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အာဏာသိမ်းပြီးမှ စစ်တပ်ကနေ CDM လုပ်လာတဲ့ ဗိုလ်ကြီးဟောင်းတစ်ဦးကတော့ စာသင်ကျောင်းတွေမှာ နေရာယူတပ်စွဲတာ၊ အဲဒီနေရာတွေကို ခြေကုပ်ယူပြီး ဆန့်ကျင် ဘက် အဖွဲ့အစည်းအပေါ် တိုက်ခိုက်တာတွေဟာ မြန်မာစစ်တပ်ရဲ့ အရင်ကတည်းက အသုံးပြုနေတဲ့ နည်းဗျူဟာဖြစ်တယ်လို့ ပြောပါတယ်။
“စစ်တပ်ကတော့ ဒါသေချာတယ်။ အရင်ကတည်းက ဒီစာသင်ကျောင်းတွေ၊ သာသနာ့ အဆောက်အအုံတွေမှာ၊ နောက်ပြီးတော့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေမှာ၊ နောက်ပြီးတော့ တက္ကသိုလ်ဝင်းတွေ အဲဒီနေရာတွေကို နေရာယူပြီးတော့မှ တိုက်ခိုက် တာတွေဟာ ဟိုအရင်ကတည်းက သူတို့သုံးတဲ့ဗျူဟာထဲမှာ ပါဝင်ပါတယ်။ PDF တွေက တော့ သူတို့သုံးတဲ့ ဗျူဟာရယ်လို့ရှိနေတာ မဟုတ်ဘူး။ သူတို့ရဲ့ဒေသထဲမှာရှိတဲ့ သူတို့ရဲ့ အမိမြေမှာ နေတာဖြစ်တဲ့အတွက် သူတို့ရဲ့ စာသင်ကျောင်းတွေကို ထိခိုက်လိုတဲ့ဆန္ဒရှိဖို့ သိပ်မလွယ်ပါဘူး”
Global Coalition to Protect Education from Attack (GCPEA) ရဲ့ စက်တင်ဘာ ၉ ရက် အစီရင်ခံစာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စာသင်ကျောင်းနဲ့ တက္ကသိုလ်တွေကို စစ်ရေးအတွက် အသုံးချမှုဟာ သိသိသာသာ မြင့်တက်လာတယ်၊ စာသင်ကျောင်းနဲ့ တက္ကသိုလ်အရေအတွက်ရဲ့ လေးပုံတစ်ပုံကျော်ဟာ အခုချိန်မှာ စစ်ရေး အတွက် အသုံးချခံနေရကြောင်း ဖော်ပြထားပါတယ်။
GCPEA အဖွဲ့ဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်ပါတယ်။