ပုဒ်မ - ၂၆၁ ကို ပြင်ဆင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေကို စည်းရုံးဖို့ စစ်ကောင်စီ ကြိုးစားနေ

2022.11.02
ပုဒ်မ - ၂၆၁ ကို ပြင်ဆင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေကို စည်းရုံးဖို့ စစ်ကောင်စီ ကြိုးစားနေ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွင် တွေ့ရသည့် SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း။
Photo: RFA

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းပေါ်ပေါက်နေတဲ့ အရပ်သားလက်နက်ကိုင်ခုခံမှုတွေကို အင်အားသုံးနှိမ်နင်းနေတဲ့ တစ်ချိန်တည်းမှာပဲ သူ့ကိုထောက်ခံတဲ့ နိုင်ငံရေးပါတီတချို့နဲ့ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ဖို့ ကြိုးပမ်းနေပါတယ်။

စစ်တပ်ထောက်ခံသူတွေ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီဟာ အဲဒီရွေးကောက်ပွဲမှာ ပါဝင်လာမယ့် နိုင်ငံရေးပါတီတွေနဲ့ အခုကတည်းက ကြိုတင်ညှိနှိုင်းနေပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအသစ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ယူဆရတဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီအစုအဖွဲ့နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းကစလို့ အခုချိန်ထိ ဆွေးနွေးပွဲ ပေါင်း ရှစ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်တွေ ကနေ ရွေးချယ်ခွင့် ပုဒ်မ ၂၆၁ အပါအဝင် အချက်တချို့ကို ပြင်ဆင်ဖို့ သဘောတူညီချက် ရရှိထားပြီလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက် ပေါင်း က ပြောပါတယ်။

“စစ်ကောင်စီက ဒီလိုလုပ်နေတာက သူ့ရဲ့ နိုင်ငံရေးအရ ဘယ်သူမှ အသိအမှတ်မပြု တရားဝင်မှုမရှိတဲ့ဟာကို တရားဝင်ဖြစ်အောင် ရှာဖွေကြံစည်နေတာလို့ ယူဆပါတယ်"

“အဲ့ဒီအချက်ရသွားပြီဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားပြီလေ။ ဗဟိုချုပ်ကိုင်မှု မဟုတ် တော့ဘူး။ သမ္မတခန့်တဲ့ ဝန်ကြီးချုပ် မဟုတ်တော့ဘူး။ ကိုယ့်ပြည်နယ် ကိုယ့်တိုင်းဒေသ ကြီး ကိုယ့်လွှတ်တော်ကနေပြီးတော့ ရွေးချယ်တင်မြှောက်တဲ့ ဝန်ကြီးချုပ်ဖြစ်သွားပြီ။ တိုင်းရင်းသားတွေတင်မဟုတ်ဘူး တိုင်းဒေသကြီးရော၊ ပြည်နယ်တွေရော အားလုံး အခွင့်အရေးက ညီတူညီမျှ ရသွားမှာပေါ့။ ဒါပေမဲ့ ကျနော်တို့ တင်တဲ့ဟာက တချို့ တစ်ဝက်ပဲ ရတယ်။ အမြင်ချင်း မတူကြဘူး။ တော်တော်များများကတော့ မရသေးဘူး ပေါ့ဗျာ”

၂၀၀၈ ဖွဲ့စည်းပုံထဲက ပုဒ်မ- ၂၆၁ အပါအဝင် အချက် ၇၀ နီးပါးကို ပြင်ဆင်ဖို့ တောင်းဆို ထားပေမယ့် ပုဒ်မ၂၆၁ အပါအဝင် အချက် ၂၀ နီးပါးကိုပဲ စစ်ကောင်စီဘက်က ပြင်ဆင်ဖို့ သဘောတူထားတယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။

အဲဒီပုဒ်မတွေကို ၂၀၂၃ ရွေးကောက်ပွဲအလွန်မှာ ပေါက်ပေါက်လာမယ့် လွှတ်တော်ကနေ ပြင်ဆင်သွားမှာဖြစ်ပြီး အဲ့ဒီပြင်ဆင်မှုကို စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ထောက်ခံလိမ့်မယ်လို့ သူက ပြောပါတယ်။

လက်ရှိ ဆွေးနွေးနေတဲ့ အချက်တွေနဲ့ သဘောတူထားတဲ့ အချက်တွေကိုတော့ အခုချိန်မှာ တရားဝင်ထုတ် ပြောခွင့်မရှိဘူးလို့ ဦးစိုင်းအိုက်ပေါင်း က ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ - ၂၆၁ မှာ တိုင်းနဲ့ ပြည်နယ် ဝန်ချုပ်ကြီးချုပ်တစ်ဦးရဲ့ အရည်အချင်း သတ်မှတ်ချက်တွေကို ဖော်ပြထားပြီး၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေက သဘောတူထား တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို နိုင်ငံတော် သမ္မတက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ် နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကြောင့် တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေဟာ ဝန်ကြီးချုပ်ကို ကိုယ်တိုင်ရွေးချယ်ခွင့် ရှိပေမယ့် အပြီးသတ် ခန့်အပ်ခွင့်ကတော့ နိုင်ငံတော် သမ္မတရဲ့ လုပ်ပိုင်ခွင့်ထဲမှာပဲ ရှိနေ တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ - ၄၃၆ (က) နဲ့ (ခ) အရ ပုဒ်မတစ်ခုခုကို ပြင်ဆင်ချင်တယ် ဆိုရင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့ လွှတ်တော်ထဲမှာ စုစုပေါင်း ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်ပါတယ်။

တချို့ အရေးကြီးပုဒ်မတွေဆိုရင် လွှတ်တော်ထဲမှာ ၇၅ ရခိုင်နှုန်းကျော် ထောက်ခံမဲရပြီး တဲ့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပြီး လူထုထောက်ခံမှု ထက်ဝက်ကျော် ရရှိမှသာ ပြင်ဆင်ရ မယ်လို့ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲတောင် မလုပ်နိုင်သေးဘဲ အခုကတည်းက ဖွဲ့စည်းပုံကို ပြင်ဖို့လုပ်နေတာဟာ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းပြီး အာဏာကို ရေရှည်ဆုပ်ကိုင် ဖို့ ကြံစည်နေတာလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး က ဝေဖန်ပါတယ်။

“စစ်ကောင်စီက ဒီလိုလုပ်နေတာက သူ့ရဲ့ နိုင်ငံရေးအရ ဘယ်သူမှ အသိအမှတ်မပြု တရားဝင်မှု မရှိတဲ့ဟာကို တရားဝင်ဖြစ်အောင် ရှာဖွေကြံစည်နေတာလို့ ယူဆပါတယ်။ အဲ့ဒီကနေတစ်ဆင့် ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ကျင်းပပြီးတော့ သူ့ရဲ့ တရားဝင်မှုရအောင် ကမ္ဘာကိုဖော်ပြမယ်။ ပြီးရင် အာဏာကို ရေရှည် ဆက်ယူထားဖို့ လုပ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ စစ်ကောင်စီဟာ အခုလို အကျပ်အတည်း ကာလမှာ နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် သူ့ကိုထောက်ခံတဲ့ သူ့ရဲ့သွေးသောက်တွေနဲ့အတူ ရှာဖွေနေတာလို့ သုံးသပ်ပါတယ်။

“ပြည်တွင်းမှာ စစ်အစိုးရအပေါ်မှာ ထောက်ခံမှုကျနေတဲ့ဟာကို ပြုပြင်ပြောင်းလဲဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြန်ပြီးတော့ စစ်ကောင်စီက စုဖွဲ့ဖို့ ကြိုးစားတယ်လို့ ပြောလို့ရတယ်။ အဲ့ဒီနိုင်ငံရေး ပါတီ တွေထဲမှာ လူထုထောက်ခံမှု မရတဲ့ပါတီတွေ အထူးသဖြင့် မဲမနိုင်တဲ့ ပါတီတွေပေါ့။ အဲ့ဒီဟာတွေက တစ်ဖက်ကနေကြည့်ရင် စစ်တပ်နဲ့ နှီးနွှယ်တဲ့ ပါတီတွေများတယ်။ အဲ့ဒါကြောင့် စစ်တပ်လုပ်တဲ့ဟာတွေကို အမြဲတမ်းထောက်ခံမယ်ဆိုတဲ့ စစ်တပ် သွေးသောက်တွေပေါ့။ အဲ့ဒီအတွက်ကြောင့် သူတို့က စစ်တပ်လမ်းကြောင်းကို လိုက်ပြီးထောက်ခံကြတယ်”

ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကျင်းပရေးနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီနဲ့‌ ဆွေးနွေးနေတဲ့ ဦးစိုင်းအိုက်ပေါင်း ခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ထဲမှာ နိုင်ငံရေးပါတီ ၅၀ ကျော် ပါဝင်ပါတယ်။

ANP.jpg
အောက်တိုဘာလ ၂၅ ရက်နေ့က ကျိုက္ကဆံ လူထုဟစ်တိုင်ကွင်းမှာ ရခိုင်အမျိုးသားပါတီ (ANP) ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဟောပြောနေစဉ်။ (Photo: Kyaw Zaw Win/ RFA)

စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ထဲမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ ပုဒ်မ ၂၆၁ အပါအဝင် ဖွဲ့စည်းပုံထဲက အချက်တချို့ကို ပြင်ဆင်ဖို့ သဘောတူညီချက် ရထားပေမယ့် လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် အခင်းအကျင်း မမြင်ရသေးဘူးလို့ RFA ကို ပြောပါတယ်။

“ဆွေးနွေးနေတယ်။ ဒါပေမဲ့ ထိထိရောက်ရောက် သဘောတူညီချက်တွေရတယ် ဘာညာ တော့ ကြီးမားတဲ့ သဘောတူညီချက်တွေ မရှိသေးဘူး။ အဲ့ဒါကြောင့် အခုချိန်မှာ အဲ့ဒီ သဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ့် အခင်းအကျင်း လည်း မရှိသေးဘူးလို့ အဲ့ဒီလိုမြင်တယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်တဲ့ ကော်မတီဘက်ကတော့ ဒီသဘောတူညီချက်တွေကို ဒီရွေးကောက်ပွဲပြီးရင် နောက် လွှတ်တော်မှာတင်ပြီး အဲ့ဒါကို ပြင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးနေတဲ့ အခင်းအကျင်းပဲ”

ဒီသဘောတူညီချက်တွေဟာ နိုင်ငံရေးပါတီအားလုံးရဲ့ သဘောဆန္ဒ မဟုတ်လို့ ကိုယ်စားပြုမှုအပိုင်းမှာ အငြင်းပွားစရာ ရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ လောလောဆယ် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၉၀ ရှိပါ တယ်။ အဲ့ဒီထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင်အမျိုးသားပါတီ (ANP) အပါအဝင် နိုင်ငံရေးပါတီ ၅၅ ပါတီရဲ့ ကိုယ်စားလှယ် ၁၆ ဦးက စစ်ကောင်စီနဲ့ ဆွေးနွေးနေတာပါ။

အဲဒီ နိုင်ငံရေးပါတီတွေဟာ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း ဆွေးနွေးနေပြီး အထွေထွေရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ ကြိုးပမ်းနေပါတယ်။

စစ်အာဏာမသိမ်းခင်အထိ ကျင့်သုံးခဲ့တဲ့ နိုင်သူအကုန်ယူစနစ် (FPTP) အစား အချိုးကျ ကိုယ်စားပြုစနစ် PR ကို ပြောင်းလဲဖို့ ကြိုးစားနေတာပါ။ စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်က PR စနစ်ကို အဆိုပြုထားတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ PR စနစ်ပဲ ဖြစ်လာ လိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် ပါတီပေါင်း ၃၀ ကျော်ကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲတွေမှာ မပါဝင်ပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ဖြစ်လို့ အသိအမှတ်မပြုဖို့ အခုနှစ် သြဂုတ်လဆန်းက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့တွေ့ဆုံပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။