စစ်အာဏာသိမ်း နှစ်နှစ်ပြည့် သို့မဟုတ် ဒီမိုကရေစီ ဆိတ်သုဉ်းမှု

RFA Burmese
2023.01.30
စစ်အာဏာသိမ်း နှစ်နှစ်ပြည့် သို့မဟုတ် ဒီမိုကရေစီ ဆိတ်သုဉ်းမှု ၂၀၂၁ ခုနှစ် ဇူလိုင်လက စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့ပေါ်မှာ ဆန္ဒပြခဲ့ကြစဉ်။
Photo: Reuters

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း အရင်ကရှိခဲ့တဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး လုံးဝပျက်သုဉ်းသွားပြီး လက်ရှိ တိုင်းပြည်အခြေအနေ ဟာ လူ့အခွင့်အရေးအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ နိုင်ငံရေးပါတီတွေ၊ လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်ဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေ လုံးဝ ချုပ်ငြိမ်းသွားပြီလို့ ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်း အကျိုးဆက်အနေနဲ့ နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာ တာကြောင့် တိုင်းပြည်နေရာအနှံ့မှာ စစ်မီးတွေ တောက်လောင်လာပြီး အရင်က အရှိန် အဟုန်နဲ့ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေး နေရာမှာ အမြစ်ပြတ်ချေမှုန်းရေးနဲ့ အပြုတ်တိုက်လမ်းစဉ်ကိုသာ စစ်တပ်နဲ့ အာဏာရှင် ဆန့်ကျင်သူ နှစ်ဖက်စလုံးက ကြိုးစားလာကြပါတယ်။

ဒီနှစ်နှစ်အတွင်းမှာ နိုင်ငံရေးထက် စစ်ရေးက ရှေ့တန်းပိုရောက်လာတဲ့အတွက် နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍက လုံးဝပျောက်ဆုံးသွားတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

“အခု နိုင်ငံရေးကိစ္စပြောမယ်ဆိုရင် နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍက လုံးဝ မရှိသလောက် ဖြစ်သွားပါပြီ။ နိုင်ငံရေးပါတီဆိုတာက ကျနော်တို့ ဒီမိုကရေစီ ဖြစ်ထွန်း ဖို့အတွက် လူထုတွေရဲ့ နိုင်ငံရေးရပ်ဝန်းတစ်ခု ဖန်တီးဖို့အတွက် ကျနော်တို့ နိုင်ငံရေး ပါတီတစ်ရပ် တည်ထောင်ခဲ့တယ်၊ ဒါပေမဲ့ နိုင်ငံရေးပါတီများကိုယ်တိုင်က ကိုယ့်ရဲ့ ရပ်တည်မှုအတွက်ကို ရုန်းကန်နေရတာပေါ့နော်။ နိုင်ငံရေးထက်ကို စစ်ရေးက ပိုပြီး တော့မှ ရှေ့တန်းရောက်လာတဲ့အခါမှာ နိုင်ငံရေးပါတီတွေအတွက် လှုပ်ရှားဆောင်ရွက် ဖို့ဆိုတာ လုံးဝကို အခန်းကဏ္ဍ မရှိသလောက်ကို လုံးဝပျောက်ဆုံးသွားတယ်လို့ ပြောလို့ရပါတယ်ဗျ”

စစ်အာဏာသိမ်း နှစ်နှစ်အတွင်း တိုင်းပြည်မှာ ဒီမိုကရေစီဆိတ်သုဉ်း၊ တရားဥပဒေ စိုးမိုးမှုလည်း ပျောက်ဆုံးသွားတဲ့အတွက် စီးပွားရေးက အဆိုးဆုံးအနေအထားကို ရောက်သွားခဲ့တယ်လို့ ဦးစိုင်းလိတ် က ပြောပါတယ်။

“အခု နိုင်ငံရေးကိစ္စပြောမယ်ဆိုရင် နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍက လုံးဝ မရှိသလောက် ဖြစ်သွားပါပြီ"

အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်း ပျက်စီးသွားတဲ့အတွက် နိုင်ငံရေးပါတီတွေရဲ့ ဝင်ပေါက် ဖြစ်တဲ့ ရွေးကောက်ပွဲအခင်းအကျင်းဟာလည်း မြန်မာ့နိုင်ငံရေးထွက်ပေါက် ဖြစ်မလာနိုင်တော့ဘဲ ပြည်သူလူထုရဲ့ နိုင်ငံရေးပါတီတွေအပေါ်  စိတ်ဝင်စားမှု လျော့ကျ သွားတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးထွန်းအောင်ကျော် ကလည်း စစ်တပ် အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာတာကြောင့် နိုင်ငံရေး ပါတီတွေဟာ သူတို့ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်း တွေကို အပြည့်အဝ မလုပ်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာ ကျနော်တို့ ရခိုင်အမျိုးသားပါတီက ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရ ထားတဲ့ ပြည်သူလူထု ထောက်ခံမှု အများဆုံးပါတီတစ်ခု၊ လက်ရှိအခြေအနေအရ ရခိုင် ပြည်နယ်မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့တယ်၊ အပြစ်မဲ့ ပြည်သူလူထုတွေ ဆုံးရှုံးတာတွေ ရပ်ရွာပျက်စီးတာတွေ ရှိတယ်။ ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာမှကို ပြည်သူကြားထဲကို ဝင်ပြီးတော့ စည်းရုံးနိုင်မှုတွေ နိုင်ငံရေးအရ နိုင်ငံရေးအသိ ဖြန့်နိုင်မှုတွေကို ကျနော်တို့ မလုပ်နိုင်ဘူး။ အရမ်းကိုပဲ ကွာဟမှုတွေ ဖြစ်သွားတယ်လို့ ပြောချင်ပါတယ်”

နိုင်ငံရေးမတည်ငြိမ်မှု နောက်ဆက်တွဲ ဆိုးကျိုးတွေအဖြစ် ကုန်ဈေးနှုန်းမြင့်တက်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြန့်ကြာမှု၊ ခိုးဆိုးလုယက် အန္တရာယ်နဲ့ အသက်အိုးအိမ် မလုံခြုံမှု တွေကြောင့် စစ်အာဏာသိမ်း နှစ်နှစ်အတွင်း ပြည်သူလူထုအများစု အကြီးအကျယ် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရတယ်လို့လည်း ဦးထွန်းအောင်ကျော် က ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်အတွင်း စစ်တပ်ရဲ့ ပစ်မှတ်ထားဖိနှိပ်မှုကို အကြီးအကျယ် ရင်ဆိုင်ရတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပဲ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း လွှတ်တော်အမတ် နှစ်ဦးအပါအဝင် NLD ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပါတယ်။ လွှတ်တော်အမတ် ၈၀ အပါအဝင် ပါတီဝင် ၁၂၃၂ ဦး အဖမ်းခံထားရပါတယ်။

လွှတ်တော်အမတ် ၂၀၆ ဦး အပါအဝင် NLD ပါတီဝင် ၃၇၁ ဦးရဲ့ နေအိမ်နဲ့ အဆောက်အအုံ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းယူခံထားရကြောင်း NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်း ကောက်ယူရေး အဖွဲ့က ဇန်နဝါရီ ၂၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲဒီဖိနှိပ်မှုတွေအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပါတီရုံးအားလုံး ပိတ်ထားရပြီး ပါတီဝင်အားလုံး အသက် အန္တရာယ်ပါ ခြိမ်းခြောက်ခံရတဲ့အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ NLD ပါတီ စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး က ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကနေစပြီးတော့ ရပ်ကျေးအဆင့်ထိမှာ ရုံးပေါင်း ငါးသောင်းကျော် ရှိပါတယ်၊ အားလုံးကို ပိတ်ထားရပါတယ်ခင်ဗျ။ ဒါထူးခြားချက်ပါပဲ ခင်ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေရယ်၊ အလုပ်မှုဆောင်အဖွဲ့ဝင်တွေ ရယ်ဟာ တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ရန်ရှာခံရတတ်ပါတယ်။ အသက်အန္တရာယ်အထိ လည်း ရင်ဆိုင်ရဖွယ် ရှိပါတယ်”

စစ်ရေးအရ ကြည့်မယ်ဆိုရင်လည်း စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့ မဟာဗျူဟာ နဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။

147269635_10160794247143128_3240443710387063743_n.jpg
ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေး ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်။ (Photo: RFA)

အဲဒီတိုက်ပွဲတွေထဲမှာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲပေါင်း ၄၅၄၈ ကြိမ် ရှိခဲ့ပြီး စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြားမှာ တိုက်ပွဲပေါင်း ၂၂၆၇ ကြိမ် ထက်မနည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအများဆုံးက ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေရှိတဲ့ ကရင်ပြည်နယ်နဲ့ ဒုတိယအများဆုံးက PDF တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် PDF တပ်ရင်း - ၂ ရဲ့ တပ်ရင်းမှူး ကိုညာကြီး ကတော့ လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်မပြည့်သေးချိန်မှာတောင် တော်လှန်ရေးအင်အားစုတွေ က အသာစီးအနေအထားနဲ့ တိုက်ခိုက်နေတာမို့ နောက်ဆုတ်ဖို့ မရှိဘူးလို့ RFA ကို ပြောပါ တယ်။

“အခုလို နှစ်နှစ်တောင် မပြည့်သေးတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေက အခုလို အဘက်ဘက် ပြည့်စုံနေတဲ့ လက်နက်ကိုင်အင်အားစုကို ဒီလိုအခြေအနေထိ တွန်းလှန်နေတာပေါ့နော်၊ သူတို့ ဆိုရင် မြေပြင်စစ်ကြောင်းအနေနဲ့ ကျနော်တို့ကို စိုးမိုးပြီးတော့မှ တိုက်ခိုက်နိုင်စွမ်း မရှိဘူး။ မြေပြင်ကို စိုးမိုးပြီးတော့ သိမ်းပိုက်နိုင်စွမ်း မရှိဘူးပေါ့နော်၊ သူတို့ ရဲ့ထိန်းချုပ်နိုင်စွမ်း မရှိဘူး။ နဂိုပုံစံအတိုင်း မလုပ်နိုင်ဘူး။ ဘာပဲပြောပြော ကျနော်တို့က အချိန်တိုအတွင်းမှာ စစ်ကောင်စီကို ကျနော်တို့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေက စစ်ရေးအရ သာလွန်နေတယ်ပေါ့နော်။ အဲဒီအနေအထား မျိုးတော့ ကျနော်တို့ ရှိတယ်ဗျ”

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ၁၉၈၈ အလွန်ကာလနဲ့ နှိုင်းယှဉ်ရင် လက်ရှိအခြေအနေဟာ အများကြီး တည်ငြိမ်တယ်လို့ ပြောပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာထိန်းပြီးနောက်ပိုင်းမှာတော့ စီးပွားရေးနဲ့ သော်လည်းကောင်း၊ နိုင်ငံရေးနဲ့သော်လည်းကောင်း ဖိအားတွေအများကြီး ရှိတာတော့ ရှိတယ်၊ ဒါပေမဲ့ ၈၈ နဲ့ နှိုင်းယှဉ် လိုက်မယ်ဆိုရင်တော့ အဲဒီလောက်အထိ ဆိုးဆိုးဝါးဝါး အခြေအနေတော့ မရှိဘူး။ အခုချိန်မှာ နောက်ဆုံး အနှစ်ချုပ် သုံးသပ်ရမယ်ဆိုရင်တော့ အရင်ကထက်စာရင်တော့ တော်တော်လေး တည်ငြိမ်တဲ့ အနေအထားကို ဦးတည်နေပြီ။ ရွေးကောက်ပွဲလုပ်ဖို့လည်း သေချာသလောက် ဖြစ်နိုင်တယ်လို့ပဲ သုံးသပ်လို့ ရပါတယ်”

NLD.jpg
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အဖွဲ့ဝင်များ၊ ဝန်းရံသူများ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က လှည့်လည်မဲဆွယ်စည်းရုံးခဲ့စဉ်။ (Photo: RFA)

လက်ရှိ ပဋိပက္ခတွေဟာ ကျေးလက်မှာသာ အဖြစ်များပြီး ၁၉၈၈ ကာလတုန်းက မြို့ပေါ်အထိ အခြေအနေတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာလို့ ဦးသိန်းထွန်းဦး က ဆိုပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေပေါ် အခြေခံပြီး RFA က ပြုစုထားတဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက် ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးလှုပ်ရှား သူ လေးဦး ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။ နှိပ်စက်ညှဉ်းပန်းမှုကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၃၀၀ နီးပါး ရှိပါတယ်။ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံ ထားရသူ ၁၄,၀၀၀ နီးပါးနဲ့ ထောင်မိန့် ချမှတ်ခံရသူ ၂၀၀၀ ကျော် ရှိနေပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်တပ်သတင်းပေး၊ စစ်တပ်ထောက်ခံသူလို့ စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ့စစ်၊ ပျူစောထီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် နဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေအပါအဝင် လူ ၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။

စစ်အာဏာသိမ်း နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် နိုင်ငံဧရိယာရဲ့  ၅၀ ရာခိုင်နှုန်းလောက်က ထိခိုက်ပျက်စီးနေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

“ကျနော်တို့ တိုင်းပြည်ရဲ့  ၅၀ ရာခိုင်နှုန်းလောက်က ပြိုကွဲပျက်စီးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါတွေ ကျော်လွှားနိုင်မလား၊ မကျော်လွှားနိုင်ဘူးလားဆိုတာတော့ ပြည်သူ လူထုကတော့ ဒီနေ့ နွေဦး တော်လှန်ရေးနဲ့ ခုခံရေးစစ်ပွဲတွေ ဆင်နွှဲနေတာပါပဲ။ အဲဒါ လည်း အခုဆိုရင် နှစ်နှစ် နီးပါးလောက် ရှိပြီ။ ဒီအခြေအနေတွေ ကျော်လွှားနိုင်မလား၊ မကျော်လွှားနိုင်ဘူးလားဆိုတာက ကျနော်တို့ ၂၀၂၃ ခုနှစ်မှာ NUG က သူတို့ ကြေညာ ထားတဲ့အတိုင်း ဗမာပြည်ရဲ့ စစ်ရေးအခြေအနေကို လှည့်ပြောင်းနိုင်မယ်ဆိုရင်တော့ ဒါကျော်လွှားနိုင်မယ်လို့ ယူဆလို့ ရပါတယ်ခင်ဗျ”

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ နိုင်ငံရေးအရ၊ စီးပွားရေးအရ အထွေထွေပြိုကွဲမှု တွေနဲ့ ကြုံနေရတယ်လို့လည်း ဦးသန်းစိုးနိုင် က ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် နိုင်ငံရေးလုပ်ငန်းစဉ်တွေ နောက်ဆုတ်သွားပြီး ပြည်တွင်း စစ်မီးကသာ အရှိန်အဟုန်နဲ့ ကြီးမားကျယ်ပြန့်လာလိမ့်မယ်လို့လည်း နိုင်ငံရေး၊ စစ်ရေး အကဲခတ်တွေက ခန့်မှန်းပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နာကျင်နေတဲ့ မြန်မာပြည်သူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ရွေးကောက်ခံအစိုးရနဲ့အတူ မျှော်လင့်ချက်များစွာနဲ့ ရုန်းထဖို့ ပြင်ဆင်နေစဉ် စစ်တပ်က အာဏာထသိမ်း လိုက်တဲ့အတွက် ပြည်သူအများစုက စစ်အာဏာရှင်စနစ် အပြီးတိုင်ပြုတ်ကျရေးကိုသာ အသက်စွန့်၊ ဘဝစွန့် ဆန့်ကျင်တိုက်ပွဲ ဝင်နေကြတယ်လို့လည်း နိုင်ငံရေး၊ စစ်ရေး လေ့လာသူတွေက သုံးသပ်ပြောဆိုကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။